« »
ဘာသာရေးနှင့် ပွဲလမ်းသဘင်
ကိုးကွယ်ယုံကြည်သည့်ဘာသာ
            ပအိုဝ်းတိုင်းရင်းသား အများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြ၏။ ခရစ်ယာန်ဘာသာဝင်အနည်းငယ်ရှိသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများရော၊  အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားများပါ၊ ဗုဒ္ဓဘာသာကို အများဆုံးယုံကြည်ကိုးကွယ် ကြသည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ဗုဒ္ဓဘာသာသာသနာထွန်းကားရာ သထုံမှရွှေ့ပြောင်းလာခဲ့ကြသည်ဟု ယုံကြည်ကြ သူများပီပီ ဗုဒ္ဓဘာသာကို အလွန်အမင်းယုံကြည်ကြ၏။ ဥပုသ်နေ့များပင်အလုပ်မဆင်းကြချေ။ ဗုဒ္ဓဘာသာဝင် ပအိုဝ်းတိုင်းရင်းသားတို့သည် ရတနာသုံးပါးကိုကြည်ညိုကြသဖြင့် ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုမိမိတို့ချွေး နှီးစာထဲမှ စုဆောင်းထားသောငွေကြေးများနှင့် ရက်ရက်ရောရော ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရား၊ ကျောင်း၊ ဇရပ်လှူဒါန်းထားသော ပုဂ္ဂိုလ်၏ အမည်ရှေ့တွင်လည်း ဘုရားဒကာ၊ ကျောင်းဒကာ၊ ဇရပ်ဒကာ ထည့်၍ခေါ်လေ့ရှိကြသည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် မိရိုးဖလာမပျက်၊ အစဉ်အဆက်ရတနာသုံးပါးကို ကိုးကွယ်သည့် ဗုဒ္ဓဘာသာဝင်လူမျိုးများဖြစ်ကြ၏။ အစဉ်အဆက်မှာ ဗုဒ္ဓဘာသာများဖြစ်၍ ရပ်တိုင်းရွာတိုင်းတွင် ဘုရားစေတီကျောင်းကန်ဇရပ်များကို ကိုးကွယ်ဆောက်လုပ်လှူဒါန်းကြ၏။ ဥပုဒ်သီတင်းတည်ဆောက်ကြ၏။ ရှင်ပြု ရဟန်းပြုသူလည်းများသည်။ သို့သော် မိရိုးဖလာဆရာသမား အပြုအမူ၊ အယူဝါဒ၊ ထုံးစံဓလေ့ အတိုင်း ပြုကျင့်ကြသူသာများ၏။
            ပအိုဝ်းရွာတိုင်းတွင် ရွှေရောင်တ၀င်းဝင်းရှိသောဘုန်းတော်ကြီးကျောင်းများကိုခမ်းနားစွာတွေ့နိုင်သည်။ ဘုရားစေတီပုထိုးများကို လည်း တင့်တယ်သပ္ပယ်စွာ ဖူးမြော်ကြည်ညိုနိုင်၏။ သင်္ကြန်အခါ၊ ၀ါတွင်း ၀ါကျွတ်အခါနှင့်ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အခါများတွင် ဘုရား ကျောင်းကန်များ၌ သီတင်းသီလဆောက်တည်ကြသည်။ သုတ်တရား၊ ၀ိပဿနာတရားနှင့် အဘိဓမ္မာတရားများကို ယုံကြည်လေးစား စွာ နာယူကြသည်။ ၀ါတွင်းသုံးလအတွင်း စာဟောဆရာများကိုပင့်ဖိတ်ကာ၊ စာဟောခြင်း၊ စာဂကျွေးမွေးခြင်းပြုကြသည်။
            ပအိုဝ်းကျေးရွာတိုင်းတွင် ခမ်းနားထည်ဝါလှသော ဘုန်းတော်ကြီးကျောင်းရှိသကဲ့သို့ အိမ်တိုင်း၏အိမ်ဦးခန်းတွင် ဘုရားစင်ကို တင့်တယ်ကြည်ညိုဖွယ်ရာပြင်ဆင်ထားကြလေသည်။ ဘုရားစင်သန့်ရှင်းရေးနှင့် ပြင်ဆင်ရေးကို အမျိုးသမီးများက ပြုလုပ်လေ့ရှိကြသည်။ ဘုရားစင်သန့်ရှင်းပြီး ဘုရားပန်းမညှိုးမှ အိမ်ရှိမိသားစုများ ရွှင်လန်းကျန်းမာမည်၊ လာဘ်ရွှင်မည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဘာသာရေးနှင့်သက်ဆိုင်သော ဘုရားအမှုကိစ္စများကိုကျေပွန်စွာဆောင်ရွက်ကြလေသည်။ ဘုန်းတော်ကြီး ကျောင်းအတွက်လည်း အလှည့်ကျဆွမ်းတာဝန်ယူကြပြီး၊ အိမ်ငါးအိမ်မှ ဆယ်အိမ်အထိစုပေါင်း၍ အိမ်တိုင်းဆွမ်းဟင်းများကို ကျောင်းသို့သွား ပို့ကြသည်။ ဘုန်းတော်ကြီးများရွာတွင်း ဆွမ်းခံထွက်လေ့မရှိပေ။ ခြံထွက်သီးနှံများကိုလည်း ကျောင်းသို့သွား၍ လှူဒါန်းကြသည်။ ဆွမ်းသွား ပို့ရင်း ကျောင်းပေါ်နှင့် ကျောင်းဝင်းအတွင်းသန့်ရှင်းစေရန် လှည်းကျင်းသန့်ရှင်းပေးကြသည်။
            ပအိုဝ်းကျေးရွာတစ်ရွာ သို့မဟုတ် နှစ်ရွာသုံးရွာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ထည်ဝါခန့်ညားစွာဆောက်လုပ်လှူဒါန်း ကြလေသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးကိုလည်း ကြည်ညိုရိုသေလေးစားကြသည်။ ဘုန်းတော်ကြီး သည်ရွာသူ ရွာသားများ၏ သာရေး၊ နာရေးကိစ္စတို့ကိုအမြဲဦးစီးကွပ်ကဲခေါင်းဆောင်၍ ဆောင်ရွက်လုပ်ကိုင်ပေးလေသည်။ ထို့ကြောင့် ဘုန်းတော်ကြီး ကိုရွာသူရွာသားများက အထူးအားကိုးကြည်ညိုကြသည်။ ဘုန်းတော်ကြီးအားလည်း အချိန်အခါရာသီကိုလိုက်၍ လှူဖွယ်ပစ္စည်းများစုံလင်စွာဖြင့် လှူတန်းကြသည်။ လှူရာတွင်လည်းရက်ရောကြသည်။ ရှာဖွေစုဆောင်းရရှိသည်ထက် ပိုမိုလှူတတ်သူများဖြစ်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ဘုန်းတော်ကြီးကျောင်းသည်ဘာသာရေးအတွက်သာမက လူမှုရေးဆိုင်ရာ အများကိစ္စများရှိပါကလည်း ဘုန်းတော်ကြီးကျောင်းတွင်စုဝေးကြလေသည်။ ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများကို နှစ်ထပ်ကျောင်းကြီးများ၊ တိုက်ကျောင်းကြီးများကို ဆောက်လုပ်လှူတန်းကြသည်။ ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင်ရှိသော ပထမတောင်ကျောင်းကြီး၊ တောင်ကြီးမြို့တောင်ဘက်တွင်ရှိ သောနောင်ကားကျောင်း ၊ဟမ်းစူးကျောင်း ၊ပင်လောင်းမြို့နယ်ရှိနောင်တရားတိုက်ကျောင်း စသည့်ကျောင်းကြီးများကို ကြည့်လျှင် ပအိုဝ်းတို့၏ စေတနာ၊ သဒါတရား၊ စုပေါင်းခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှုကိုသိနိုင်ပေသည်။
ရှင်ပြုရဟန်းခံစသောအလှူပွဲကြီးများကိုလည်းကြီးကျယ်ခမ်းနားစွာကျင်းပသည်။ ဒါနကုသိုလ်ပြုခြင်းဖြင့် နိဗာန်သို့ရောက်နိုင်သည်ဟူ သောတရားနှင့် ပင်ကိုယ်က စေတနာ၊ သဒါတရားရှိသူများဖြစ်သည်နှင့်အညီ ပအိုဝ်းတိုင်းရင်းသားတို့သည် အလှူအတန်း၊ အပေးအကမ်း၊ အကျွေးအမွေး ရက်ရောကြသည်။ “ ထို့ကြောင့် တစ်မူးရလို့၊ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ(ပအိုဝ်း) တူနိုင်ရိုးလား ” ဟူ၍စာဖွဲ့ခဲ့ကြခြင်းဖြစ် သည်။
အလံတစ်ရာစေတီ
အလံတစ်ရာစေတီတော်ကြီးသည် သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာအုပ်စုဝင်   သာယာကုန်းကျေးရွာအရှေ့၊ မိုးမခတောင်ခြေ၏ အနောက်ဘက်ကုန်းမြင့်တွင်တည်ရှိသည်။ အလံတစ်ရာစေတီတော်၏ ဘွဲ့တော်အပြည့်အစုံမှာ “ အလံတစ်ရာ မဟာသောဏယ ကမ္ဘာအေး စေတီတော် ” ကြီးဖြစ်၏။  အလံတစ်ရာဘုရားဟု ဘွဲ့မည်ထင်ရှားတွင်ရခြင်းကား၊ အလံတစ်ရာဆရာတော်ဘုရားတွင် ခန္တီဗလဟု ဘွဲ့တော်ရ ခြင်း ရသေ့ငယ်တပါးရှိ၏။ ထိုခန္တီဗလရသေ့ငယ်၏ လက်အလံဖြင့် အလံပေါင်း ၁၀၀ တိတိ ဥာဏ်တော်အမြင့်ရှိသော် စေတီကို (၁၃၁၄) ခုနှစ် က စတင်တည်ထားတော်မူခဲ့သဖြင့် အလံတစ်ရာစေတီဟုခေါ်ကြောင်း မှတ်သားသိရှိရသည်။ (အလံတစ်ရာမှာ၃၇၅ပေနှင့်ညီမျှသည်)။
၁၃၁၆ခုနှစ်တွင် ရွှေစေတီကိုငုံ၍ တည်ဆောက်သော လက်မတစ်ရာစေတီတော်တစ်ဆူကို ထီးတော်တင်ခဲ့ကြောင်းသိရသည်။ (၁၃၁၉) ခုနှစ်တွင်လည်း ထိုလက်မတစ်ရာစေတီကိုငုံ၍ တည်ဆောက်သောပေပေါင်းတစ်ရာစေတီတော်ကို ထီးတော်မတင်ခဲ့ပဲ (၁၃၂၀) ပြည့်နှစ်တွင် ထိုပေပေါင်းတစ်ရာစေတီတော်ကိုငုံလျှက်၊ အတောင်တစ်ရာဥာဏ်တော်အမြင့်ရှိသော စေတီတော်ကို တည်၍ပြီးစီးခဲ့လေသည်။ သို့သော်ထီးတော်မတင်ဖြစ်ခဲ့ဟုဆိုသည်။
(၁၃၂၁) ခုနှစ်တွင်၊ အတောင်တစ်ရာစေတီကိုထပ်မံတည်ဆောက်ပြီး၊ အတောင် ၁၈၀ စေတီကိုထီးတော်တင်ခဲ့သည်။ (၁၃၃၅) ခုနှစ် တွင်အတောင် ၁၈၀ စေတီတော်ကိုငုံပြန်ကာ၊ တည်ဆောက်သောအလံတစ်ရာစေတီတော်ကြီးကို ကဆုန်လပြည့်၊ ဗုဒနေ့တွင် အောင်သာယာ ထီးဖြူတော်တင်ပွဲကြီး ကျင်းပပြီးစီးခဲ့ကြောင်း သိရပေသည်။
အလံတစ်ရာစေတီတော်မြတ်ကြီးကို တည်ဆောက်နေကြသောအချိန်အတွင်းမှာပင် အလံတစ်ရာဘုရားကုန်းတော်၏အနီး၊ ပတ်ဝန်း ကျင်ရှိ ကျေးရွာများတွင် စေတီတော်ပေါင်း (၁၈) ဆူကို တည်ထားကိုးကွယ်ပြီးစီးခဲ့သည်။ သံဃာတော်များသီတင်းသုံးနေထိုင်ရန်အတွက် ကျောင်းပေါင်း (၁၂) ကျောင်းကို ကျောင်းသုံးပရိဘောဂအပြည့်ဖြင့် အရပ်ရပ်ကုသိုလ်ရှင်များက ဆောက်လုပ်လှူတန်းခဲ့သည်။ ယ္ခုအခါ သာသနာပြုအလံတစ်ရာ မဟာနာယကဆရာတော်ဘုရားသည် နောက်ဆုံးဆောက်လုပ်လှူတန်းခဲ့သည့် ကျောင်းတွင် သတင်းသုံးလျှက် ရှိသည်။
(၁၃၁၄) ခုနှစ်မှစ၍၊ ပအိုဝ်းတိုင်းရင်းသား သူတော်စင်များသည် နေ့စဉ်လုပ်အား လှူတန်း၍တည်ဆောက်ခဲ့ကြသည်။ ဘုရားဝေယာဝိစ္စကို ဆောင်ရွက်သူများသည် ကိုယ်ကျင့်တရား (၁၀) ပါးကို ကျင့်သုံးကြသည့် ပအိုဝ်း သူတော်စဉ်များဖြစ်ကြသည်။ ကျေးဇူးတော်ရှင် အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် ပစ္စုပန်သံသရာနှစ်ဖြာသော စီးပွားချမ်းသာရေးအတွက် မဟာကရုဏာတော်ဖြင့် သာသနာပြုလုပ်ငန်း ကိုဦးဆောင်ခဲ့သည်။ ဤသို့ဆောင်ရွက်ရာတွင် အခက်အခဲ အမျိုးမျိုးဖြတ်သန်းကျော်လွားကာ နှစ်ပေါင်း (၂၀) ကျော်တိုင်အောင် ကြိုးပမ်း အားထုတ် ဆောင်ရွက်တော်မူလာခဲ့ရကြောင်း သိရပေသည်။
ဗုဒဘာသာ ပအိုဝ်းတိုင်းရင်းသားတို့သည် ဘုရားတည်ဆောက်မှုတွင် လုပ်အားလှူတန်းခဲ့ကြသည်။ ဘုရားကြီးအတွက် အုတ်သယ် ခြင်း၊ ကျောက်သယ်ခြင်း၊ ကျောက်ထုခြင်းလုပ်ငန်းများကို နေ့စဉ်လုပ်ကိုင်ခဲ့ကြသည်။
အလံတစ်ရာတွင်နေထိုင်ကြသူများသည် သက်သတ်လွတ်ကိုသာစားသုံးကြသည်။ လုပ်အားလှူဒါန်းကြသူများ၏ အလုပ်ချိန်မှာ နံနက် (၆) နာရီမှ ညနေ (၆) နာရီ အထိဖြစ်သည်။ ဆရာတော်ဘုရားသည် လုပ်အားလှူဒါန်းကြသူများအား ဘုရားဘာတော်မှနေ၍ အမျိုးသားများကိုတစ်နေ့ပြား (၂၀) ထောက်ပံ့တော်မူ၏။ အချို့ကလေးမိခင်များမှာ နေ့ဝက်သာလုပ်အားလှူဒါန်းနိုင်သည်။ ၄င်းနေ့ဝက် အတွက် (၁၀) ပြား ထောက်ပံ့တော်မူ၏။ လုပ်အားလှူဒါန်းသည့် ကုသိုလ်ရှင်များကိုလည်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သက်သတ်လွတ် ဆန်ပြုတ် ကျွေမွေးသည်။
အလံတစ်ရာဆရာတော်ဘုရားသည် မိုးမခတောင်ပေါ်မှ တပည့် ဦးပဉ္စင်း၊ သာမဏေအပေါင်းတို့ဖြင့် ဘုရားဝတ်တက်ခြင်း၊ ပရိတ်ရွတ်ဆိုခြင်း၊ မေတ္တာပို့ခြင်းဖြင့် သီတင်းသုံးလျှက်ရှိ၏။ ညနေ (၇) နာရီ (၈) နာရီအချိန်၌ မိုးမခတောင်ပေါ်မှနေ၍ အလံတစ်ရာဒေသသို့ မျှော်မှန်းကြည့်ရှုကြ၏။ ထိုအခါ သပိတ်လုံးပမာဏရှိသော မီးပွင့်မီးလျှံ၊ အင်ဂျင်လျှပ်စစ်မီးလုံးသာန်နှင့် ကွမ်းလုံးသဏ္ဍာမျှလောက်ရှိသော အခြံအရံတို့ အလံတစ်ရာကုန်းတော်ပေါ်၏ ထက်ဝန်းကျင်၌ မြင်ရသူတို့အံ့သြမကုန်နိုင်လောက်အောင် ကွန့်မြူးနေသည်ကိုတွေ့ကြရ၏။ အလံတစ်ရာကုန်းတော်ပေါ်သို့လည်း ကျတစ်ခါ၊ တက်တစ်လှည့်ဖြင့်တွေ့ရ၏။ ဆရာတော်တို့က သိုက်သော်လည်းကောင်း၊ မိစ္ဆာနတ်သော် လည်းကောင်း ပျော်မြူး နေသည်ဟုထင်မှတ်ကြသည်။
ထို့နောက် မကြာခင်သစ်ပင်ခြုံနွယ်အတိပြီးသော အလံတစ်ရာကုန်းတော်ပေါ်မှနေ၍ ဆလိုက်မီးရောင်ထိုးတက်သကဲ့သို့ ဖြူဝင်းသော အရောင်ကိုမြင်ရခြင်း၊ နောင်ကုလားတောင်ပေါ်ရှိ ဆုတောင်းပြည့်ဘုရားနှင့် အလံတစ်ရာကုန်းတော်ထက်သို့ ခေါက်တုံ့ခေါက်ပြန် လူးလဲပျံသန်းသွားလာနေသော ဓာတ်မီးလုံးပမာဏ အဖြူ၊ အနီ၊ အဝါ၊ အစိမ်းစသောအရောင်တို့ကို တွေ့မြင်ရခြင်း၊ ဆွမ်းခံရာတွင်လည်း ထူးဆန်းသောအရောင် အမျိုးမျိုးတို့ကိုအလံတစ်ရာ ကုန်းတောင်ပေါ်၌ တွေ့မြင်ရခြင်း စသည်တို့ကြောင့် ဆရာတော်သည် အလံတစ်ရာကုန်း တောင်ပေါ်သို့ သွားရောက်ကြည့်လိုသော ဆန္ဒပြင်းပြနေ၏။ ဆန္ဒအတိုင်းကြွသွားတော်၍ ကြည့်ရှုလေ၏။
အလံတစ်ရာကုန်းတော်ပေါ်သို့ရောက်သောအခါ ရှေ့၊ နောက်၊ တောင်၊ မြောက် မျှော်ကြည့်ရာ သာယာလှသည်ကိုတွေ့ရလေသည်။ ထို့ပြင်ဘုရားရှင်၏ ဓာတ်တော်သည် ကမ္ဘာတည် အောင်ကိန်းဝပ်လိုသည့်ဆန္ဒကို သိုက်မိစ္ဆာနတ်တို့ပျော်ပါးသည်ဟု ဆရာတော်ထင်ခဲ့သည်။ ဤသို့ထင်ခဲ့မိသည်မှာ မှားလေစွဟုလည်းနောင်တရတော်မူ၏။ ဆရာတော်သည် ညီအစ်ကိုနှစ်ယောက်တို့၏ မညီညွတ်မှုကြောင့် မိုးမခ တောင်ပေါ်၌ ဆက်၍သီတင်းသုံးရန်ခက်နေ၏။ ဆရာတော်သည် ဘုရားပွင့်ရာ အနောက်မိဇ္ဈိမဒေသသို့ သီဟိုဠ်စွယ်တော်ကျောင်းတော်ရာ ၊ ဗောဓိပင်စသောဘုရားရှင်တို့၏ အသုံးအဆောင်နှင့်တကွ တန်းခိုးကြီးဘုရားပါသွားရောက်ဖူးမျှော် ကန်တော့မည်ဟု နှလုံးပြုပြီး ကြွရောက် သွားခဲ့သည်။ အနောက်မိဇ္ဈိမဒေသမကြွမီ ရန်ကုန်မြို့တော်တွင် တစ်လတိုင်တိုင်သီတင်းသုံးပြီးမှ ကြွရောက်မည်ဟု အားထုတ်တော်မူခဲ့သည်။
သို့ဖြစ်၍ ရန်ကုန်မြို့၌ သီတင်းသုံးနေစဉ် မိုးမခတောင်ပေါ်ရှိကမ္မဌာန်းကျောင်းတွင် သီတင်းသုံးစဉ်ကတွေ့ခဲ့ဖူးသော ဘုရားရှင်၏ ဓာတ်တော်သည် ၄င်းကုန်းတော်ပေါ်မှာ ကိန်းဝပ်လိုသည်ဟူသော “ သံယောဇဉ်ကြိုးသည် ဆရာတော်၏နှလုံးကို ချည်နှောင်ရစ်ပတ်နေ၏။ မိဇ္ဈိမဒေသသို့ မကြွဖြစ်တော့ပဲ နောင်ကုလားအလယ်ရွာ သုာန်ကျောင်းတွင်ပြန်၍ သီတင်းသုံးနေတော်မူ၏။ ဆရာတော်သည်သုာန် ကမ္မဌာန်းကျောင်း၌ သီတင်းသုံးနေစဉ် နောင်ကုလားရွာကြီးသုာန်ကျောင်း၊ သာယာကုန်း၊ မိုးမခစသော ရွာတို့တွင်ပြိုပျက် ချို့ယွင်း နေသောစေတီတော်များကိုပြုပြင်ခဲ့သည်။
ဆရာတော်သည်ညီညွတ်မှုမရှိခဲ့သော မိမိတို့ညီအစ်ကိုနှစ်ပါးတို့သည်   စေတီတော်များကိုပြုပြင်တည်ဖို့ အောင်မြင်ပြီးစီးပါမည်လော ဟူသည့် ဆန္ဒဖြင့်လည်းကောင်း ကုန်းတော်၌သုံးညတိုင်တိုင်အဓိဌာန်ဝင်ခဲ့သည်။ အနည်းငယ်အိပ်မောကျပြီးသောအခါ လက်သီးလက်ရုံး တန်းပြီး “ အောင်ပြီအောင်ပြီ ” ဟူ၍ သုံးကြိမ်တိုင်တိုင်အော်ဟစ်ကြိမ်းဝါးကာလန့်နိုးခဲ့၏။ မိမိအိပ်မက်သည် ထူးသည်ဟုယူဆ၏။ ထို့အပြင် ကုန်းတော်ပေါ်၌ အလံတစ်ရာမြင့်သောစေတီကိုတည်လိုသော ဆန္ဒအမြဲဖြစ်ပေါ်နေသည်။
လူယောဂီများအတွက်လည်း စေတီတော်ဘာငွေမှပင် တစ်နေ့လျှင် ပြားနှစ်ဆယ် ထောက်ပံ့၏။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဆန်ပြုတ်တိုက်ကြွေး၏။ စားရေးအတွက် အသင့်အတင့်လုံလောက်သည်ဟု ဆိုနိုင်သော်လည်း ဝတ်ရေး၊ နေရေး မပြည့်စုံသဖြင့် တစ်နှစ်လျှင် မိုးရာသီစပါးစိုက်ချိန်တွင် ရက်ပေါင်း (၄၀) နွေရာသီစပါးရိတ်ချိန်တွင် ရက်ပေါင်း (၄၀) စုစုပေါင်းရက် (၈၀) ကိုငွေကြေးစီးပွားဥစ္စာ ရှာဖွေ ရန်ခွင့်ပြုထားသည်။ ဘုရားကြီးပတ်ဝန်းကျင်ရှိ ရွာများတွင် လာရောက်နေထိုင်ကြသူများသည် အများအားဖြင့် ဇာတိမြေဆွေမျိုးသားချင်းများ ထောက်ပံ့မှုကြောင့်သာ လုပ်အားပေးနိုင်ကြသူများ ဖြစ်ကြောင်းသိရသည်။
ကလေးငယ်တိုင်း စာသင်ရေးအတွက် ဘုန်းတော်ကြီးမူလတန်းကျောင်းကိုဖွင့်လှစ် ပေးထားသည်။ ကျန်းမာရေးအနေဖြင့် သံဃာတော်များအတွက် သံဃာ့ဆေးရုံတစ်ရုံနှင့် လူယောဂီများအတွက် ဆေးပေးခန်းတစ်ခုကို စေတနာ့ဝန်ထမ်း တိုင်းရင်းဆေးဆရာဝန်ကြီး များက ဦးဆောင်ဖွင့်လှစ်ကုသပေးနေပါသည်။
ထူးခြားသည်မှာ အမျိုးသားတိုင်းခေါင်းတုံးဦးပြည်းထားရ၏။ အမျိုးသမီးတိုင်းသည် ဆံထုံးကိုမြင့်မြင့်ထုံးကြရသည်။ အလုပ်လုပ်ရာ တွင် အညစ်အကြေး အစွမ်းအပေခံနိုင်ရန် အမျိုးသားရော၊ အမျိုးသမီးပါ အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ကြရသည်။ နေ့ကြီးအခါကြီး နှင့်ဘာသာရေးဆိုင်ရာပွဲလမ်းသဘင်များတွင် မှုအမျိုးသားများသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ကြရသည်။
အလံတစ်ရာသို့ရောက်ဖူးပါက နေ့စဉ်နေပူထဲတွင်အလုပ်လုပ်နေကြသော ပအိုဝ်း အမျိုးသမီးများသည် နေ့စဉ်နေပူထဲတွင် အလုပ် လုပ်နေရသော်လည်း သူတို့အသားအရေမှာ ချောမောလှပနေ၏။ ချစ်စရာပါးအို့ကလေးများမှာလဲ မပြုမပြင်ဘဲနှင့်ပန်းသွေးရောင်ကြွနေပေ သည်။ သူတို့လေးတွေ၏ စေတနာနှင့်ကုသိုလ်မှာ ချီးကျူးသာဓုခေါ်စရာပင်ဖြစ်သည်။
အလံတစ်ရာစေတီတော်မြတ်ကြီး တည်ဆောက်ရာတွင် ဝေယာဝိစ္စလုပ်ငန်းအဝဝမှန်သမျှ အခကြေးငွေငှားရမ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းဟူ၍မရှိပေ။ လုပ်အားလှူဒါန်းသူစေတနာရှင်များသည် လုပ်ငန်းကျွမ်းကျင်သူ ဝါသနာတူသူ စုဝေး၍ လုပ်ငန်းအဖွဲ့ငယ်များကို စနစ် တကျဖွဲ့စည်းကာ တက်ညီလက်ညီတာဝန်ခွဲဝေ လုပ်ကိုင်ကြသည်။ ဖွဲ့စည်းထားသောအဖွဲ့ငယ်များမှာ ပန်းရံအဖွဲ့၊ ပန်းပဲအဖွဲ့၊ ပန်းထိမ်အဖွဲ့၊ လက်သမားအဖွဲ့၊ စက်မှုလက်မှုသယ်ယူပို့ဆောင်ရေးအဖွဲ့၊ အကျွေးအမွေးနှင့်ချက်ပြုတ်ရေးဖွဲ့၊ အလှူခံဥပသကာအဖွဲ့၊ စေတီတော် တည်ဆောက်ရေးလုပ်ငန်းအတွက် အထွေထွေအလုပ်သမားအဖွဲ့စသည်တို့ဖြစ်သည်။
အလံတစ်ရာစေတီတော်ကြီးသည် ထုထည်ပမာဏအားဖြင့်ကြီးမား၏။ ပတ်ဝန်းကျင်ကျေးရွာများနှင့် တောင်ပေါ်ပအိုဝ်းတိုင်းရင်းသား တို့ စေတနာသဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော ငွေကြေးဘာ ပစ္စည်းကိရိယာဖြင့် စည်းလုံးညီညွတ်စွာ ကြိုးကြိုးစားစားတည် ဆောက်ခဲ့ရသည်။ ဆရာတော်ဘုရားကလည်း ထမင်းတစ်စေ့၊ အုတ်တစ်ပိုင်း၊ သစ်သားတစ်စ အလေအလွင့် မဖြစ်ရအောင် ခြိုးခြံချွေတာကြ ရန် အမြဲပင်သတိပေးညွန်ကြားတော်မူလေ့ရှိသည်။
အလံတစ်ရာစေတီတော်ကြီးပတ်ဝန်းကျင်တွင် ရပ်ကွက် (၇) ရပ်ကွက်နှင့်အိမ်ခြေ (၇၂၀) ရှိသည်။ ရပ်ကွက် (၇) ရပ်ကွက်မှာ ဗုဒသစ္စာရပ်ကွက်၊ ဘောဂရပ်ကွက်၊ ဖိုးသကြားရပ်ကွက်၊ ဘိုးဘိုးအောင်ရပ်ကွက်၊ ဝိဇာရပ်ကွက်၊ နာဂဝိဇာရပ်ကွက်တို့ဖြစ်ကြသည်။ ဤရပ်ကွက် များရှိ အိမ်များစုစုပေါင်းမှာ (၇၂၀) ကျော်ရှိကြောင်းသိရသည်။ လာရောက်နေထိုင်ကြသူများမှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသဖြင့် လုပ်အား လှူဒါန်းရန်အဓိဌာန်ပြုပြီး လာရောက်နေထိုင်သူများဖြစ်သည်။ တစ်သက်တာလုံးနေထိုင်ရန် အဓိဌာန်ပြုသူများလည်းရှိသည်။
ယခင်က တောချုံသစ်ပင်ထူထပ်ပြီး၊ သားကောင်များကျင့်စားရာဒေသဖြစ်ခဲ့သည့် အလံတစ်ရာကုန်းမြေပေါ်၌ ယခုအချိန်တွင် ကျောင်းကန်ဘုရား၊ လူနေအိမ်ခြေများဖြင့် စည်ကားနေသည်။ စားပင်၊ သီးပင်၊ ဥယျာဉ်ပန်းမန်များဖြင့် စိမ်းလန်းရှင်သန်နေ၏။ စိုပြေနေ၏။ အေးချမ်းသာယာနေ၏။
အလံတစ်ရာစေတီတော်ကြီးအား၊ ရသေ့ (၈၅)၊ ရသေ့မ (၃၈၈ပါး၊ စုစုပေါင်းရသေ့ ၄၇၃) ပါးတို့သည် စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် အချိန်ပြည့်လုပ်အားပေး သီတင်းသုံးနေထိုင်လျှက် ရှိကြသည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား တို့သည်လည်း၊ အလံတစ်ရာစေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြသည်။ အလံတစ်ရာစေတီတော်ကြီးသို့ အဝင်ဝဲယာတစ်ဘက် တစ်ချက်တွင်ကံ့ကော်ပင်များကို တန်းစီစိုက်ပျိုးထားသည်။ ထုံးသင်္ကန်းဖြူဖြူဖွေးဖွေးနှင့် အလံတစ်ရာစေတီတော်ကြီး ကိုကြည်ညိုသပါယ်စွာ ဖူးမြော်နိုင်ပါသည်။
ပထမ တောင်ကျောင်းကြီး
ပထမတောင်ကျောင်းကြီးသည် သက္ကရာဇ် (၁၁၁၀) ခုနှစ်ကပင်ရှိနေပြီဖြစ်သည်။ သို့သော်ထိုအချိန်က ကျောင်းငယ်လေးမျှသာဖြစ်သည်။ တောင်ကြီးမြို့တစ်ကြောတွင် တောင်ကျောင်းကြီးတစ်ကျောင်းသာရှိသည်။ ယခုကျောင်းထိုင်ဆရာတော်မှာ အဂ္ဂမဟာပိတ ဘဒ္ဒန္တဦးနရိန္ဒ ဖြစ်သည်။ ဤဆရာတော်အထိ ပထမကျောင်းတော်ကြီးတွင် ဆရာတော်ရှစ်ပါးကျောင်းထိုင်ခဲ့သည်။ ဆရာတော်ဦးနရိန္ဒသည် (၁၃၀၃) ခုနှစ် တွင် ဒကာများပင့်လျှောက်၍ သထုံမှကြွလာခဲ့သည်။ သို့သော် ဂျပန်ဝင်လာသဖြင့် ဆရာတော်သီတင်းသုံးရာ သထုံရှိဓမ္မကာရီကျောင်းသို့ ပြန်ကြွသွား၏။ (၁၃၀၇) ခုနှစ်တွင် ဒကာများကသွားရောက်ပင့်လျှောက်ပြန်ရာ ဆရာတော်သည် စာချပုဂ္ဂိုလ်များဖြစ်သည့် ဦးတိလောက၊ ဦးဓမ္မသာမိတို့ကို ခေါ်လာခဲ့သည်။ ထိုမှစ၍ဘာသာရေးကျောင်း၏ အောင်မြင်ရေးတိုးတက်လာခဲ့သည်။
(၁၃၀၈) ခုနှစ် နတ်တော်လဆန်း (၃) ရက်နေ့တွင် ဂျပန်ဝင်လာစဉ်က ပျက်စီးသွားခဲ့သော ကျောင်းကိုပြန်လည်ဆောက်လုပ်ဖို့ အတွက် တောင်ကြီးမြို့ရှိ မွန်ခြိန် ဆရာတော်ကျောင်းတွင် နှီးနှောတိုင်ပင်ခဲ့ကြသည်။ နောင်ကား ကျောင်းဆရာတော်ဦိးတ၊ ထမ်းကျောင်း ဆရာတော်ဦးဥာဏ၊ ဝင်းယကျောင်းဦးပဉ္စင်း ဦးကုမ္မာတို့သည် အချင်းချင်းတိုင်ပင်ညှိနှိုင်းကြ၏။ ထို့နောက် ဆရာတော်ဦးနရိန္ဒထံ ကျောင်းကြီး ဆောက်လုပ်လိုသည့်အကြောင်းကို လျှောက်ထား၍ ဆန္ဒယူတော်မူခဲ့ကြသည်။ ဆရာတော်တို့၏ဆန္ဒမှာ တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်း သားကျောင်း တည်ဆောက်လိုခြင်း ပရိယတ္တိ ပဋိပတ္တိသာသနာ ထွန်းကားစေလိုခြင်းတို့ဖြစ်သည်။ ထို့နောက်မှတစ်ဆင့် ဝိပာနာပြန့်ပွား အောင်ဆောင်ရွက်ကြရန်ပင်ဖြစ်သည်။ နောင်ကား ကျောင်းဆရာတော်၊ ထမ်းဘုရားဆရာတော်၊ ဝင်းယကျောင်းဆရာတော် သုံးပါးတို့သည် ဦးဘိုးခင်၊ ဆရာဝဏ္ဏ၊ ဦးထွက်စုံ စသည့်ဒကာများကို တိုင်ပင်ကြ၏။ ဆရာတော်တို့က ဤဆရာတော်တို့အား ပအိုဝ်းအမျိုးသားသံဃာဗဟိုဌာန စာသင်တိုက်ကို တောင်ကြီးမြို့တွင်တည်ထောင်လိုသည်။ ကျောင်းမှာလဲဂျပန်တို့ဖျက်ဆီးသွား၍ ပျက်စီးသွားပြီး ကျောင်းအသစ်ဆောက်လုပ် လိုသည်ဟုမိန့်ကြားလေသည်။ ဦးဘိုးခင်တို့ကလည်း သဘောတူညီခဲ့သည်။ ဦးဘိုးခင်သည် သွတ်ကိုတာဝန်ယူလှူတန်းလေသည်။ သထုံနယ် စားခွန်ကြည်က သစ်အတွက်တာဝန်ယူမည်ဟုလျှောက်၏။ သို့သော်သစ်လှူရန်အဆင်မပြေခဲ့သဖြင့် ငွေကျပ်တစ်သောင်းကို လှူတန်းခဲ့သည်။
နောင်ကား ကျောင်းဆရာတော်ဘုရား၏ စိတ်ဝယ်ပထမတောင်ကျောင်းကြီးဆောက်ရေးကိစ္စသည် သံမှိုနှက်သလိုစွဲနေသည်။ ထို့ကြောင့် ကျောင်းကြီးမြန်မြန်ဖြစ်မြောက်ရေးအတွက် အမျိုးမျိုးစဉ်းစားသည်။ နယ်မှ ပအိုဝ်းသံဃာတော်များကို ပင့်ဖိတ်၍တိုင်ပင်ရသော် ကောင်းလေမည်ဟုအကြံဖြစ်၏။ မိမိအကြံအတိုင်းနယ်မှသံဃာတော်များကိုပင့်ဖိတ်ခဲ့၏။
(၁၃၀၈) ခုနှစ်၊ နတ်တော်လပြည့်နေ့(၈) နာရီအချိန်တွင် မွန်ခြိန်ကျောင်း၌ သံဃာတော်အပါး (၁၀၀) တို့သည် အစည်းအဝေးကျင်းပ ကြသည်။ ဥက္ကဌအဖြစ် အောင်စမ်းဆရာတော်ကဆောင်ရွက်သည်။ အကျိုးတော်ဆောင်မှာ နောင်ကားကျောင်းဆရာတော်ဖြစ်သည်။ (၁၆) နယ်မှ ဆရာတော်ကြီးများကို ပထမကျောင်းကြီးဖြစ်မြောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးတော်မူကြရန် အသီးသီးတာဝန်ပေးအပ် လိုက်သည်။
ဒကာများအဖွဲ့တွင် သထုံနယ်စားခွန်ကြည်က နာယကအဖြစ်ဆောင်ရွက်သောအဖွဲ့ဝင် (၁၈)ဦး ပါဝင်သည့်ကျောင်းကို အင်္ဂေတေ ဖြင့်ဆောက်ရန်၊ သစ်ဖြင့်ဆောက်ရန်စသည်ဖြင့် ဆန္ဒနှစ်ခုရှိကြသည်။ နောက်ဆုံးတွင်အင်္ဂေတေဖြင့် ဆောက်ရန်သဘောတူခဲ့ကြသည်။ ဦးဘိုးခင်က ပုံနှိပ်စက်ရှိသဖြင့် ဖြတ်ပိုင်းဖြင့် ငွေကောက်ခံခြင်းအတွက် ဖြတ်ပိုင်းကိုရိုက်ရန်တာဝန်ယူ၏။ ငွေကောက်ခံရရှိသည့် အခါမှသာ ဖြတ်ပိုင်းအတွက်ကုန်ကျငွေကို ရှင်းပေးရန်ဖြစ်သည်။ ကောက်ခံရရှိသည့်ငွေကို ဦးဖိုးခင်ထံအပ်နှံကြရန်သဘောတူညီကြသည်။
(၁၃၀၈) ခုနှစ် ပြာသိုလပြည့်နေ့တွင် သံဃာတော်အပါးနှစ်ရာနှင့် နာယကအဖွဲ့ဝင်ဒကာများသည် ကျောင်းပုံစံဆွဲရန်စည်းဝေး ဆုံးဖြတ်ကြသည်။ အများ၏ဆန္ဒဖြင့် တောင်နှင့်မြောက်အလျား (၁၂၀) အရှေ့နှင့်အနောက် (၁၀၀)၊ အမြင့် (၃၇.၆)၊ အနက် (၉) ဖြင့် ကျောင်းပုံစံအကြမ်းရေးဆွဲကြသည်။ ကျောင်းမှာနှစ်ထပ်ကျောင်းဖြစ်၏။ ကျောင်းကြီးကိုဆောက်ခဲ့ရာ၌အခက်အခဲတွေ့ရ၏။ ကျောင်းမှာတော်တော်နှင့် မပြီးနိုင်သဖြင့် လုအများက “ တိုင်ထူမပြီး တောင်ကျောင်းကြီး ” ဟုလည်းကောင်း ပြောစမှတ်ပြုခဲ့ကြသည်။ “ကြိုးစားကဘုရားဖြစ်နိုင်သည်” ဟူသောစကားအတိုင်း တစ်စစကြိုးစားခဲ့ရာ ယခုအခါ ကျောင်းကြီးအောင်မြင်ပြီးစီးသွားခဲ့သည်။ နောင်ကား ဆရာတော် (၁၃၁၇) ခုနှစ်၊ ကဆုန်လဆန်း (ဂ) ရက်နေ့ မှစ၍ လုံးပမ်းခဲ့ရာ (၁၃၂၂) ခုနှစ် အထိ ငါးနှစ်ကြာမှအောင်မြင်ပြီးစီးသွားလေသည်။
(၁၃၂၁) ခုနှစ်တွင် သံဃာအပါး (၅၀) သည် ကျောင်းရေစက်ချပွဲအတွက် စည်းဝေးဆုံးဖြတ်ကြသည်။ ပအိုဝ်းအိမ်တိုင်း ငွေနှစ်ကျပ် အထက်ကောက်ခံကြသည်။ ပထမတောင်ကျောင်းကြီးကို တည်ဆောက်ခဲ့ရာတွင် စုစုပေါင်းငွေ (၃၁၁၉၈၃)ကျပ် (၆၅) ပြား ကုန်ကျခဲ့သည်။ သစ်ဖိုး၊ ဝါးဖိုးအားလုံး ထည့်တွက်ပါက ငါးသိန်းကျော်မျှကုန်ကျလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ လုံ့လဝီရိယ ဘာသာရေး စိတ်ထက် သန်ပုံ စည်းလုံးညီညွတ်ပုံ ဇွဲရှိပုံကို အကဲခတ်လေ့လာနိုင်ပေသည်။ ကျောင်းတက်ပွဲကို (၁၃၂၂)ခုနှစ်၊ တန်ခူးလဆုတ် (၁၀)ရက်၊ (၁၁)ရက်၊ (၁၂)ရက်များတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
ပထမတောင်ကျောင်းကြီးသည် ပအိုဝ်းတိုင်းရင်းသားတို့စေတနာကိုဖေါ်ပြနေပါသည်။ “ တစ်မူးရလို့၊ တစ်ပဲလှူဒို့ရှမ်းတောင်သူ (ပအိုဝ်း)တူနိုင်ရိုးလား ” ဟူသော စကားကိုထောက်ခံနေပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ဘာသာရေး စိတ်ထက်သန်ပုံကိုထင်ရှားစေ သည်။ ပထမတောင်ကျောင်ကြီးသည်ကား တောင်ကြီးမြို့၏ ကျက်သရေဆောင် ပအိုဝ်းတို့၏ကျက်သရေဆောင် ဘာသာရေးအဆောက် အအုံကြီးပေတည်း။
စုန်းကဝေနှင့် အစွဲအလန်း
ပအိုဝ်းတိုင်းရင်းသားတွင် နတ်ကိုးကွယ်သူများမရှိကြပေ။ သို့သော် သာသနာစောင့်နတ်နှင့် ရွာစောင့်နတ် သမ္မာဒေဝနတ် စသည့် နတ်များကို ရိုသေသမှုပြုသည့် အနေဖြင့် ပန်း၊ ဆီမွှေးနံ့သာတို့ဖြင့် ပူဇော်ပသကြသည်။ ဤနတ်များသည် တစ်ဦးတစ်ယောက်တည်းနှင့် သက်ဆိုင်ခြင်းမဟုတ်ဘဲ၊ ရွာနှင့်ပတ်သက်သည့် အများနှင့်သက်ဆိုင်သော နတ်များသာဖြစ်သည်။ သာသနာစောင့်နတ်နှင့် ရွာစောင့်နတ်တို့ အတွက် နတ်ကွန်းများကို ရွာအပြင်ဘက်ရှိ အကြီးဆုံးသစ်ပင်အောက်တွင် ရေအိုးစင်အရွယ်ပမာဏခန့်ဆောက်လုပ်ထားကြသည်။
သာသနာစောင့်နတ်ကို လပြည့်လကွယ်နေ့တိုင်း ဆွမ်းတော်တင်လေ့ရှိသည်။ ရွာစောင့်နတ်ကို မိုးဦးကျအချိန်တွင် ထမင်း၊ ဟင်း၊ ခေါင်ရည်များဖြင့်ပူဇော်ပသကြသည်။ နတ်ကန္နားပွဲကြီးများနှင့် မပူဇော်ကြချေ။
စုန်း၊ ကဝေ၊ တစ္ဆေ၊ မှော် စသောအောက်လမ်းပညာများကို မယုံကြည်ကြ၊ တတ်လည်းမတတ်ကြပေ။ ရှေးယခင်က လူကြီးပိုင်းများ တွင် ပုံပြင်အဖြစ်ပြောသဖြင့် နားထောင်ဖူးကြရုံသာရှိသည်။ အင်းအိုင်လက်ဖွဲ့များကို ကလေးများ၏လည်ပင်း၊ လက်ကောက်ဝတ်တို့တွင် ဆွဲထားလေ့ရှိသည်။ ဤသို့ဆွဲထားရခြင်းမှာ ကလေးအတွက်လိပ်ပြာထိန်းရန်၊ စုန်းကာရန်၊ နတ်ကာရန် သို့မဟုတ် ချူချာသဖြင့် ခမည်းပေး ထားသည့် အနေဖြင့်ဆွဲခြင်းဖြစ်သည်။ လူကြီးများတွင်အချို့ ကဘုရားအင်း၊ သူရတီအင်း၊ လက်ဖွဲ့စသည်များကိုလည်းကောင်း၊ အခြား ပီယဆေး၊ အဆောင်၊ အကာအကွယ်စသော အင်းအိုင်လက်ဖွဲ့များကိုလည်း အနည်းငယ်ဆွဲလေ့ရှိသည်။ အချို့ကပီယဆေးအဆောင်၊ အကာ အကွယ်ဆေးများကို ကိုယ်ခနာအထက်ပိုင်းကျော၊ လက်မောင်း၊ ရင်တို့တွင်ထိုးနှံထိုးထားကြသည်။
ဗေဒင်
ပအိုင်းတိုင်းရင်းသားများသည် ဗေဒင်မေးလေ့မေးထရှိသည်။ ပစ္စည်းဥစ္စာပျောက်ခြင်း၊ ကျွဲ၊ နွားပျောက်ဆုံးခြင်း၊ မြေယာနှင့်ပတ်သက် သောအငြင်းပွားမှုများအတွက် ကြက်ရိုးဗေဒင်ကိုမေးကြသည်။ ပစ္စည်း၊ ဥစ္စာ၊ ကျွဲ၊ နွားများပျောက်ဆုံးပါက ရွာသူကြီး (ဝါ) ရပ်ရွာကကြည်ညှိ လေးစားသောပုဂ္ဂိုလ်တစ်ဦးဦး ကိုသက်သေအဖြစ်ထားလျှက် ပစ္စည်းပျောက်သည့်နေရာတွင်ထိုးရာသည်။ လူကြီးများသည် ကြက်ရိုးဗေဒင်ကို ကြည့်၍ ပြာနာကိုအဆုံးအဖြတ်ပေးကြသည်။ ထို့ပြင်ရာသီဥတုကောင်းမကောင်း၊ သီးနှံထွက်မထွက်၊ ရပ်ရွာအေးချမ်းမှုရှိမရှိစသည် တို့ကို ကြိုတင်ခန့်မှန်းရန်အတွက်လည်း ကြက်ရိုးဗေဒင်ကိုမေးကြသည်။
ကြက်ရိုးဗေဒင်အပြင်၊ တုတ်ချောင်းဗေဒင်ကိုလည်းသုံးကြသည်။ ဤဗေဒင်ကိုပအိုဝ်းတိုင်းရင်းသားများက “ ထွားဗန် ” ဟုခေါ်သည်။ ဥစ္စာ၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများပျောက်ဆုံးခြင်း၊ လူပျောက်ခြင်း၊ စီးပွားရှာထွက်ခြင်းအတွက် “ ဗန် ” ခေါ်ဗေဒင်ကိုကြည့်တတ်ကြ၏။
ဤဗေဒင်ငယ်မှာ ဝါးချောင်းငယ်များကိုသုံးကြသည်။ သုံးသောဝါးမှာလည်း တောကြွက်များကိုက်ဖြတ်ထားသော ကြွက်ဝါး၊ ဘုန်းကြီး ပျံများတွင်ဘုန်းတော်ကြီးကို မီးဖြင့်သင်္ဂြိုလ်နေစဉ် ဘုန်းတော်ကြီးအလောင်းကို ထိုးထားသောဝါးနှင့် မိုးကြိုးပစ်ခံရသောဝါးကိုသာ အသုံးပြု သည်။ ဤဝါးချိုးအပြင်ဖြူးကောင်၏ အမွေးများ၊ မြက်ပင်များကိုလည်းသုံးနိုင်သည်။ “ ဗန် ” ခေါ်တုတ်ချောင်းဗေဒင်ကို ကြည့်ရန်အတွက် တုတ်ချောင်း (၁၂) ချောင်းကိုအသုံးပြုသည်။
အချို့က “ ဗန်သုံဆီ ” (တုတ်ချောင်းသုံးဆယ်) ဟုခေါ်ကြသည်။ တုတ်ချောင်းသုံးဆယ်ကို တစ်စည်းတည်းစုဆောင်းပြီး၊ မိမိပြုလို သည့်အမှုကိစ္စကိုတိုင်တည်သည်။ ထိုနောက်သုံးစွဲကာ သုံးခါကြည့်လျှင်အဖြေထွက်လေသည်။ ထိုအခါကြည့်ပေးသူ၏ ဗေဒင်အရဟောသည်။
ဖားဗေဒင်ဟုခေါ်သည့် ဗေဒင်တစ်မျိုးလည်းရှိသေးသည်။ ထိုဗေဒင်မှာ ဗေဒင်ဆရာသည် ဗေဒင်ကြည့်လိုသူအား နှစ်တောင်ခန့်ရှိ သော နှီးဖြင့်ဗေဒင်ကြည့်လိုသူလက်ချောင်းငါးချောင်းဖြင့် လက်ဆစ်တစ်ဆစ်စီကိုတိုင်း၏။ ထိုနောက်လက်ခလယ်မှနေ၍ တစ်တောင်ဆစ် အထိတိုင်း၏။ ထို့နောက်ဗေဒင်ဆရာကဟောသည်။
ဗေဒင်ကိုကြည့်ပြီးသောအခါ ဗေဒင်ဆရာ၏ဟောပြောချက်အရ “ ယာရီ ” ခေါ်မိမိအိမ်မှနေ၍ သူများအိမ်သို့ပြောင်းရွေ့ အိပ်စက်ခြင်း၊ ညံ့နေသည်ဟု ဟောထားပါကယတြာချေခြင်း၊ ဆီမီးထွန်းညှိခြင်း၊ ညောင်ထောက်ခြင်းများ၊ တံတားခင်းခြင်းများပြုလုပ်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗေဒင်ကိုကြည်လေ့ရှိကြသော်လည်း ပစ္စည်းဥစ္စာပျောက်ခြင်း၊ ကျန်းမာရေးမကောင်း၍ ချူချာသော အခါများတွင် အကြောင်းစုံကိုသိရန်အလို့ငှာ ကြည့်ကြသည်။ ထို့ပြင်အိမ်ဆောက်ခြင်း၊ မြေနေရာရွေးခြင်း၊ ခရီးသွားခြင်း၊ အလှူဒါနပြုခြင်း၊ မင်္ဂလာဆောင်ခြင်းအခါမျိုးတွင် လည်းကြည့်လေ့ရှိကြသည်။
ထွားဗန်
ပအိုဝ်းတိုင်းရင်းသားတို့တွင် ဗေဒင်ယုံကြည်မှုရှိကြသည်။ နာမကျန်းဖြစ်ခြင်း၊ စီးပွားအလုပ်အကိုင်ကျဆင်းခြင်းစသည့် အခါမျိုးတွင် မိမိတို့ရိုးရာဗေဒင်ဆရာများကိုခေါ်၍ “ ဘင်မေ ” ခေါ်မီးထွန်းညှိ၍ယတြာချေကြသည်။ “ ဗန် ၃၃ ” “ ဗန်ကုလာ ” “ ဗန်လမိုင် ” စသည်ဖြင့် ရိုးရာဗေဒင်များရှိကြသည်။ ရိုးရာဗေဒင်များအနက် “ ဗန်-၃၃ ” မှာထင်ရှားပြီး လူသုံးများသည်။ ရွာတိုင်းလိုလိုကျင့်သုံးမှုရှိကြသည်ကိုတွေ့ ရသည်။ ကျွ၊ဲ နွားပျောက်ဆုံးခြင်း၊ ရွှေ၊ ငွေ၊ ဥစ္စာပျောက်ဆုံးခြင်း၊ အရောင်းအဝယ်၊ ကျန်းမာရေး၊ အမဲလိုက်ခြင်းစသည်တို့ကိုဟောနိုင်လေသည်။ သူခိုး၊ ဓါးမြများလည်း ကြည့်သဖြင့် အချို့က “ သူခိုးဗန် ” ဟုခေါ်ကြသည်။ “ ဗန် ” ဟော၍မှန် သူသည် စီးပွားမဖြစ်ပဲလာဘ်ပိတ်သည်ဟုအယူရှိကြသည်။ “ ဗန် ” ဟောသည်ကိုပင် ပအိုဝ်းတိုင်းရင်းသားတို့က “ ထွားဗန် ” ဟုခေါ်ကြသည်။
“ ဗန်-၃၃ ” ခြင်္သေ့ကြည့်သောနည်းဟုဆို၏။ ခြင်္သေ့၊ ကျား၊ ကြောင်သတ္တဝါတို့သည် မိမိတို့သွားမည့် အရပ်မျက်နှာသို့ချက်ခြင်းမသွား ဘဲ သွားသင့်မသွားသင့်ကို “ ဗန် ” ကြည့်ကြသည်ဟုဆို၏။ “ ဗန်၃၃ ” ခေါ်ဗေဒင်နှင့်ပတ်သက်၍ပုံပြင်ရှိလေသည်။
တစ်ခါတုန်းကမောင်နှစ်ယောက်ရှိ၏။ တစ်ယောက်ကအစ်ကို၊ တစ်ယောက်ကနှမဖြစ်သည်။ သူတို့မောင်နှမ လူမှန်းသိတတ်စ အချိန်တွင် မိဘနှစ်ပါးကွယ်လွန်သွားကြသည်။ သူတို့နေသည့် လည့်ရွာသည်ရွာငယ်ဖြစ်သဖြင့် လူဦးရေနည်းသည်။ သစ်တောထူထပ်သဖြင့် ရွာပတ်ဝန်းကျင်တွင် သစ်ပင်ဝါးပင်တို့ဖြင့်အုပ်ဆိုင်းနေသည်။ တောထဲတွင်သားရဲတိရိစ္ဆာန်များ သွားလာကျက်စားလျှက်ရှိကြသည်။ သူတို့ မောင်နှမသားရဲတိရိစ္ဆာန်များကိုမြင်နေကြဖြစ်၍ မကြောက်ပေ။ တိရိစ္ဆာန်ငယ်များသည် တိရိစ္ဆာန်ကြီးများကို ကြောက်သဖြင့် လူအနီး၊ ရွာအနီး ပြန်လာနေကြသည်။ ရွာအနီးအနားတွင် ပြန်နေသော်လည်းတစ်ခါတစ်ရံ ခြင်္သေ့၊ ကျားတို့ ကိုက်တတ်သေးသည်။ ခြင်္သေ့၊ ကျား တို့လိုက်ပါက လူတို့ အနီးသို့ပြေးလာလျှင်အန္တရာယ်မှလွတ်လေသည်။
မောင်နှစ်မနှစ်ယောက်သည် ရွာ၏မြောက်ဘက်တွင် နေ့တိုင်းတောင်ယာသွားလုပ်၏။ တောင်ယာသို့သွားသည့် လမ်းဘေးဝဲယာတွင် ခြင်္သေ့၊ ကျား တို့ကိုတွေ့၏။ ခြင်္သေ့၊ ကျားတို့သည် နံနက်တိုင်း တစ်စုံတစ်ခုကြည့်နေသည်ကိုတွေ့သည်။ နံနက်တိုင်းတွေ့နေသဖြင့် “ ဘာလုပ်တာဘာလိမ့် ” ချောင်းကြည့်ဦးမှပဲဟု အကြံဖြစ်ပြီး နောက်တစ်နေ့နံနက်တွင် ချောင်းကြည့်လေသည်။
လူရွယ်သည် ခြင်္သေ့တစ်စုံတစ်ခုကြည့်နေသည့် နေရာနှင့် မနီးမဝေးသစ်ပင်ပေါ်သို့တက်လေသည်။ သူ့အထက်သစ်ကိုင်းတွင် ရေဗူကိုချိတ်ပြီး၊ခြင်္သေ့အလာကို စောင့်နေလေ၏။ မကြာမီ ခြင်္သေ့ရောက်လာပြီး၊ ခါတိုင်းမနက်ကဲ့သို့ပင် တစ်စုံတစ်ခုကိုကြည့်ရာ၊ “ ရေရဲ့ အောက်၊ မြေကြီးရဲ့ အပေါ်၊ သစ်ပင်အနီးအနားမှာ ရန်သူရှိတယ် ” ဟု၊ သူကြည့်နေသည့်အရာကဟောလေ၏။ မကျေနပ်သဖြင့် သုံးခါတိုင် ကြည့်ရာ၊ အတူတူပင်ဟောလေ၏။ ခြင်္သေ့မှာ မတွေးတက်အောင်ဖြစ်နေပြီး၊ “ ဒီ-ဗန်-ဟာ သားကောင်တွေရှိတဲ့ နေရာကိုမပြဘူး၊ ငါ့ကိုညာ တာဘဲ ” ဟုဆိုပြီး သူကြည့်နေသည့် “ ဗန် ” ကို ထားခဲ့ပြီးပြန်သွားလေ၏။
ခြင်္သေ့ထွက်သွားသောအခါ လူရွယ်သည် ခြင်္သေ့ “ ဗန် ” ကြည့်သည့်နေရာကိုဆင်းကြည့်၏။ လူရွယ်သည် ခြင်္သေ့ “ ဗန် ” ကြည့်ပုံ၊ “ ဗန် ” ဟောပုံကိုတွေ့သွား၏။ လူရွယ်သည်မြတ်ပင်၊ ၀ါးခြမ်းငယ်လေးများပြုလုပ်၍ ခြင်္သေ့ကြည့်သကဲ့သို့ကြည့်ရာ၊ မှန်သည်ကို တွေ့ရ၏။ ထိုလူရွယ်မှတစ်ဆင့် “ ထွားဗန် ” ခေါ် ဗန်ကြည့်သည့် ဓလေ့ပွားလာသည်ဟု ပအိုဝ်းတိုင်းရင်းသားတို့ ပြောစမှတ်ပြုကြသည်။
“ ဗန် ” ကြည့်လိုပါက၊ တုတ်ချောင်း ၃၃ ချောင်းကို စုဆောင်း၍ ကြည့်ရ၏။ ထို့ကြောင့် “ ဗန်-၃၃ ” ဟုလည်းခေါ်ကြ၏။ တုတ်ချောင်းများမှာ ဘောပင်ခန့်ရှိပြီး၊ အရှည် (၆) လက်မခန့်ရှိ၏။ ဗန် ၃၃ ချောင်းကိုပြုလုပ်ကြည့်ရှုလိုပါက ဘောပင်အရွယ် ဖြူမွေးတစ် ချောင်း၊ သက်ကယ်တစ်ချောင်း၊ ဘုန်းကြီးပျံသင်္ဂြိုလ်ရာတွင် ဘုန်းကြီးပျံရုပ်ကလာပ်ကိုထိုးခံသော “ ၀ါးတံစို့ ” ခေါ် ၀ါးတစ်ချောင်း၊ ခိုးယူရ သောမုဆိုးမယောက်မတစ်ချောင်း၊ အချည်လွတ်နေသော ကျားကန်ဝါးတစ်ချောင်း၊ လမ်းဘေးတွင်လမ်းကိုကျော်လျှင် မြေထိအောင် ညွတ်ကျ နေသော ၀ါးတစ်ချောင်း စသည်တို့ကို ဘောပင်အရွယ်ပြုလုပ်၍ တစ်ချောင်းစီထည့်ရ၏။
“ ထွားဗန် ” ခေါ် ဗန်ကြည့်လိုပါက၊ အထက်ဖော်ပြပါအတိုင်း ပြည့်စုံအောင် စီရင်ထားသော တုတ်ချောင်း ၃၃ ချောင်းကို မိမိကြည့်လို ရာကို ဓိဌာန်၍ ကြည့်ရ၏။ “ ဗန်-၃၃ ” ချောင်းကို လက်ဖ၀ါးတွင် အသာထောက်၍ သုံးကြိမ်သုံးခါမွေရ၏။ ထိုနောက် “ ဗန်-၃၃ ချောင်း ” ကို သုံးပုံပုံကာ၊ အချောင်းကိုရေတွက်ပြီး ဟောရသည်။ “ ထွားဗန် ” ခေါ် ဗန် ကြည့်သည့်ဓလေ့ကို၊ ပအိုဝ်းကျေးရွာတိုင်းလိုလို၌ ယနေ့တိုင်ကြည့် ၍ လိုက်နာကြသည်ကိုတွေ့ရပေသည်။
အဆောင်အရှောင်
            တိုင်းရင်းသားလူမျိုးများတွင် မိမိတို့ပတ်ဝန်းကျင်အတွေ့အကြုံ၊ အဖြစ်အပျက်၊ အတိတ်နိမိတ်များကို အခြေခံ၍ဆောင်ရန်၊ ရှောင်ရန် များကို ဓလေ့ထုံးစံအဖြစ် ဆက်လက်ခံယူကျင့်သုံးလေ့ရှိကြပေသည်။ ထိုသို့ ဓလေ့ထုံစံအရ၊ ခံယူကျင့်သုံးရာတွင် မိမိတို့ခံယူကျင့်သုံး ယူဆ သကဲ့သို့ တထစ်ချဖြစ်ရမည်ဟုမဆိုလိုပေ။ ရှေးမိဘဘိုးဘွားလက်ထက်က ဖြစ်ပျက်တွေ့ကြုံဖူးခဲ့၍ သားစဉ်မြေးဆက်တွင် ဆောင်ရန်၊ ရှောင် ရန်အဖြစ် ဆက်လက်ကျင့်သုံးလေ့ရှိကြလေသည်။
            တိုင်းရင်းသား ပအိုဝ်းလူမျိုးတို့တွင်လည်း မိမိတို့ပတ်ဝန်းကျင်၊ အတွေ့အကြုံ အဖြစ်အပျက်၊ အတိတ်နိမိတ်များကိုအခြေခံ၍ ရှေးဘိုးဘွားလက်ထက်က ရှောင်သင့်၊ ဆောင်သင့်သည်များကို နောင်လာနောက်သားတို့က ဓလေ့ထုံးစံအဖြစ်ဆက်လက်ခံယူကာ ဆောင်သင့်သည်ကိုဆောင်၍၊ ရှောင်သင့်သည်ကို ရှောင်ခဲ့ကြကြောင်းတွေ့ရလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ အတိတ်နိမိတ်များနှင့် အဆောင်အရှောင်များကို လေ့လာစုဆောင်းမှတ်သားရမိသမျှ တင်ပြလိုပေသည်။
- ရွာတွင်းသို့ ဂျီဝင်လျှင် ရွာသားများစုပေါင်း၍ စေတနာ သဒ္ဓါတတ်အားသမျှ ထည့်ဝင်ကာဆွမ်းကျွေးကြသည်။ အများအားဖြင့် ရွာလယ်တွင်ရှိသော အိမ်တွင်ဆွမ်းကျွေးလေ့ရှိကြသည်။ ဆွမ်းကျွေးပြီးလျှင် သံဃာတော်များက ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်ပေး၏။ ရွာ၏အရပ် လေးမျက်နှာတွင်လည်း ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်ပေး၏။ ဤသို့ ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်ပြီးလျှင် တူမီးသေနတ်ဖြင့် ပစ်ဖောက်ကြသည်။ သေနတ်ပစ်ဖောက်ရခြင်းမှာ မကောင်းသောအန္တရာယ်များ ကင်းစင်ပပျောက်သွားစေရန်ဖြစ်၏။ ရွာတွင်းသို့ ဂျီဝင်လျှင် ဤဓလေ့ကို ပြုကြခြင်း မှာ ရွာတွင်းတို့ ဂျီဝင်သဖြင့် တစ်အိမ်နှင့်တစ်အိမ်အချင်းများ၍ ရွာကွဲခဲ့ဖူးသည်ဟုဆို၏။
- ခရီးသွားရင်း ဂျီသတ္တ၀ါသည် မိမိတို့ရှေ့ကို ဖြတ်သွားလျှင်ဖြစ်စေ၊ သစ်ပင်လဲကျလာလျှင်ဖြစ်စေ၊ မကောင်း၊ လာဘ်မကောင်းသည့် ပြင်၊ အတားအဆီးအနှောင့်အယှက်ဖြစ်စေသည်။
- ခရီးသွားလာနေရင်း မြွေကိုတွေ့လျှင် ကောင်း၏။
- ခရီးသွားလာရင်း မင်္ဂလာဆောင် သတို့သား၊ သတို့သမီးတို့ကန်တော့ရန် သွားကြသည်နှင့် တွေ့လျှင်မကောင်း။
- ခရီးသွားရင်း မိန်းမမီးဖွားသည်ကိုတွေ့လျှင်ကောင်း၏။
- ဧည့်သည်ကိုမှိုဟင်းဖြစ်စေ၊ အမဲလိုက်၍ရသောဂျီ၊ ယုန်စသည့် သတ္တ၀ါများ၏ အသားဟင်းကိုဖြစ်စေ မကျွေးကောင်း။ ကျွေးလျှင် ထိုဧည့်သည်နောက်တစ်ကြိမ်ပြန်မလာတတ်။ အကယ်၍ ဧည့်သည်ကိုကျွေးလိုလျှင် ဧည့်သည်ထံမှငွေတစ်မတ်ဖြစ်စေ၊ ငါးမူးဖြစ်စေတောင်းရ ၏။ ဧည့်သည်က၀ယ်စားသည့်သဘောဖြစ်၏။ ထိုသို့ပြုပါက ဧည့်သည်နောက်တစ်ကြိမ်ပြန်လာသည်ဟု အယူရှိကြသည်။
- အလည်အပတ်သွားသော အိမ်တွင်ဖျာလိပ်နတ် ကိုးကွယ်ပါက ဧည့်သည်ကို အိမ်မြောက်ဘက်သို့ မသွားစေရ။
- ရွာပတ်ဝန်းကျင်တါင် ကျားဟိန်းသံကြားရပါက ဆူပူမှုဖြစ်တတ်သည်။ သို့သော် အချိန်ကြာမြင့်စွာဟိန်းပါက ရောဂါကင်း၏။
- တောဝက်များ ရွာတွင်းသို့ ၀င်လာလျှင်မကောင်း။
- ကျီး၊ ငှက်စသည်တို့ ကိုယ်ခန္ဓာပေါ်သို့ လာနာခြင်း၊ ထိပ်ပေါ်သို့ အညစ်အကြေးစွန့်ခြင်းနှင့် တွေ့ကြုံလျှင် မကောင်း။ အန္တရယ် နှင့် ရင်ဆိုင်တတ်၏။ အသက်ပါဆုံးရှုံးတတ်၏။
- အနောက်မြောက်အရပ်တွင် ကျီးသာလျှင် မကြားဖူးသော ထူးဆန်းသောစကားကိုကြားရတတ်သည်။
- တောင်အရပ်တွင် ကျီးသာလျှင် ကောင်းသောအကြံဥာဏ်ရတတ်၏။ သို့သော်လူကြီး၊ အကြီးအကဲဆုံးရှုံးတတ်၏။
- ခရီးသွားစဉ် ခလုတ်တိုက်မလျှင် ဘေးရန်မကင်းဖြစ်တတ်သည်။
- လကျာ်ဘက် မျက်ခုံးလှုပ်လျှင် နိမိတ်ကောင်း၏။
- အောက်ဘက်မျက်ခမ်းလှုပ်လျှင် မကောင်း။
- အထက်ဘက် မျက်ခုံးလှုပ်လျှင် ကောင်း၏။
- နားပူခြင်း၊ အစားအသောက် စားစဉ်လျှာကိုက်မိခြင်းဖြစ်ပါက တစ်ပါးသူက မိမိအကြောင်းပြောသည်။
- မိမိထက်ကြီးသောသူ အပေါ်သို့ကျော်၍ ပစ္စည်းပေးပါက ရိုင်းပြသည်ဟုယူဆပြီး ရှောင်ကြည်ကြသည်။
- အိမ်ရှင်မများသည် ခင်ပွန်းသည် ခရီးသွားလျှင် ခင်ပွန်းသည်၏ အိပ်ရာကို မည်သူမျှအသုံးမပြုစေဘဲ၊ သန့်ရှင်းသပ်ယပ်စွာ ထားကြ သည်။ ခင်ပွန်းသည်ကို လေးစားအားထားသည့်သဘောပင်ဖြစ်၏။
- အိမ်ရှင်မများသည် ခင်ပွန်းသည်ခရီးသွားလျှင် ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီးမီး အထူးတလည် ကပ်လှူပူဇော်ကြသည်။ ဘေးကင်း ရန်ရှင်းစေရန်ပင်ဖြစ်၏။
- မီးခြစ်တစ်ချောင်းကို လူသုံးယောက်မီးမညှိကောင်း။ ဤအယူအဆမှာ မီးခြစ်တစ်ချောင်းကို လူသုံးယောက် ညှိပါက၊ နောက်မှ ရန်သူလိုက်လာလျှင် အချိန်ဖင့်နွှဲ့ပြီး၊ ရန်သူလိုက်မီမှာစိုးသောကြောင့်ဖြစ်၏။
- ရွာဘေးတွင် မြေကွဲ မြေအက်ပါက၊ ရွာကွဲတတ်သည်။
- ပဒူ (ပျားတစ်မျိုး) လူပေါ်နားပါက လူသေတတ်သည်။ မသေလျှင် ဆင်းရဲတတ်သည်။
- တောင်ပြိုပါက မကောင်း၊ ရွာထိပ်တွင် တောင်ပြိုပါက၊ ရွာလူကြီးတို့ထိခိုက်တတ်သည်။
- အိမ်မက်မက်ခြင်းနှင့် ပတ်သက်၍လည်း အယူအဆရှိကြသည်။ သစ်ပင်ကြီးများ၊ တောင်များလဲပြိုသည်ဟုမြင်မက်ပါလျှင် ဘုန်းတော်ကြီး၊ လူ ထိခိုက်တတ်ပါသည်။
- သွားကျိုးသည်ဟု မြင်မက်သော် သားချင်းထဲမှာ တစ်ယောက်ယောက်ကွယ်လွန်တတ်သည်။
- မီးကျည်တက်၍ တစ်နေရာတွင်ကျသည်ဟု မြင်မက်သော်၊ မီးကျည်ကျသည်ဟု မြင်မက်သည့်အရပ်တွင် လူသေဆုံးတတ်သည်။
- သစ်သီးဝလံကို မြင်မက်လျှင် ပျိုရွယ်သူဖြစ်ပါက အိမ်ထောင်ကျတတ်သည်။
- သစ်သီးဝလံစားရသည်ဟု မြင်မက်လျှင် ရွှေ၊ ငွေ၊ ပစ္စည်း ရတတ်သည်။
- ဘုရားရှိခိုးသည်၊ ဘုန်းတော်ကြီးနှင့် တွေ့ရသည်ဟုမြင်မက်လျှင် ရန်သူမျိုးငါးပါးကင်းစင်လိမ့်မည်။
- တောင်ယာလုပ်ငန်းနှင့် ပတ်သက်၍၊ တောင်ယာလုပ်ငန်းစတင်ခုတ်ထွင်သည့် နေ့တွင်ငွေကြေးဥစ္စာ အထွက်မခံကြပေ။ ထိုနေ့ တွင် ငွေကြေးဥစ္စာထွက်ပါက တောင်ယာမှ ရရှိလာသည့် အကျိုးစီးပွား မတည်မြဲဟု ယူဆကြသည်။
- အထက်ပါယုံကြည်စွဲလမ်းမှုဓလေ့ အဆောင်အရှောင်များမှာ စုဆောင်းရရှိ မှတ်သားရသမျှသာ ဖြစ်ပါသည်။ ဤဓလေ့ အဆောင်အ ရှောင်များသည် တထစ်ချ မလွဲမသွေဖြစ်ရမည်ဟု မယုံကြည်ကြချေ။ ရှေးဘိုးဘွားလက်ထက်က မိရိုးဖလာ ဓလေံထုံးစံအဖြစ် ယနေ့တိုင် လက်ခံကျင့်သုံးနေကြသည်ကို လေ့လာတွေ့ရှိရပေသည်။
ရှင်ပြုပွဲ
            ပအိုဝ်းတိုင်းရင်းသားတို့သည် သားရတနာများထွန်းကားလာလျှင် ရှင်ပြုရေးကို အလေးထားကြသည်။ သားသမီးမထွန်းကားပါက၊ ဆွေမျိုးမိတ်သင်္ဂဟ တစ်ဦးဦး၏ သားကိုရှင်ပြုပေးကြ၏။ မိမိတို့ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများသည် မိမိတို့၏ ရင်သွေးငယ် လူမ မယ် ရှင်ပြုရန်ယူဆကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှင်ပြုပွဲ “ ပွယ်ပန် ” ဟုခေါ်၏။
            ပအိုဝ်းတိုင်းရင်းသားတို့သည် ရှင်ပြုပွဲကို တစ်ဦးတည်းကျင်းပခြင်းမရှိပေ။ ငွေကြေးတတ်နိုင်က မတည်ပြီး၊ အရွယ်ရောက်သူ ယောက်ျားလေးများအားလုံးကို စုပေါင်းသက်ဆိုင်ရာမိဘရှင်များနှင့် ရွာသူရွာသားများ ၀ိုင်းဝန်းကာ ရွာလုံးကျွတ် ပြုလုပ်လေ့ရှိကြသည်။ ထို့ ကြောင့် ရွာတစ်ရွာတွင် ရှင်ပြုပွဲ တစ်ကြိမ်ပြုလုပ်နိုင်ရေးအတွက် ငါးနှစ်မှ ခုနှစ်အထိစောင့်စားကြရသည်။
            ရှင်ပြုပွဲကို လယ်ယာလုပ်ငန်းအပြီး အလုပ်အားသည့် တပေါင်း တန်ခူးလများတွင် ကျင်းပကြသည်။ ရှင်ပြုပွဲတစ်ခါပြုလုပ်နိုင်ရေး အတွက် တစ်နှစ်ခန့်ကြာအောင် ပြင်ဆင်ပြုလုပ်ကြရသည်။ ရှင်ပြုပွဲသည် ခုနှစ်ရက်ခန့်ကြာပြီး ခမ်းနားစွာကျင်းပကြသည်။ ရှင်ပြုပွဲတစ်ခါ ပြုလုပ်လျှင် ရှင်လောင်းပေါင်းအပါး (၅၀) မှ (၃၀၀) အထိရှိတတ်ကြ၏။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ရှင်ပြုပွဲသည် စည်းလုံးညီညွတ် ခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်းကို ဖော်ပြနေပေသည်။
ဖိတ်ကြားခြင်း
            ပအိုဝ်းတိုင်းရင်းသားတို့သည် ရှင်ပြုပွဲကို မိမိတို့ရွာရှိလူနည်းစုဖြင့် မကျင်းပပေ။ ပွဲတော်ဖြစ်မြောက်ရေးအတွက် တစ်ရွာနှင့်တစ်ရွာ ၀ိုင်းဝန်းကူညီကြသည်။ ရှင်လောင်းထိန်းမည့်သူများကို အခြားရွာများအားရွာလုံးကျွတ် ဖိတ်ကြားကာတာဝန်ပေးကြသည်။ ဖိတ်ကြားခြင်းခံရ သော ရွာကလည်း သက်ကြီးရွယ်အိုများမှ အစ ကာလသား လူငယ်လူရွယ်များမကျန် မိမိတို့တာဝန်ကျရာ၊ ရှင်လောင်း ဒါယကာအိမ်သို့ ပွဲမကျင်းပမီတစ်ရက်၊ နှစ်ရက်အလိုတွင် ရှင်ဝတ်တန်ဆာပလာတို့ယူဆောင်၍ အိုးစည်ဗုံမောင်းတီးကာ သွားရောက်ကြ၏။
            ရှင်ပြုသည့် အိမ်တစ်အိမ်တွင် ဧည့်ခံကျွေးမွေးကြသည့် အမျိုးသမီးများနှင့် ရှင်လောင်းထိန်း အမျိုးသားများသည် တစ်ရွာတည်း မဟုတ်ချေ။ ရှင်ဒကာသည် ရှင်လောင်းထိန်းရန် အမျိုးသားများနှင့် ဧည့်ခံကျွေးမွေးရန် အမျိုးသမီးများကို တစ်ရွာစီပင့်ဖိတ်ကြ၏။ ဤသို့ပြု လုပ်ခြင်းဖြင့် တစ်ရွာခြားစီဖြစ်သော အမျိုးသားနှင့် အမျိုးသမီးတို့ရင်းနှီးချစ်ခင်မှုကိုဖြစ်စေသည်။
            ရှင်လောင်းထိန်းကို တာဝန်ပိုင်းအနေနှင့် ရွာလုံးကျွတ်ဖိတ်ကြားသည့်အပြင်၊ မြန်မာရိုးရာကဲ့သို့ပင် မိမိတို့နှင့်ရင်းနှီးသော မိတ်ဆွေ များကိုလည်း တစ်ဦးချင်းအနေနှင့် ဖိတ်ကြားသေး၏။ ဤသို့ဖိတ်ကြားရာတွင် တစ်ဦးတစ်ယောက်တည်းမဖိတ်ဘဲ၊ “ တစ်ဆွေတစ်မျိုးလုံးအ တွက် ” ဟူ၍ ဖိတ်စာတွင်ရေးကာဖိတ်ကြ၏။
            ရှင်ပြုပွဲဖိတ်ကြားရာတွင် ဖိတ်ကြားပုံအမျိုးမျိုးကို တွေ့ရသည်။ အချို့က ဖိတ်စာနှင့်ဖိတ်၍ အချို့က လက်ဖက်ထုပ်ဖြင့်ဖိတ်ကြ၏။ ဖိတ်စာကိုပအိုဝ်းဘာသာဖြင့် ပုံနှိပ်ပြီး ဖိတ်ကြသည်။ ဖိတ်စာကိုလေးလုံးစပ်လင်္ကာဖြင့် ရေးသားထား၏။ ဖိတ်စာကို သံနေသံထားဖြင့် ဖတ်ကြ ရသည်။
            ရှေးအခါက လက်ဖက်အစိုကို ငှက်ပျောဖက်ဖြင့် ထုပ်ကာဖိတ်ကြသည်။ ဖိတ်စာကို ပုံနှိပ်ရန်ဝေးသော ကျေးရွာတွင် လက်ဖက် ခြောက်ကို စာအိတ်ထဲတွင် ထည့်၍ဖိတ်ကြသည်။ စာအိတ်ပေါ်တွင် ဖိတ်ကြားခံရသူ၏ အမည်ကိုရေးပြီး၊ တဆွေတမျိုးလုံးအတွက်ဟုရေးကာ ဖိတ်ကြား၏။ စာအိတ်ပေါ်တွင် ပွဲကျင်းပမည့်နေ့ရက်နှင့် အချိန်ကာလကိုလည်းရေးသားထား၏။
            ရွာလုံးကျွတ်ပွဲတော်ကြီးအတွက် မိုင် ၃၀ ပတ်ဝန်းကျင်ရှိ အနီးအနားရွာများကိုလည်း တစ်ရွာစီ ဖိတ်ကြားကြသည်။ ရှင်ပြုပွဲတော်သို့ လာရောက်ကြမည့် ထောင်ပေါင်းများစွာသော ရပ်ဝေးဧည့်ပရိတ်သတ်များကို ကျွေးမွေးရန်အတွက် ရိက္ခာပစ္စည်း အခြောက်အခြမ်းများကို ကြို တင်စီမံဝယ်ယူစုဆောင်းထားကြရသည်။
ပွဲတော်အပြင်အဆင်
            ပအိုဝ်းရှင်ပြုပွဲ ကျင်းပရန်နေရာပြင်ဆင်ထားပုံကို လေ့လာပါက အံ့သြလောက်အောင် ကြီးကျယ်ခမ်းနားလှသည်ကိုတွေ့နိုင်ပေ သည်။ ဘုန်းတော်ကြီးကျောင်းအနီးတွင် “ စုပေါင်းမဏ္ဍပ် ” ခေါ်ဧည့်ခံရန် ဗဟိုမဏ္ဍပ်ကြီးတစ်လုံး၊ ထမင်းကျွေးရန်မဏ္ဍပ်အနည်းဆုံး နှစ်လုံးနှင့် ရေနွေးကြမ်းသောက်ရန် မဏ္ဍပ်များကို၊ ရွာသားများက စုပေါင်းဆောက်လုပ်ကြသည်။
            ဗဟိုမဏ္ဍပ်ကြီးသည် ရှင်သာမဏေပြုခြင်း၊ ဧည့်ခံခြင်းတရားဟောခြင်းတို့အတွက် သီးသန့်ဖြစ်၏။ ဖိတ်ကြားခြင်းခံရသော ရှင်လောင်းထိန်းအမျိုးသားများနှင့် ဧည့်ခံလုံမပျိုများသည် ဤဗဟိုမဏ္ဍပ်ကြီးတွင် အသီးသီးလုပ်အားပေးကြရသည်။ ရွာအတွင်းနေရာအနှံ့ အပြား၌ ဆောက်လုပ်ထားသောရေနွေးကြမ်း ကျွေးမွေးသည့်မဏ္ဍပ်များတွင်လည်း လုပ်အားပေးကြရသည်။ ဤလုပ်အားပေးအဖွဲ့များတွင် ကာလသားခေါင်းဆောင် (လူပျိုခေါင်း)၊ ကာလသမီးခေါင်းဆောင် (အပျိုခေါင်း) ပါ၏။ အိမ်ရှင်နှင့် မဏ္ဍပ်အကြီးအကဲတို့က မိမိတို့မဏ္ဍပ်တွင် လိုအပ်သလို စီမံပြုလုပ်ကြပါရန် ကာလသား၊ ကာလသမီးခေါင်းဆောင်တို့အား ပွဲတော်ချိန်တစ်ခုလုံးအတွက် အပ်နှံကြလေသည်။
            ဧည့်ခံအမျိုးသမီးများသည် ရေနွေးကြမ်းမဏ္ဍပ်သို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များအပေါ်လစ်ဟင်းမှုမရှိအောင် ဧည့်ဝတ် ကျေပွန်စွာ ဧည့်ခံကြသည်။ မဏ္ဍပ်တစ်ခုနှင့်တစ်ခုလည်း အပြိုင်အဆိုင်ပြုစုကြလေသည်။ ဧည့်ပရိတ်သတ်များသည် အချိန်မရွေးလာရောက် ကြသဖြင့် အမျိုးသမီးများသည် အလှည့်ဖြင့်အိပ့်၊ အလှည့်ဖြင့်စားလျှက် ၂၄ နာရီပတ်လုံး ဧည့်ခံကြရသည်။ သက်ဆိုင်ရာအိမ်စုအလိုက် မဏ္ဍပ် တစ်ခုလျှင် ရှင်ဒါယကာသုံးလေးဦးစုပေါင်း ဧည့်ခံတတ်ကြ၏။ ပစ္စည်းကြွယ်ဝသူက သီးသန့်မဏ္ဍပ်ဖြင့် ဧည့်ခံတတ်ကြ၏။ ရှင်လောင်းအပေါင်း ၁၅၀ ရှင်ပြုလျှင် ရေနွေးကြမ်းမဏ္ဍပ် ၂၅ ခု ခန့်ထားရှိတတ်ကြသည်။ ဧည့်ခံအမျိုးသမီးများကိုလည်း၊ လေးရွာအထိဖိတ်ကြားကြ၏။ ရှင်လောင်းထိန်းအမျိုးသားများနှင့် ဧည့်ခံရန်ဖိတ်ကြားခြင်းမခံရသော အမျိုးသမီးတို့သည် ဗဟိုမဏ္ဍပ်ကြီးတွင် ဧည့်ခံကျွေးမွေးရန် တာဝန်ယူ ကြရလေသည်။
            ဗဟိုမဏ္ဍပ်တွင်းရှိ “ မော် ” ခေါ် ပအိုဝ်းစာဟောဆရာကို ပင့်ဖိတ်ပြီး၊ ပွဲလာဧည့်ပရိတ်သတ်တို့အား ပအိုဝ်းသမိုင်းပုံပြင်၊ ဘာသာရေး ဆိုင်ရာ ရာဇ၀င်ကျမ်းစာ၊ လူမှုရေးဆိုင်ရာများကို ဟောပြောကာ၊ တရားရေအေးတိုက်ကျွေးလေသည်။ ဗဟိုမဏ္ဍပ်ကြီးအပြင် ထမင်းဧည့်ခံ ကျွေးမွေးရန် မဏ္ဍပ်နှင့် ရှင်လောင်းထိန်းများ ပျော်ပါးအနားယူရန် မဏ္ဍပ်ကိုလည်း ဆောက်ထားကြသည်ကိုတွေ့ရသည်။
            ရှင်ပြုပွဲစသည်နှင့် ထမင်းကိုနေ့ညမရွေး ဧည့်ခံကျွေးမွေးလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဖော်ရွေ၏။ ခင်မင်၏။ မည်သည့် ဒေသမှ လာရောက်သည့်ရွှေပွဲလာဧည့်သည်များကိုမဆို နေ့ရောညပါဧည့်ခံကျွေးမွေးလေသည်။ ဗိုက်ပြည့်၍ ထမင်းမစားချင်လျှင် သူတို့လေး တွေ၏ ဧည့်ခံမဏ္ဍပ်သို့ မသွားလေနှင့်၊ သွားခဲ့လျှင်မူ အတင်းဖိတ်ခေါ်ကျွေးမွေးသည်ကို ကြုံရပေမည်။ ထမင်းကျွေးမဏ္ဍပ်သို့ ၀င်မိသည်နှင့် ထမင်းမစားချင်သော်လည်း သူတို့လေးတွေစိတ်ကျေနပ်မှုရအောင် ၀င်သမျှစားကြရသည်။ ထမင်းစားပြီးသောအခါ ဧည့်ခံကျွေးမွေးသူ အမျိုး သမီးများအား ဘယ်မှာနေကြပါသလဲ ဟု စကားပြောနိုင်ပါသေးသည်။
            အချို့မှာ ရပ်ဝေးဧည့်သည်များကို မဏ္ဍပ်၌ ထမင်းဧည့်ခံကျွေးမွေးခြင်းမပြုဘဲ၊ ပွဲတော်ရက်အတွင်း ထမင်းထုပ်ကမ်းခြင်းဓလေ့ကို ပြု လုပ်ကြ၏။ သို့သော် ဤဓလေ့ကိုကျင့်သုံးမှုနည်း၏။ ထမင်းထုပ်ကမ်းသည့် ဓလေ့မှာ ထမင်းထုပ်များကိုတစ်ဦးတည်းဒိုင်ခံပြီး လုပ်ခြင်းမဟုတ် ပေ။ ရှင်လောင်း ဒါယကာများအပြင် အလှူဒါနဘက်၌ ၀ါသနာပါသူတိုင်း စုပေါင်းရှင်ပြုပွဲကြီး အောင်မြင်ရေးကို ရည်စူးလျက်၊ ထိုဒေသရှိ ရွာ တိုင်း၊ အိမ်တိုင်းက ထမင်းထုပ်များကိုတာဝန်ယူကြသည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့၏ အင်အားကိုခန့်မှန်း၍ ထမင်းထုပ်ကို ထုပ်ကြသည်။ လောက်သည်လည်းရှိ၏။ မလောက်သည်လည်းရှိ၏။ မလောက်ပါကပူပင်စရာမရှိပေ၊ အိမ်တိုင်းလိုလိုဧည့်ခံကျွေးမွေးကြသည်။
ရှင်ဝတ်တန်ဆာ
            ပအိုဝ်းတိုင်းရင်းသားတို့၏ ရှင်လောင်းဆင်ယင်ထုံးဖွဲ့မှုသည် မြန်မာတို့၏ ရှင်လောင်းထုံးဖွဲ့မှုနှင့် တစ်စိတ်တစ်ဒေသအား တူညီမှုရှိ သည်ကိုတွေ့ရသည်။ လိုအပ်သောပစ္စည်းများမှာရွှေထီးနှစ်လက်၊ ရေမျှောအိုးတစ်လုံး၊ ကွမ်းအစ်တစ်လုံး၊ မှန်ကြီးတစ်ချပ်၊ ကော်ဇောသုံးထည် နှင့် မြင်းတစ်ကောင်စသည်တို့ဖြစ်သည်။
            ရှင်လောင်းတစ်ပါးအတွက် အထက်ပါပစ္စည်းများကို ထိန်းသိမ်းရန် လူဆယ့်သုံးယောက်အနည်းဆုံးလိုသည်။ ၎င်းတို့မှာမြင်းဇက်ကြိုး ဆွဲရန် ကာလသားနှစ်ယောက်၊ ရှင်လောင်းကိုမြင်းပေါ်မှ မကျစေရန် ထိန်းပြီး၊ လင်္ကာအဆိုပိုင်သူ ကာလသားနှစ်ယောက်၊ မြင်း၏တစ်ဖက်တစ် ချက်စီတွင် ရွှေထီးဆောင်းရန် ကာလသားနှစ်ယောက်၊ မှန်ထောင်သူကာလသားတစ်ယောက်၊ ကွမ်းအစ်ကိုင်အမျိုးသမီးတစ်ယောက်၊ ရေမျှောအိုးကိုင် အမျိုးသမီးတစ်ယောက်နှင့် ပေါက်ပေါက်ဆုပ်ကြဲဖြန့်ရန် အမျိုးသမီးတစ်ယောက်စသည်တို့ဖြစ်သည်။ အချို့စက်ဘီးများရာ ဒေသတွင် ရှင်လောင်းကိုစက်ဘီးပေါ်တွင် တင်၍တွန်းကြ၏။ မြင်းရော၊ စက်ဘီးရောမရပါက ကာလသားတစ်ဦးဦးက ရှင်လောင်းကို ပခုံးပေါ် တွင် ခွထိုင်စေပြီးထမ်းလေသည်။
နတ်မြင်း
            ရှင်လောင်းလှည့်သည့်အခါ ရှင်လောင်းစီးသည့် မြင်းများ၏ ရှေ့ဆုံးနေရာ၌ ကကြိုးတန်ဆာပလာများဖြင့် လှပတင့်တယ်စွာ ဆင်ယင် ထားသော နတ်မြင်းခေါ် မြင်းတစ်ကောင်ကို ထားလေ့ရှိသည်။ ထိုမြင်း၏ နဖူးပေါ်တွင် မှန်ငယ်တစ်ချပ်တို့ ဆင်ယင်ထား၏။ ထို့ပြင်ပေါက် ပေါက်ဆုပ်ကို ပုဝါဖြူနှင့်ထုပ်ပြီး တုတ်ချောင်းငယ် တစ်ချောင်းနှင့်ပူးချည်းထား၏။ ထိုမြင်းကိုထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြင်းဇက်ကြိုး ကိုင်ရန် ကာလသားနှစ်ယောက်၊ မြင်းကိုရွှေထီးဆောင်ပေးရန် ကာလသားနှစ်ယောက်နှင့် ပေါက်ပေါက်ဆုပ်ကြဲဖြန့်ရန် အမျိုးသမီးနှစ်ယောက် စုစုပေါင်းခြောက်ယောက်လိုအပ်ပေသည်။
            ဤမြင်းသည် နတ်စီးရန် ထားသည့်မြင်းဟု အယူအဆရှိပြီး၊ အထွတ်မြတ်ဆုံး တန်ခိုးအရှိဆုံးဟု ယုံကြည်ကြသည်။ နတ်မြင်းကို ထားရှိခြင်းအားဖြင့် ရှင်လောင်းစီးသော အခြားသာမန်မြင်းများသည် ပွဲရက်အတွင်း လူသံ၊ ဗုံမောင်းသံ၊ အိုးစည်သံများကို ကြားလျှင်လန့်ဖျပ်၍ ရုတ်တရက်ထွက်ပြေးခြင်း၊ လူကြားတွင် ခုန်ပေါက်ခြင်းမရှိအောင် ထိုနယ်မြေက တန်ခိုးဖြင့်ထိမ်းချုပ်ထားသည်ဟု ယုံကြည်ကြသည်။ ရှင်လောင်းများ မြင်းပေါ်မှ မကျစေရန် နတ်မြင်းကစောင့်ရှောက်ထားသည်ဟုလည်း ယုံကြည်ကြသည်။
ပျော်စရာပွဲ
            ရှင်ပြုပွဲစကတည်းက အိုးစည်ဗုံမောင်းသံများသည် ဘ၀ဂ်သို့ညံနေ၏။ တရားမနာမီ နှစ်ရက်အလိုတွင်ရှင်လောင်းထိန်းများသည် ညနေခင်းဆည်းဆာအချိန်၌ မိမိတို့ရှင်လောင်းများကို အလှပြိုင်ရင်း၊ ရှင်ပြုသည့် အိမ်များသို့တစ်အိမ်ပြီးတစ်အိမ် လှည့်လည်သွားရောက်ကာ ငွေကြေးလှူဒါန်းကြသည်။ ထိုသို့ငွေကြေးပါဝင်လှူဒါန်းသောအခါ ထိုအိမ်ရှင်မှ ရှင်ပြုဒကာကဆုပေး၏။ ထိုဆုကို ကုသိုလ်ပါဝင်လှူဒါန်းကြသူ ရှင်လောင်းထိန်းများကသာ သာဓုခေါ်ကြသည်။
            ည ၈ နာရီ၊ ၉ နာရီခန့်သို့ ရောက်သောအခါ ည၏သဘာဝအလှနှင့်အတူ ရှင်လောင်းထိန်းအမျိုးသားများနှင့် မဏ္ဍပ်တွင်ဧည့်ခံသည့် တာဝန်ကျသည့် အမျိုးသမီးတို့သည် ပွဲဒကာ၏အိမ်ရှေ့တွင်ပျော်ပါးစွာ တီးမှုတ်ကခုန်ကြသည်။ ဤသို့ကရာတွင် ရှင်လောင်းသည် ရှင်လောင်းထိန်းတို့ ပတ်လည်ဝန်ရံထားသော စက်ဝိုင်းအတွင်းတွင် ကရ၏။ ထိုသို့ကနေစဉ် ရှင်လောင်းထိန်းတစ်ယောက်က အမျိုးသမီးများ အား ရည်စူးပြောဆိုသည့် လင်္ကာကို ကျန်ရှင်လောင်းထိန်းအမျိုးသားများက “ ဟွေးဟွေး ” ဟုလိုက်၍ဆိုကြသည်။
            ဧည့်ခံညဖြစ်သည့် ရှင်မပြုမီရှေ့တစ်ညတွင် ရှင်ပြုသည့်အိမ်တိုင်းမှ ရှင်လောင်းများ၊ ရှင်လောင်းထိန်း အမျိုးသားများ၊ ရှင်လောင်း၏ အိမ်တွင် ဧည့်ခံကျွေးမွေးသည့် တာဝန်ကိုယူရသည့် အမျိုးသမီးများပါ မဏ္ဍပ်ကြီးရှေ့တွင် စုပေါင်းလာရောက်ကြသည်။ ထိုနောက် ရှင်ပြုပွဲ ကော်မတီက သတ်မှတ်ထားသည့် နံပါတ်စဉ်အလိုက် တန်းစီကြပြီး၊ ရှင်လောင်းထိန်းအမျိုးသားများသည် ရှင်လောင်းများကို ရံ၍ကကြသည်။ အမျိုးသမီးများက အပြုံးလေးဝင့်ကာဝင့်ကာဖြင့် ထိုဝိုင်း၏အလယ်တွင်ထိုင်ကြရ၏။ ရှင်လောင်းများကလည်း ရှင်လောင်းထိန်းအမျိုးသားများ နည်းတူ လက်ကလေးမြှောက်ကာ ပျော်ပါးစွာကကြလေသည်။ အတော်ကြာကကြပြီးသောအခါ သက်ဆိုင်ရာမိမိတို့မဏ္ဍပ်သို့ ပြန်ကြလေ၏။
            ရှင်ပြုပွဲတွင် လူပျိုလှည့်သည့် ဓလေ့ထုံးစံလည်းပါဝင်၏။ ပွဲတော်ကျင်းပစဉ် ရက်များအတွင်း အစရက်များတွင် အမျိုးသားများသည် လက်ဆွဲဓာတ်မီးများကို ကိုင်ဆောင်လျက် မဏ္ဍပ်တစ်ခုပြီးတစ်ခုသို့သွားရောက်ကာ ဧည့်ခံအမျိုးသမီးများကို အကဲခတ်ကြသည်။ မိမိနှစ်သက် သဘောကျသည့် အမျိုးသမီးကိုတွေ့ပါက ထိုမဏ္ဍပ်သို့ နေ့စဉ်ရက်ဆက်သွားရောက် လူပျိုလှည့်နိုင်သည်။ ဧည့်ခံသည့် တာဝန်ကျသည့် အမျိုးသမီးကလည်း ဧည့်ဝတ်ကျေပွန်စွာလက်ခံစကားပြောလေသည်။
            ရှင်လောင်းများ လှည့်အပြီးတွင်လည်း ကွမ်းတောင်ကိုင်၊ သင်္ကန်းကိုင် အမျိုးသမီးများနှင့် ရှင်လောင်ထိန်း အမျိုးသားတို့သည် အချင်းချင်းဝိုင်းဖွဲ့ လူပျိုလှည့်နေကြတာကို  တစ်စုချင်းတွေ့နိုင်ပေသည်။ ထို့ကြောင့် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲသည် ပအိုဝ်းလူငယ်များအဖို့ အနေဝေးသူချင်း တစ်ရွာတွင်လာတွေ့သည့် ဖူးစာပွဲတစ်မျိုးလည်းဖြစ်၏။
            ပအိုဝ်းတိုင်းရင်းသားတို့သည် သစ္စာရှိသောသူများလည်းဖြစ်ကြ၏။ မိမိအုပ်ထိန်းသူ မိဘ အစ်ကိုညီမများ မပါသော်လည်း တစ်ရပ် တစ်ကျေးသို့ သွားရောက်အကူအညီပေးရာတွင် မည်သည့် ပြဿနာမှဖြစ်ပေါ်မှုမရှိချေ။ အရွယ်ရောက်သူတို့၏ ထုံးစံအတိုင်းလူပျိုလှည့်ကာ ချစ်စကား၊ ကြိုက်စကားပြောနိုင်၏။ အချို့မှာ ထိုသို့ပြောရင်းချစ်ကြိုးသွယ်မိပါက ပွဲပြီးသောအခါ အမျိုးသမီးနေထိုင်သည့်ရွာသို့ လိုက်သွား ၏။ လမ်းခရီးတွင်လည်း စကားပြောနိုင်၏။ စကားပြောရာတွင်လည်း လင်္ကာသွားဖြင့် အချေအတင် ပြောဆိုကြလေသည်။ အမျိုးသမီးအိမ်သို့ ရောက်သောအခါ အမျိုးသမီးနှင့်အတူ လက်ဆုံစားကာ မိုးမဆုံးမြေမဆုံးစကားပြောနိုင်သေး၏။ အမျိုးသမီးအိမ်တွင် တစ်ညနှစ်ညတည်းခိုပြီး လျှင်ပြန်နိုင်၏။
ရှင်လောင်းလှည့်ခြင်း
            ရှင်လောင်းလှည့်သည့် ထုံးစံလည်းရှိ၏။ ရှင်လောင်းလှည့်ရန် ဧည့်ခံမဏ္ဍပ်မှ ကွမ်းတောင်ကိုင်၊ သင်္ကန်းကိုင်နှင့် ပန်းပေါက်ပေါက်ကြဲ ရန်အတွက် လက်ရွေးစင် အမျိုးသမီးများကိုရွေးချယ်ကြရသည်။ ရှင်လောင်းလှည့်ပွဲကို ညနေမွန်းလွဲပိုင်းတစ်နာရီ နှစ်နာရီလောက်တွင်လှည့် လေ့ရှိသည်။
            မနက်ပိုင်းတွင် ရှင်လောင်းကိုလှပသော ၀တ်စားတန်ဆာများဖြင့် မွမ်းမံပြင်ဆင်ကာ ဧည့်ခန်းတွင်နေစေ၏။ ထိုအတောအတွင်း ရပ်ဝေးမှလာသော ဧည့်သည်များကို ရှင်လောင်းထိန်းအဖွဲ့က တာဝန်ယူဧည့်ခံကျွေးမွေးရသည်။ ဧည့်ခံကျွေးမွေးပြီးသောအခါ ရှင်လောင်း၏ မိဘများ၊ နီးရာဆွေမျိုးမိတ်သင်္ဂများနှင့် ရှင်လောင်းထိန်းအဖွဲ့များအားလုံး ဧည့်ခန်းတွင် စုရုံးစေလျက် ရှင်လောင်းကို လက်ဖွဲ့မင်္ဂလာပြုကြ သည်။ လက်ဖွဲ့ရာတွင် ရှင်လောင်းထိန်းဖွဲ့မှ လင်္ကာအဆိုကျွမ်းကျင်သူက လင်္ကာရွတ်ဆိုပြီးလက်ဖွဲ့ရသည်။
            လက်ဖွဲ့ပြီးသည်နှင့် ရှင်လောင်းကိုမြင်းပေါ်သို့တင်ကာ ပွဲကျင်းပမည့် ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္တု၊ ကန်တော့ပွဲများနှင့် အိုးစည်ဗုံမောင်းတီးကာ တပျော်တပါးသွားကြသည်။ ဘုန်းကြီးကျောင်းသို့ မရောက်မီကျောင်းကိုသုံးပတ်လှည့်ပတ်ကျ၏။ ဘုန်းကြီးကျောင်း ကိုလှည့်ပတ်ရာ၌ အခမ်းအနားအစီအစဉ်အတိုင်း စည်းကမ်းတကျလှည့်ပတ်ကြသည်။ ကြေးစည်အဖွဲ့သည် ဦးစွာသွားရ၏။ ကြေးစည်နောက် မှ အလှူပွဲအဖွဲ့၊ သင်္ကန်းပင့်အဖွဲ့၊ ပဒေသာပင်အဖွဲ့၊ ပအိုဝ်းတူရိယာအိုးစည်ဗုံမောင်းအဖွဲ့နှင့် နတ်မြင်း၊ ရှင်လောင်းမြင်းစသည့်ဖြင့် အစီအစဉ် တိုင်း လှည့်ပတ်ကြသည်။
            လှည့်ပတ်ရာတွင် တစ်သုတ်ပြီး တစ်သုတ် ထပ်ကြပ်မကွာဖြည်းညင်းစွာဖြင့် ဘုန်းတော်ကြီးကျောင်းကို ပတ်ကြသည်။ ကြည့်မှန်ကို ကိုင်ဆောင်လာသူ ကာလသားအမျိုးသမီးများမှန်ဖြင့်ထိုးကြည့် ကျီစယ်ကြ၏။ ဘုန်းကြီးကျောင်းကိုပတ်ရာတွင် အချို့က သုံးပတ်မှ ငါးပတ်အ ထိပတ်ကြသည်။ ပတ်ပြီးသည်နှင့် ရှင်လောင်းနှင့်တစ်ကွ အဖွဲ့အားလုံးကျောင်းပေါ်သို့တက်၍ မြန်မာများနည်းတူ ရှင်လောင်းများကို သာမဏေဘောင်သို့သွတ်သွင်းပြီး၊ တရားဓမ္မကို အတူတကွနာယူကြသည်။
            တရားတော်နားယူရာတွင် စုပေါင်းရှင်ပြုပွဲကြီးအတွက်နှင့် တစ်ရွာမှတစ်ရွာ လာရောက်ကြကုန်သော ဧည့်ပရိတ်သတ်၏ ထည့်ဝင် ဒါနများအတွက်သာမကအများအကျိုးအတွက်ပြုလုပ်ထားသောလမ်းများ၊ ရေကန်၊ ဇရပ်များစသည်တို့ကိုပါ ရေစက်သွန်းချအမျှဝေကြလေ သည်။ ထို့နောက်အလှူရှင်များနှင့် ရှင်လောင်းထိန်းအမျိုးသားများ၊ ဧည့်ခံအမျိုးသမီးများ၊ ၀ိုင်းဝန်းကူညီသူများတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သုံးကြိမ်တိတိအမျှဝေကာ၊ သာဓုအနုမောဒနာပြုကြသည်။ ရှင်လောင်းထိန်းများ၊ ဧည့်ခံအမျိုးသမီးများသည်လည်း မိမိတို့၏ တာဝန်ကျမဏ္ဍပ်များကို အိမ်ရှင်များသို့ပြန်လည်ပေးအပ်ကြသည်။ အလှူပွဲပြီးသည်နှင့် အားလုံးဝမ်းသာဝမ်းနည်းဖြစ်ကြရသည်။
သိဒ္ဓတ္တမင်းသားတောထွက်ခန်း
            အချို့ရှင်ပြုပွဲများတွင် ရှင်လောင်းကို လှပသောဝတ်စားတန်ဆာများဖြင့်ဆင်ပြီး မြင်းဖြင့်စီးစေကာ ညသန်းခေါင်ယံအချိန်တွင် ရှင်လောင်းခိုးယူသည့် ဓလေ့ကိုပြုလုပ်ကြသည်။ အချို့ကလည်း ရဟန်းဘောင်သို့ဝင်မည့်သူအတွက် ပဉ္စင်းခံပွဲပါလျှင်လည်း ရှင်လောင်းကို ခိုးယူသည့်အတိုင်းပြုလုပ်ကြသည်။ ဤသို့ပြုလုပ်ခြင်းကို ပအိုဝ်းတို့က “ သီထတ်တော်ထွက်ခန် ” ဟု ခေါ်ပါသည်။ မြန်မာလိုမှာ သိဒ္ဓတ္တမင်း သားတောထွက်ခန်းပင် ဖြစ်၏။ ဤဓလေ့မှာ လွမ်းခန်းတစ်မျိုးဟုဆိုနိုင်ပါသည်။ သို့သော်ရှင်ပြုပွဲတိုင်း၊ ရဟန်းခံပွဲတိုင်းပြုလုပ်လေ့မရှိဘဲ အများအားဖြင့် ပင်လောင်းမြို့နယ်တွင် ပြုလုပ်သောရှင်ပြုပွဲများတွင် တွေ့ရတတ်သည်။ ပဉ္စင်းခံပွဲကို ရှင်ပြုပွဲနှင့်တွဲလုပ်လေ့ရှိကြသည်။
            ဤဓလေ့မှာ ရှင်လောင်းထိန်းကိုပို၍ အလုပ်များစေသဖြင့် ရှင်လောင်းထိန်းများက တာဝန်ယူပြုလုပ်ပေးမှာသာ ဖြစ်နိုင်ပါသည်။ ပြုလုပ်လျှင်လည်း ရှင်လောင်းထိန်းများကပင် အစအဆုံးတာဝန်ယူရ၏။ ဤသိဒ္ဓမင်းသား တောထွက်ခန်းကို ရှင်ပြုပွဲလာပရိတ်သတ်များက လည်း စိတ်ဝင်စားစွာစောင့်မျှော်ကြည့်ရှုကြသည်။
            သိဒ္ဓတ္တမင်းသား တောထွက်ခန်းပြုလုပ်ပုံမှာ ရှင်လောင်းကို ခိုးယူမည်ဆိုပါက ရှင်လောင်းထိန်းအဖွဲ့သည် ရှင်ဒကာ ဒကာများ မဏ္ဍပ် သို့လည်းကောင်း၊ ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ပအိုဝ်းစာဟောဆရာ၏ တရားရေအေးတိုက်ကျွေးရာ မဏ္ဍပ်သို့လည်းကောင်း သွား ရောက်နေစဉ်အတွင်၌ ရှင်လောင်းကိုခိုးယူသွားရသည်။ ခိုးယူသွားရသည်ဆိုသော်လည်း တိတ်တိတ်လေးခိုးသွားခြင်းမျိုးမဟုတ်ဘဲ ကြည်နူး လွမ်းဆွတ်ဖွယ်ကောင်းသော ပအိုဝ်းလင်္ကာသီချင်းများ၊ ရိုးရာတူရိယာများ သီဆိုတီးမှုတ်ကာ ခိုးယူသွားရပါသည်။ ညသန်းခေါင်အချိန်ဖြစ်သ ဖြင့် သီချင်းသံများ အိုးစည်ဗုံမောင်းတူရိယာသံများကိုကြားရသည်မှာ လွမ်းဆွတ်ဖွယ်ပင်ဖြစ်၏။ ကြားရသူတိုင်း၏ စိတ်ထဲတွင်လည်း လွမ်းဆွတ်ပူဆွေးကြေကွဲစေပါသည်။
            ရှင်လောင်း၏ မိဘများဖြစ်သူ ရှင်ဒကာ ဒကာမတို့သည် မိမိတို့သားရတနာကို ရှင်သာမဏေအဖြစ်သို့ မသွတ်သွင်းရမီ အခိုးခံရ ကြောင်း ၀မ်းနည်းကြေကွဲစွာသိလျှင်သိချင်း ငွေဖြင့်သွားရောက်ရွေးယူရ၏။ ရှင်လောင်းတို့က မိမိတို့သားသမီးအား ရွေးယူထားသောငွေကို ရှင်လောင်းထိန်းအဖွဲ့က ထိန်းသိမ်းထားပြီးပွဲပြီးသောအခါ ရှင်လောင်းမိဘများအားပြန်၍ ကန်တော့ကြသည်။ ဤဓလေ့ကို ဘုရားအလောင်း သိဒ္ဓတ္တမင်းသားတောထွက်ဟန်ဖြင့် ပြုလုပ်သဖြင့် ပအိုဝ်းတိုင်းရင်းသားများက “ သိဒ္ဓတ္တတောထွက်ခန်း ” ( သီထတ်တော်ထွက်ခန် ) ဟုခေါ် သည်။
မီးဆုခံခြင်း
            ရှင်ပြုပွဲပြီးသောအခါ ရှင်လောင်းထိန်းများ ဧည့်ခံကျွေးမွေးရာတွင် တာဝန်ကျသည့် အမျိုးသမီးများသည် “ မီးဆုခံ ” ကြ၏။ မီးဆုခံ ခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ တောင် ” ဟုခေါ်သည်။ ရှင်လောင်းသာမဏေဘ၀သို့ရောက်၍ တရားနာပွဲပြီးဆုံးသည့်ညတွင် မီးဆုခံ လေ့ရှိကြသည်။
            မီးဆုခံခြင်း၏ အဓိပ္ပာယ်မှာ ရှင်ပြုပွဲအောင်မြင်သောအထိမ်းအမှတ်အဖြစ် လူငယ်တို့ပျော်ရွှင်ကြသော နောက်ဆုံးပျော်ရွှင်ခြင်းပင်ဖြစ် ၏။ ရှေးအခါက ရှင်ပြုပွဲအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် “ လုဖိုင် ” ခေါ် မီးရှုး (မီးကျည်) လွှတ်သည့်အလေ့ရှိခဲ့သည်။ သို့သော်နောက်ပိုင်း တွင် ထိုသို့ဆုငွေကို မိမိတို့ရန်ပုံငွေအဖြစ်ထားရှိကြလေသည်။ အချို့က မီးဆုခံခြင်းဆိုသည်မှာ ရှင်ပြုပွဲတွင် ချက်ပြုတ်ကျွေးမွေးသည့် တာဝန်ကိုယူရသည့်သူများက အလှူငွေကောက်ခံခြင်းဖြစ်သည်ဟုဆိုကြသည်။
ဒုံလွှတ်ဓလေ
            ရှေးကမြန်မာတို့တွင် ဒုံးလွှတ်သည့် အလေ့အထရှိသကဲ့သို့ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း ဒုံးလွှတ်သည့် အလေ့အထရှိ၏။ အောက်မြန်မာပြည်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများရော ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများပါ ဒုံးလွှတ်ခြင်းကို ခုံမင်ကြသည်။ ၀ါသနာပါကြသည်။ ကျွမ်းကျင်ကြသည်။
ဒုံးအစ
            တောင်ဘက်တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်းတလျှောက်ဒေသသည် လူး လူမျိုးတို့အရပ် တစ်ဆယ့်ပနားပင်ဖြစ်၏။ လူးတစ်ဆယ့်ပနားဆိုသည်မှာ လူးတို့ဒေသခရိုင် တစ်ဆယ့်နှစ်ရိုင်ကို ဆိုလိုပါသည်။ လူးတစ်ဆယ့်ပနားသည် စတုရန်းကီလိုမီတာ ၂၅၀၀၀ ကျယ်ပြီး လူဦးရေ ၆၂၀၀၀၀ ရှိသည့်အနက် ၃၀ ရာခိုင်နှုန်းမှာ “ တိုင် ” လူမျိုးများဖြစ်ကြသည်။ ထိုဒေသတွင် နေထိုင်ကြသော တိုင်လူမျိုးများ တို့သည် မိစ္ဆာကောင်ကို အောင်ပွဲခံသည့်အနေဖြင့် နှစ်စဉ်ရေပက်ကစားကြသည်။ ပထမနေ့တွင် လှေပြိုင်ပွဲ၊ ဒုံးလွှတ်ပွဲကိုကျင်းပကြသည်။ တိုင်တို့က ဒုံးလွှတ်ပွဲကျင်းပရာတွင် အမြင့်ဆုံးနှင့် အဝေးဆုံးပစ်လွှတ်သည့်ဒုံးကို အဓိကထားလေသည်။ ယခုအချိန်ထိ ဒုံးကို အမြင့်ဆုံးပစ် လွှတ်နိုင်သူ အနည်းငယ်သာရှိသေးသည်ဟု မှတ်သားရပေသည်။ ထို့ကြောင့် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်ကြသည့် တိုင်လူမျိုးတို့သည် ဒုံးလွှတ်ပွဲကိုနှစ်စဉ်ကျင်းပကြကြောင်းသိရလေသည်။
            ရှမ်းပြည်နယ်တွင် ဒုံးလွှတ်သည့်ဓလေ့ကို မည်သည့်ခုနှစ်သက္ကရာဇ်က စတင်ခဲ့သည်ဟု မှတ်တမ်းများ မတွေ့ရှိရပေ။ ယမ်းစိမ်းကို အသုံးပြုတတ်လာသည့် အချိနလောက်က စတင်ခဲ့သည်ဟုခန့်မှန်းရပေသည်။ သက်ကြီးရွယ်အိုများမှတစ်ဆင့် မှတ်သားရသည်မှာ ဒုံးလွှတ်သည့်ဓလေ့စတင်ခဲ့သောအချိန်သည် နှစ်ပေါင်း ၃၀၀ ခန့်ကြာခဲ့ပြီဆို၏။ ဒုံးလွှတ်သည့်ဓလေ့စတင်ခဲ့စဉ်က အဝေးသွားအောင် မပြု လုပ်နိုင်ကြချေ။ ပအိုဝ်းတိုင်းရင်းသားတို့က အဝေးသွားအောင်ပြုလုပ်နိုင်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။
            ပဒေသရာဇ် အုပ်စိုးစဉ်က မိုင်းကိုင်စော်ဘွားသည် ယမ်းပိဿာချိန် ၆၀ ရှိသည့် ဒုံးကိုပြုလုပ်ပြီး တောင်ကြီးမြို့တွင် လာလွှတ်ရန် ပြင်ဆင်သည်ဟုဆို၏။ တောင်ကြီးမြို့သို့ရောက်သောအခါ တောင်ကြီးမြို့တွင် အုပ်ချုပ်နေသည့် အင်္ဂလိပ်မင်းကြီးက “ လွှတ်တာတော့ ဟုတ်ပြီ၊ ဘယ်မှာလွှတ်မှာလဲ လွှတ်ဖို့နေရာရှိသလား ” ဟုမေးရာ မိုင်းကိုင်စော်ဘွားက မည်သည့်ဘက်ကို ဦးတည်လွှတ်ရမှန်းမသိဖြစ်နေ၏။ အရမ်းလွှတ်လျှင် ရွာရှိသည့်နေရာကိုကျပါက မီးဘေးကို စိုးရိမ်ရ၍ ယမ်းပိဿာချိန် (၆၀) ရှိသည့်ဒုံးကို မိုင်းကိုင်သို့ပြန်ယူကာ ပြန်လွှတ်ရ သည်ဟူ၏။
ဒုံးအခေါ်
            “ ဒုံး ” ကိုရှမ်းတို့က “ လုဖိုင် ” ဟုခေါ်၏။ “ လု ” မှာ ရှမ်းဘာသာစကားဖြစ်ပြီးအလုံး ဟု အဓိပ္ပာယ်ရသည်။ “ ဖိုင် ” မှာ “ မီး ” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “ လုဖိုင် ” မှာ မြန်မာလို “ မီးလုံး ” ဟု ဆိုနိုင်ပေသည်။ လွယ်လုဖိုင်သည် မီးလုံးပွဲဟုဆိုနိုင်သည်။ ဒုံးကို ပအိုဝ်း တို့ကလည်း “ လုဖိုင် ” ဟုပင်ခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် အခြားလူမျိုးများကမူ ဒုံးကို “ မီးရှုး ” ဟုလည်းကောင်း၊ “ မီးကျည် ” ဟု လည်းကောင်းခေါ်ကြသည်။ ဒုံးလွှတ်ပွဲကိုလည်း “ မီးရှူးပွဲ ”၊ “ မီးပွဲ ” ဟုခေါ်ကြသည်။
ပျံ့နှံ့ပုံ
            ဒုံးလွှတ်သည့် ဓလေ့သည် ပင်လောင်းမြို့နယ်တွင် ရေပန်းအစားဆုံးဖြစ်၏။ ပင်လောင်းမြို့နယ်တွင် ဒုံးအကြီးများကို ပြုလုပ်ကြ၏။ တောင်ကြီးမြို့နယ်တွင် ဒုံးအလတ်စားလောက်ကိုသာပြုလုပ်ကြသည်။ ပင်လောင်းမြို့နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့ သည် လွန်ခဲ့သည့်နှစ် ၅၀ ခန့်က “ ပန်တုံ” ခေါ် ဒုံးကိုစတင်ခဲ့ကြသေး၏။ ထိုဒုံးမှာ ဒုံးကိုထိန်းသည့် အမြီးမပါဘဲ ဒုံး၏ဘေးတစ်ဘက် တစ်ချက် စီတွင် အပေါက်တစ်ပေါက်စီ ဖောက်ထား၏။ ထိုဒုံးကို ငြမ်းစင်ပေါ်တင်ပြီး လွှတ်ပါက ဦးတည်ထားသည့် နေရာသို့မသွားဘဲ၊ သွားချင်သည့် နေရာကိုသွား၏။ သွားချင်သည့်နေရာကိုသွားသဖြင့် ထိုဒုံးကို ပအိုဝ်းတိုင်းရင်းသားတို့က “ မေပန်တုံ ” (ဒုံးပန်တုံ) ဟုခေါ်ကြ၏။ ဤဒုံးကို ရှို့လွှတ်ပါက ယခုခေတ် အာကာသသို့ပစ်လွှတ်သည့် ဒုံးပျံများနှင့်ဆင်၏။ ယမ်းအားပေါ်တွင် မူတည်၍သွား၏။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်း သားတို့က “ ဒုံးပျံကို လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက လုပ်ခဲ့တာ ” ဟု ဂုဏ်ယူ၍ ပြောစမှတ်ပြုကြသည်။ ဒုံးလွှတ်သည့် ဓလေ့သည်ရှမ်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများမှတစ်ဆင့် အောက်မြန်မာပြည်တွင်နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများဆီသို့ ပျံ့နှံ့သွားကြောင်းဖြင့် မှတ်သားရသည်။
ဒုံးလွှတ်ပွဲ
            ရှေးက ဒုံးလွှတ်ပွဲကို ရှင်ပြုပွဲများ ပြီးဆုံးသောအခါ ရှင်ပြုပွဲ ပြီးဆုံးခြင်း၏ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ရာသီဥတုကောင်းမွန် သာယာရေး၊ တောင်ယာထွက်သီးနှံများအောင်မြင်ရေး၊ ပိုးမွှားဖျက်ဆီးမှုကင်းဝေးစေရေး၊ စီးပွားရေးဖွံ့ဖြိုးရေး၊ နှစ်သစ်ကူးပွဲတွင် မိမိတို့ဒါန အောင်မြင်မှု အထိမ်းအမှတ်အဖြစ်ဖြင့် မြတ်စွာဘုရားကိုပူဇော်ဆုတောင်းသည့်ပွဲအဖြစ် ကျင်းပခဲ့ကြသည်။ ယနေ့တိုင်ပင် ကျင်းပဆဲဖြစ်၏။ ဒုံးလွှတ်ပွဲသည် စည်ကားပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသဖြင့် ဤပွဲတွင် တစ်နယ်တစ်ရွာစီ ကွာဝေးသော ဆွေမျိုးမိတ်သင်္ဂဟများ ကိုလည်း ပြန်လည်ဆုံတွေ့ကြရလေသည်။
            ဒုံးလွှတ်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ကြ၏။ ရှမ်းပြည်နယ် ပအိုဝ်းတိုင်းရင်းသားတို့သည် ဒုံးလွှတ်ပွဲကို နေရာအနှံ့အပြားတွင် ကျင်းပ ကြ၏။ ဒုံးလွှတ်ပွဲကို နှစ်စဉ်နှစ်သစ်ကူးချိန် ကဆုန်၊ နယုန်လများတွင် ကျင်းပကြသည်။ ၀ါဆိုလပြည့်ကျော်လျှင် ဒုံးလွှတ်ပွဲများကုန်လေသည်။ သို့သော် ယခုအခါတွင် တော်သလင်းလအထိ ကျင်းပနေကြသည်ကိုတွေ့ရ၏။ တောင်ငူခရိုင် ဇရပ်ကြီးမြို့တွင် နေထိုင်ကြသော ပအိုဝ်းတိုင်း ရင်းသားတို့ဥည် သင်္ကြန်အခါတွင် ကျင်းပလေ့ရှိကြသည်။ ဒုံးလွှတ်ပွဲကို စေတီပုထိုးအနီးတွင် ကျင်းပကြပြီး၊ ရဟန်းသံဃာများကိုလည်း ပင့်ဖိတ်ကာ ဆွမ်းကပ်ကြသည်။ လှူဖွယ်ဝတ္တုများ လှူဒါန်းပြီးတရားတော်ကို နာယူကြသည်။ လူထုပရိတ်သတ်ကိုမူ ထမင်းကျွေးခြင်း၊ ထမင်း ထုပ်ကမ်းခြင်း၊ ယာဂုထုပ်ကမ်းခြင်းဖြင့် ဧည့်ခံကြလေသည်။
            ရှေးက ပအိုဝ်းတိုင်းရင်းသားတို့သည် ဒုံးကိုဝါးကျည်ထောက်များဖြင့်ပြုလုပ်ကြ၏။ နောင်တွင်သွပ်ပြားဖြင့်ပြုလုပ်လာကြ၏။ ယခုအခါ မော်တော်ကား “ ဂွိုင်း ” သံပိုက်များဖြင့်ပြုလုပ်ကြသည်။ ဒုံးလွှတ်ပြီးပါက၊ သံပိုက်ကိုပြန်သိမ်းထားကြသည်။ အချို့ကလည်း ဒုံးပြုလုပ်သည့် ဒုံးဆရာ၏အိမ်တွင်ထားကြ၏။
ယမ်းရောစပ်ပုံ
            ဒုံးကိုမည်သည့်ယမ်းမျိုးဖြင့်မဆိုပြုလုပ်နိုင်၏။ ဒုံးပြုလုပ်ရန်အတွက် ယမ်းကိုဖာစောင်း (လွိုင်ကော်)၊ ရွာငံမှ အများဆုံးဝယ်ယူရရှိလေ သည်။ ဒုံးပြုလုပ်ရန်အတွက် ယမ်းစိမ်းကိုမီးသွေးဖြင့်ရော၍ ထောင်းရသည်။ မီးသွေးမှာ သရက်ပင်၊ ရေမဲပင်၊ ဇီးပင်၊ သစ်နီတို့ကို မီးရှို့၍ရ သော မီးသွေးတို့ဖြင်သာရော၍ရ၏။ သရက်သားမီးသွေးဖြင့် ယမ်းကိုထောင်းပြီးမီးရှို့ပါက အခိုးမဲ၏။ ယမ်းစိမ်းနှစ်ဆ၊ မီးသွေးမှုန့်တစ်ဆရော ပါက ယမ်းနှစ်လေးဟု လည်းကောင်း၊ ယမ်းစိမ်းလေးဆကိုမီးသွေးမှုန့်တစ်ဆရောပါက၊ ယမ်းလေးလေးဟုလည်းကောင်း ခေါ်ကြသည်။ ယမ်းစိမ်းကိုးဆကို မီးသွေးမှုန့်တစ်ဆအထိ ရောစပ်ကြသည်။ ယမ်းစပ်သည်ကို ယမ်းဖြတ်သည်ဟုခေါ်၏။ ယမ်းဖြတ် (ယမ်းစပ်) မတတ်ပါက ဒုံးအကြီးသည် ဒုံးအသေးလောက်ပင်မသွားချေ။ ယမ်းစပ်ပုံတူသော်လည်း လုပ်နည်းလုပ်ဟန်ကွာပါက ဒုံးအကြီးသည် ဒုံးအသေးလောက်မ သွားချေ။
ဒုံးလုပ်ပုံအဆင့်ဆင့်
            ဒုံးပြုလုပ်မည့် သံပြောင်းငယ်၏ထိပ်ကို ပိတ်ထားရ၏။ ထိုထိပ်ပိတ်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ ကတူ ” ဟုခေါ်၏။ ထိပ်တွင် ရွှံ့ ကောင်းကောင်းကိုနယ်၍ ထည့်လေ့ရှိ၏။ ဤသို့ပြုပြီးပါက မီးသွေးမှုန့်ရောစပ်ထားသောယမ်းကို ဒုံးပြုလုပ်မည့်သံပြောင်းထဲသို့ ရိုက်သွင်းနိုင် ပြီဖြစ်၏။ ယမ်းကိုရိုက်သွင်းရာတွင် ယမ်းကိုရေအနည်းငယ်ရော၍ ရိုက်သွင်းရ၏။ ရေမထည့်ပါက မီးလောင်တက်လေသည်။ ယခုအခါ မော်တော်ကားဂျိတ်ဖြင့် ညှပ်၍ ရိုက်သွင်းကြ၏။ သံပြောင်းထဲသို့ ယမ်းရိုက်သွင်းရာတွင် ဒုံးပြုလုပ်သည့်ဆရာက ယမ်းကိုအချိုးအစားအလိုက် ထည့်လေ၏။ ယမ်းထောင်းရာရိုက်သွင်းရာတွင် အချို့က လက်တွင်ပုတီးကိုကိုင်၍ ယမ်းတစ်ဇွန်းလျှင် ပုတီးစေ့မည်မျှကျလျှင်ရပြီဟု သတ်မှတ်ထားတတ်ကြ၏။ အချို့က ယမ်းစေးစေရန် ယမ်းကိုငှက်ပျောရည်၊ ထမင်းရည်တို့ဖြင့်ထည့်လေ့ရှိ၏။ ယမ်းရိုက်သွင်းသည့်အလုပ်ပြီး ပါက နောက်ပိတ်ကို “ ဟမ်းဗော့ ” ခေါ်မြေစေးဖြင့် ပိတ်ရ၏။ ထိုမြေစေးပေါ်တွင် သံပြားပါးပါးကပ်၍ ပိတ်ရ၏။ ဒုံးအငယ်များမှာ သံပြားပိတ်ရန် မလိုချေ။ ဒုံးရိုက်သွင်းသည့် သံပြောင်းသည် (၃)ပေမှ (၇)ပေ၊ (၈)ပေ အထိအရွယ်အစားအမျိုးမျိုးရိုက်သွင်းပြုလုပ်ကြသည်။
ယမ်းများကိုရိုက်သွင်းပြီးသောအခါ မြေစေးဖြင့် ပိတ်ထားသည့် နောက်ပိတ်မှနေ၍ “ အူကြောင်း ” ဟုခေါ်သည့်လမ်းကြောင်းကို သံချောင်းဖြင့် လိုအပ်သလိုထိပ်အထိ ခြစ်ဖောက်ပေးရသည်။ ၎င်းကိုပအိုဝ်းတို့က “ ခရဲမေ ” (မီးချဲ့သည်) ဟုခေါ်၏။ အူကြောင်းကိုဖောက်ရာ တွင် အ၀တွင် ကျယ်ပြီးထိပ်သို့ တဖြည်းဖြည်းနှင့် ကျဉ်းသွား၏။ ဤသို့အူကြောင်းကို ဖောက်ပေးရခြင်းမှာ မီးအလွယ်တကူ လောင်ကျွမ်းနိုင် ရေးအတွက် “ မေဆာ ” ( မီးစာ ) ခေါ် “ စနက်တံ ” ကိုထည့်ရန်ဖြစ်သည်။ အူကြောင်းကိုခြစ်ရာတွင် ထိပ်ကျဉ်းလေ ဒုံးပိုပြေးလေဖြစ်၏။ သို့ သော်လည်း အူကြောင်းထိပ်ကျဉ်းလွန်းပါက မီးထွက်လမ်းကြောင်းကျဉ်း၍ ဒုံးကွဲတတ်လေသည်။ “ စနက်တံ ” ကို ရှမ်းစက္ကူတွင် ယမ်းမှုံထည့် ၍ လိပ်ပြီး အဆစ်ဖောက်ထားသော ကျူရိုး သို့မဟုတ် အဆစ်ဖောက်ထားသော ၀ါးအတွင်းသို့ ထိုးထည့်ရသည်။ “ မေဆာ ” (မီစာ) စနက်တံကို ဒုံးလွှတ်သည့်အခါမှ တပ်ဆင်ကြ၏။
ဒုံးကိစ္စပြီးလျှင် ဒုံးတက်သည့်အခါ ပဲ့သဘောအဖြစ် ဒုံးကိုထိန်းရန်အမြီးလို၏။ အမြီးကို ၀ါးဖြင့်ပြုလုပ်ရသည်။ ထိုအမြီးကိုပအိုဝ်းတို့က “ အတာ ” ဟုခေါ်၏။ ဒုံးအမြီးကို ဒုံးအလေးချိန်နှင့် ချိန်ဆရသည်။ ရှေးက ယမ်းပိဿချိန် ၃၀၊ ၆၀ ခန့်လေးသော ဒုံးကြီးများကို ပြုလုပ်ရာတွင် ဒုံး၏အလေးချိန် ညီမျှစေရန်အတွက် ဒုံး၏အမြီးပြုလုပ်မည့်ဝါးကို အဆစ်များဖောက်၍ သဲများလောင်းထည့်ရသည်ဟု မှတ်သားရသည်။
လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က ပအိုဝ်းတိုင်းရင်းသားတို့သည် ယမ်းပိဿာချိန် ၂၀ မှ ၃၀ ခန့်ရှိသည့် ဒုံးများကိုပြုလုပ်ခဲ့ကြသည်။ ထိုဒုံးကြီးများသည် အရှည်သုံးလံခန့်ရှိ၏။ ယခုအခါ ပင်လောင်းဒေသတွင် ယမ်းပိဿာချိန် ၁၅မှ ၃၀ ပိဿာအထိသာပြုလုပ်ကြတော့၏။ ထိုဒုံးတို့မှာ ခုနှစ်ပေ၊ ရှစ်ပေအထိရှည်လေသည်။ ဒုံးအတွင်းသို့ ယမ်းရိုက်သွင်းခြင်း၊ စနက်တံခေါ် မီးစာပြုလုပ်ခြင်း ပြီးသောအခါ ဒုံးကိုနှီးဖြင့် ရစ်ပတ်ပြီး ဆေးသုတ်လိမ်းအလှခြယ်ကြသည်။ ပြိုင်ပွဲဝင်ဒုံးပြုလုပ်ရာတွင် အချို့က ယမ်းပိဿာချိန် ကန့်သတ်ထားပြီး၊ အချို့က ကန့်သတ်မှု မထားပေ။
ယမ်းတစ်ဆင့်ပြီးတစ်ဆင့်လောင်သည့် “ ပစ်ဖရောင် ” ခေါ် ဒုံးတစ်မျိုးရှိသေး၏။ တစ်ဆင့်ပြီးတစ်ဆင့်လောင်သဖြင့် “ ပစ်ဖရောင်” ဟုခေါ်သည်။ မြန်မာလိုတစ်ဆင့်ပြီးတစ်ဆင့်လောင်သောဒုံးဟုခေါ်ရမည်ဖြစ်၏။ ဤဒုံးမျိုးမှာ တစ်ဆင့်ပြီးတစ်ဆင့်လောင်ပြီး ပိုသွားသဖြင့် ယမ်း ပိဿာချိန်များသည့် ဒုံးကြီးများထက်ပင်ပို၍ ဝေးဝေးသွားလေသည်။
“မေဆဲ” (မီးငယ်) ခေါ် ဒုံးအငယ်စားများလည်း ရှိသေး၏။ ထိုဒုံးကလေးများမှာ လေးလက်မ၊ ငါးလက်မအရွယ်လောက်ရှိ၏။ ထိုဒုံး သေးလေးများကို ပင်လောင်းမြို့နယ် “ လုံးရဲဉ် ” (ကျောက်တန်း) ဒေသတွင် ပြုလုပ်ကြ၏။ တစ်နှစ်လျှင် ဒုံးကလေးထောင်ချီ၍ ကုန်လေ သည်။ ဒုံးကလေးများကို ဒုံးကြီးများလွှတ်သည့်အခါတွင် ရောင်းလေ့ရှိကြ၏။ တစ်လုံးလျှင် တစ်ကျပ်မှ သုံးကျပ်အထိ အရွယ်အစားကိုလိုက်၍ ပေးရသည်။ ဒုံးအသေးကလေးများကို ဒုံးလွှတ်ဝါသနာပါသူ ကလေးရော လူကြီးပါ ၀ယ်ယူ၍ရှို့လွှတ်ကြသည်မှာ ပျော်စရာတစ်မျိုးပင်ဖြစ်တော့ ၏။
ပအိုဝ်းတို့ ပျော်သည့်ပွဲ
            ဒုံးကို လူနေအိမ်ခြေ မရှိသည့် ကွင်းပြင်သို့သာပစ်လွှတ်ကြ၏။ ဒုံးလွှတ်ပွဲ ကျင်းပရန် တာဝန်ယူထားသည့်ရွာသည် တစ်ရွာလျှင် တစ် လုံးကျ မိမိကြိုက်နှစ်သက်သည့် ဒုံးဆရာကိုခိုင်းနိုင်၏။ ဒုံးကြီးတစ်လုံးကို ကျပ် ၆၀၀၀ မှ ၁၀၀၀၀ ထိပေးရ၏။ နာမည်ကြီး လွိုင်ကော်/ ရွိုင်/ ဘုရားဗွာ (ဘုရားဖြူ) တောင်ကြီး၊ ကော်သာရွေးဒုံးများမှာ ၈၀၀၀ ကျော်ပေးရ၏။ ဒုံးလွှတ်ပွဲကျင်းပသည့်နေ့ ၁၂ နာရီလောက်တွင် မိမိဒုံးများ ကို ထမ်းကာစေတီကိုသုံးပတ် ပတ်ကြ၏။ အားအင်ပြည့်ဖြိုး၍ သန်မာထွားကြိုင်သူသည် ဒုံးကိုထမ်းရ၏။ အချို့ရွာမှ မထမ်းနိုင်သူများသည် ဗလကောင်းသူကို ၅၀ ကျပ်လောက်ပေး၍ ငှားထမ်းကြ၏။ သို့သော်နည်း၏။ မိမိတို့ဘာသာ ထမ်းကြသည်ကများလေသည်။
            နေ့ဆွမ်းကပ်ပြီးသည်နှင့် ဒုံးကိုစေတီရှိရာသို့ ယူဆောင်၍ အိုးစည်တီးကာညာသံပေး၍ ကကြ၏။ အချို့က သိုင်းကွက်များဖြင့်ကကြ ၏။ ထိုးကွင်းထိုးထားသူ လူကြီးများက မိမိတို့ ထိုးကွင်းပေါ်အောင် ဘောင်းဘီကိုပင်၍ ယဉ်ယဉ်ကျေးကျေးကကြ၏။ လူကြီးရော လူပျိုအရွယ် များပါရော၍ ကကြသည့်မှာ မမောနိုင် မပန်းနိုင်အောင်ပင်ဖြစ်၏။ အမျိုးသမီးများပင် ကကြ၏။ အချို့အမျိုးသမီးများမှာ အမျိုးသားများပျော်၍ ကသည်ကိုကြည့်ရှု့အားပေးကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့ ကျင်းပသော ပွဲတော်များအနက် ဒုံးလွှတ်ပွဲသည် ပအိုဝ်းတို့အပျော်ဆုံးပွဲတော်ဖြစ် ၏။ စေတီတော်ကို သုံးကြိမ်လှည့်ပတ် ပူဇော်ပြီးသောအခါ ရှို့လွှတ်ရန်အတွက် ဖြောင့်အောင်လုပ်ထားသည့် ၀ါးဖြင့် ဒုံးကိုအမြီးတပ်ရ၏။ အမြီးတပ်ရာတွင် သွပ်ကြိုးဖြင့်တင်းအောင်ရစ်ပတ်ချည်နှောင်ရ၏။ တင်းအောင်မချည်နှောင်ပါက ဒုံးသည် သွားချင်ရာသို့သွားတတ်၏။ ထို့ ကြောင့် တင်းအောင်မြဲအောင် ချည်နှောင်ရလေသည်။
            ဒုံးကိုအမြီးတပ်ချည်နှောင်ပြီးသောအခါ စေတီတစ်ပတ်ပြန်ပတ်ရသေး၏။ ထိုနောက် ဒုံးပစ်လွှတ်စင်သို့ မိမိတို့အဖွဲအလိုက် အိုးစည် ဗုံမောင်းတီးကာ ကခုန်၍ ဒုံးကိုထမ်းသွားကြလေသည်။ ဒုံးပစ်လွှတ်စင်ကို ပအိုဝ်းတို့က “ လုဖိုင်ကဲန်း ” ( မီးစင် ) ဟုခေါ်၏။ ဒုံးပစ်လွှတ်သူ သည် ချိန်ရွယ်ထားသော အရပ်မျက်နှာဘက်သို့ စနက်တံကိုတပ်ပြီး မီးရှို့ရသည်။ စနက်တံကိုမီးရှို့စဉ် အချို့ဒုံးဆရာသည် လေယာဉ်ပျံကိုယ် ထည် သတ္တုစကို သေးသေးလေးညှပ်၍ ထည့်ထားသဖြင့် အဝေးမှကြည့်လျှင် ဖွေးကနဲမြင်နေရသည်။ မီးရှို့စဉ် ရှို့သူက မည်သည့်ရွာမှဒုံးဖြစ် ကြောင်း ခေါင်းပေါင်းကို ဝှေ့ယမ်းကာကြေညာပေးသည်။ စနက်တံမှ စလောင်ပြီး ယမ်းကိုမီးကူသည်နှင့် ယမ်း၏တွန်းကန်မှုကြောင့် ဒုံးသည် ရုန်းကန်ထွက်ပြေးလေတော့၏။ အချို့မှာ ပြုလုပ်စဉ်က အချိုးအစားမမှန်သဖြင့် ပေါက်ကွဲတတ်လေသည်။ ဒုံးတွင်းမှ ယမ်းကိုမီးလောင်ရာတွင် ဒုံး ၏ထိပ်ပိုင်းမှ စလောင်၏။ ဒုံးသေးကလေးများမှာ အလယ်တွင်စလောင်ပြီး အောက်သို့ဆက်လောင်၏။ ထို့နောက်တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့လောင်၏။ ဒုံးထွက်သည့်အချိန်နှင့် ဒုံးတက်သွားသည့် အချိန်တွင်ခေါင်းပေါင်းဝှေ့ယမ်း၍ ကကြသည်မှာပျော်စရာကောင်းလှ၏။
            ဒုံး၏စနက်တံကို ရှို့သူသည် တစ်ခါတစ်ရံပေါက်ကွဲတတ်သဖြင့် အန္တရာယ်မဖြစ်စေရန်အတွက် ဒုံးလွှတ်စင်ပေါ်မှ အချိန်မှီပြန်ဆင်းနိုင် ရန် စီစဉ်ထားရ၏။ အချို့မှာ တစ်ကြိမ်ရှို့၍ မလောင်ပါက သုံးကြိမ်ထိရှို့ရသည်လည်းရှိ၏။ ရှေးကဒုံးတို့သည် နေ့ဝက်ခရီးမျှအထိသွားသည် ဟု ကြားဖူးသည်။ ခုခေတ်ကာလ ဒုံးများမှာသုံးမိုင်မှ ခြောက်မိုင်အထိသွားလေသည်။
အနိုင်အရှုံး
            ရှေးကဘုရားကို ရှို့လွှတ်ပူဇော်သည့်ပွဲအဖြစ် အမြင်ဆုံးရောက်အောင် ရှို့လွှတ်ကြ၏။ ထိုသို့ရှို့လွှတ်ရာတွင် အသံစုံ “ ၀ီ-၀ီ ” ထွက်စေရန်အတွက် ၀ါးပြောင်းငယ် တိုရှည်များကို ထိပ်ပိုင်းတွင် တပ်ဆင်ကြ၏။ သို့သော်ယခုအခါတွင် အမြင့်သို့ မရှို့လွှတ်တော့သဖြင့် မတွေ့ရတော့ပေ။ မည်သည့် ဒုံးအဝေးရောက်သည်ကို ယှဉ်ပြိုင်ကြ၏။ အဝေးလွှတ်ကို ယှဉ်ပြိုင်သည့် ဒုံးသည် ဒုံးမလွှတ်ခင် ဆုကြေးငွေကို ထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီးဒုံးသည် အခြားဒုံးများထက်ဆုကြေးပိုထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီးဒုံးများမှာ “ ရွိုင်၊ ဘုရားဗွာ၊ ကော်သာရွေး ” တို့ဖြစ်ကြ၏။
            ယခင်ကဒုံးအနိုင်အရှုံးကို ဆုံးဖြတ်ရာတွင် ရှေ့ပိတ်ဟူသော စကားလုံးကိုသုံးကြသည်။ ရှေ့ပိတ်ဟူသော အဓိပ္ပာယ်မှာဒုံးနှစ်လုံးကို တောင်အရပ်မှနေ၍ မြောက်အရပ်သို့လွှတ်လိုက်ရာ ဒုံးတစ်လုံးသည် မြောက်စူးစူးသို့သွားပြီး ကျန်တစ်လုံးသည် အရှေ့မြောက်စူးစူးသို့ သွား သည် ဆိုပါစို့ ဒုံးနှစ်လုံးသည် တစ်တန်းတည်းကျနေလျှင် အရှေ့မြောက်စူးစူးသို့ သွားသောဒုံးသည် မြောက်စူးစူးသို့ သွားသော ဒုံးဥပဒေကြောင့် အရှေ့မြောက်စူးစူးသို့ သွားသောဒုံးသည် ဝေးပင်ဝေးသော်လည်း မြောက်စူးစူးသို့ သွားသောဒုံးကိုမနိုင်ချေ။ အနိုင်အရှုံးအတွက် အုပ်စုတစ်စုနှင့် တစ်စု ဒုံးကျသည့်နေရာအကွာအဝေးကို ပြိုင်ကြသည်။ယခင်ကဒုံးအသံမြည် ပြိုင်ကြသည်ဟု မှတ်သားရသည်။ အများအားဖြင့် တွေ့ရသည်မှာ ပစ်မှတ်အတွင်း ၀င်မ၀င်ပြိုင်ကြသည်က များလေသည်။ တောင်ကြီးမြို့နယ်တွင် အကွာအဝေးချင်းတူနေလျှင်  ဂိုး၏ဗဟိုနှင့်နီးသူက နိုင်၏။ပင် လောင်းမြို့နယ်တွင် ဤသို့မဟုတ်ဘဲ အကွာအဝေးတူနေလျှင် အညီအမျှခွဲဝေယူကြသည်။ ဒုံးအနိုင်အရှုံးကို ဆုံးဖြတ်နိုင်ရန်အတွက် အဝေးမှ နေ၍ စောင့်ကြပ်ရသည်။ဂိုးထား၍ အနိုင်အရှုံးဆုံးဖြတ်ပါက ဂိုးအပြင်ဘက်တွင် ကျရောက်သော ဒုံးကိုအရှုံးဟုသတ်မှတ်သည်။ဒုံးလွှတ်ပြီးပါက ဒုံးကိုတူးယူပြီး အကွာအဝေးတိုင်းထွာကာ အနိုင်အရှုံးဆုံးဖြတ်ကြသည်။ ယခုအခါ ဒုံးကြီးများသည် ဂိုးမထားတော့ဘဲ ဗဟိုပစ်မှတ်ကိုထားကာ အကွာအဝေးဆုံးဖြတ်ကြသည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် ဒုံးတပ်ပြီဆိုသည်နှင့် ညာသံပေးကာ ပျော်ကြ၏။ မိမိတို့ဒုံးသည် အခြားသူများဒုံးထက်သာကြောင်း လင်္ကာဖြင့်စောင်းမြောင်း၍ ခေါင်းပေါင်း၊ အင်္ကျီများကိုပင်ချွတ်၍ပျော်ကြသည်။ ရွှံ့တွေ့ပါကလည်း လူးလိမ့်ကာပျော်ကြ၏။ တစ်ဘက်လူကို လည်း မခံချင်အောင်လက်ညှိုးထိုး၍စ၏။ ဒုံးမတက်သူများမှာ ဒုံးတက်သူ၏ကျီစယ်သမျှကို ခေါင်းငုံ၍ခံရရှာသည်။ အချို့ကအိုးမဲဖြင့် တစ်ဘက် လူ၏ မျက်နှာကိုသုတ်လိမ်းသည်အထိကျီစယ်ကြလေသည်။ တစ်ဘက်နှင့်တစ်ဘက်၊ တစ်ယောက်နှင့်တစ်ယောက်မည်မျှပင်လှောင်ပြောင် ကျီစယ်ကြသော်လည်း ခိုက်ရန်ဖြစ်ခြင်း၊ စိတ်ဆိုးခြင်းလုံးဝမရှိပေ။ လှောင်ပြောင်ကျီစယ်ခံရသူသည် နောင်နှစ်တွင် မိမိတို့ဒုံးသူတို့ထက်သာ သွားပါက သူတို့ကိုပြန်၍တုံ့ပြန်လှောင်ပြောင်ကြလေသည်။
            ဒုံးလွှတ်ခြင်းမှာ အန္တရာယ်များသဖြင့် လူနေအိမ်ခြေမရှိသော ကွင်းပြင်သို့သာပစ်လွှတ်ကြသည်။ ပအိုဝ်းတို့၏ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ) ကို ပအိုဝ်းတို့သာမက မြို့ပေါ်တွင်နေထိုင်ကြသည့် အခြားလူမျိုးများပါ စိတ်ဝင်စားကြသည်။ သူတို့သည် ပအိုဝ်းတို့နှင့်ရော၍ ပျော်ကြ၏။ ပအိုဝ်းတို့ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ) သည်ပျော်ပွဲရွှင်ပွဲအသွင်ကိုဆောင်ထားသော်လည်း စေတီကိုပူဇော်သည့် နှစ်သစ်ကူး ပွဲတော်၊ ဘာသာရေးအသွင်သဏ္ဌာန်မှာ ပျောက်ပျက်မသွားပေ။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ရွာနှင့်တစ်ရွာ ငြင်းခုံခိုက်ရန်ဖြစ်ပွား ခြင်းမရှိပေ။ ပအိုဝ်းတို့၏ “ ပွယ်လုဖိုင် ” (ဒုံးလွှတ်ပွဲ) ကိုလေ့လာလျှင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်း၊ စည်းလုံးသောအသွင်ကိုဆောင် ခြင်း၊ ဦးစီးခေါင်းဆောင်သူဖြစ်၏ စကားကိုနာခံခြင်း၊ ပွဲတော်ကော်မတီ၏အဆုံးအဖြတ်ကို နာခံခြင်းများကိုတွေ့ရပေသည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် “ ပွယ်လုဖိုင် ” (ဒုံးလွတ်ခြင်း) ကို ၀ါသနာပါကျွမ်းကျင်ရုံသာမက ဂုဏ်လည်းယူကြ၏။ ယခုခေတ်တွင် အာကာသသို့ ဒုံးပျံများပစ်လွတ်သည်ကို သိသောအခါ မိမိတို့က လွန်ခဲ့တဲ့နှစ်ပေါင်း ၃၆၀ ကျော်ကတည်းက ဒုံးကိုလွှတ်လာတာလုပ်လာတာ အဆန်းမဟုတ်ပါဘူးဟု ဂုဏ်ယူပြောဆိုကြ၏။ သို့သော် “ ပွယ်လုဖိုင် ” ခေါ် ဒုံးပြုလုပ်သည့်အတတ်မှာ ရှေ့ကအတိုင်းပင်ရှိ၏။ တိုးတက်မှုမရှိ ပေ။ အကယ်၍ ဒုံးလွတ်သည့်အတတ်ကို တိုးတက်ကြံဆတီထွင်နိုင်လျှင်-
ရာသီပွဲတော်များ
            ပအိုဝ်းတိုင်းရင်းသားတို့တွင် ဆယ်နှစ်ရာသီစလုံးပွဲတော်များရှိလေသည်။ ဆယ့်နှစ်ရာသီပွဲတော်များအနက် သင်္ကြန်ပွဲ၊ ၀ါကျွတ်ပွဲ၊ ကထိန်ခင်းပွဲများကိုသာ ခမ်းခမ်းနားနား၊ သိုင်းသိုင်းဝိုင်းဝိုင်း ကျင်းပကြသည်။ အခြားလများတွင်လည်း ရာသီအလိုက်ပွဲတော်များကျင်းပကြ၏။
            နှစ်သစ်သို့ ကူးပြောင်းချိန်ဖြစ်သော အတာသင်္ကြန့်ရက်များတွင်လည်း ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာများနည်းတူ သင်္ကြန်ပွဲ တော်ကို နွှဲပျော်ကြသည်။ သင်္ကြန်ကျရက်မှ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ကန်တော့ပွဲများဖြင့် ရွာတွင်းရှိ သက်ကြီးရွယ်အိုများကိုသွားရောက်ကန်တော့ကြသည်။ အသက်အရွယ်မကြီးသော်လည်း ဥပုသ်သီလဆောက်တည်သူများကို အကန်တော့ခံ ပုဂ္ဂိုလ်အဖြစ်သက်မှတ်ကာ ကန်တော့ကြသည်။
            သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန်၊ ဇရပ်များသို့ရွာလုံးကျွတ်သွားရောက်၍၊ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်များကို ရေသပ္ပာယ်ကြသည်။ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ချိုးရေခပ်ပေးခြင်းများပြုလုပ်ပေးကြသည်။ ဗုဒ္ဓရုပ်ပွား တော်များကို ရေသပ္ပာယ်နိုင်ရန် ဘုန်းတော်ကြီးကျောင်းရှေ့တွင်နေရာသီးသန့်ပြုလုပ်ထားကြသည်။
            ထို့ပြင်သင်္ကြန်ကာလသုံးရက်အတွင်းမည်သည့်တောင်ယာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကိုမျှ မပြုလုပ်ကြချေ။ အစားအသောက်မှ အစ သုံးရက်စာကြိုတင်သိုလှောင်ထားကြသည်။ အချို့မှာ သောက်သုံးရေကိုပင်သုံးရက်အတွက်ကြိုတင်ခပ်ထားကြသည်။
            သင်္ကြန်ရက်များအတွင်း မိမိတို့ရွာ၏ ၁၀ မိုင်ပတ်ဝန်းကျင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးမကျန် အိုးစည်ဗုံ မောင်းများတီးကာ၊ သွားရောက်ကန်တော့ကြသည်။ ဤသို့ဘုန်းကြီးကျောင်းတက်သည်ကိုပအိုဝ်းဘာသာအားဖြင့် “ ထန်ကျောင် ” ဟုခေါ်၏။
            သင်္ကြန်ကျချိန်တွင် မြန်မာများကဲ့သို့ပင် ရေပက်သောအလေ့အထရှိ၏။ အများအားဖြင့် သင်္ကြန်အတက်ရက်တွင် ရေပတ်လေ့ရှိကြ သည်။ ဘုရားသွားကျောင်းတက်သူများကိုမူကာ မပက်ကြပေ။
            ကဆုန်လနှင့် နယုန်လတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ကုသိုလ်ပြုရန် ဘုန်းတော်ကြီးကျောင်းသို့စုပေါင်း၍သွားလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်း၍ဆွမ်းချက်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်သူများကိုထမင်းကျွေးခြင်း စသည်တို့ကိုပြုလုပ်ကြလေသည်။ ထို့ပြင် ကဆုန်လတွင် ပျော်ရွှင်မှုအတွက် “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပြိုင်ပွဲကို စုပေါင်းဆင်နွှဲကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ကဆုန်လ၊ နယုန်လကို နှစ်သစ်လဟုယူဆကြ၏။ ထို့ကြောင့် တောင်ပေါ်ရှိ စေတီများတွင် ဆွမ်းလောင်းပွဲ ကျင်းပကြသည်။ ဆွမ်းလောင်းပြီးလျှင် “ လုဖိုင် ” ခေါ် ဒုံးကိုရှို့လွှတ်ကြသည်။ “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပွဲသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ပျော်စရာကောင်းသောပွဲတစ်မျိုးပင်ဖြစ်၏။ ကဆုန်၊ နယုန်လများတွင် “ ပွယ်ပန် ” ခေါ်ရှင်ပြုပွဲကိုလည်း ကျင်းပကြသေး၏။
            အများအားဖြင့် ဘုန်းတော်ကြီးကျောင်းအနီးတွင် ဆယ်ပေပတ်လည်ရှိသော လေးထောင့်ပုံပတ်လည်အဆောက်အအုံကိုပြုလုပ်ထား လေ့ရှိ၏။ တိုင်လေးတိုင် စိုက်ထူထားပြီးအကာမရှိဘဲ၊ အမိုးမိုးထား၏။ အလယ်နေရာတွင် ဘုရားရုပ်ပွားတော်များတင်ထားရန်စင်ဖြင့်ပြုလုပ် ထား၏။ ပွင်ပြီးသော ဘုရားလေးဆူကိုရည်မှန်း၍ ဘုရားလေးဆူတင်နိုင်ရန်ပြုလုပ်ထား၏။ ကျောင်းဆောင်နှင့် ဆယ်ပေအကွာနေရာတွင် ငါးပေခန့်အမြင့်ရှိသည့် ရေတံလျှောက်မှရေစီးလာလျှင် ရေများလည်၍စီးဆင်နိုင်စေရန် သစ်သားပြားအ၀ိုင်းပြုလုပ်ထား၏။ ရုပ်ပွားတော်များ ပေါ်သို့ နိမ့်လျောသော ရေတံလျှောက်ပြုလုပ်ထားသဖြင့် ရေတံလျှောက်မှရေများရုပ်ပွားတော်များပေါ်သို့စီးကျစေပြီး၊ ရေသပ္ပာယ်ပြီးသား ဖြစ်သွား၏။ အိမ်တွင်လည်း ဘုရားရေသပ္ပာယ်လေ့ရှိကြ၏။ အများအားဖြင့် အမျိုးသားများက ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ကို ကိုင်ပြီး သန့်ရှင်းစေရန် ရေသပ္ပာယ်လေ့ရှိကြ၏။ နှစ်ဟောင်းမှ အညစ်အကြေးစင်ကြယ်၍ နှစ်သစ်တွင်သန့်ရှင်းစေလိုသော စေတနာသဒ္ဒါတရားဖြင့် ကုသိုလ်ပြုကြခြင်းဖြစ်၏။
            ထို့ပြင် သက်ကြီးရွယ်အိုများကို ရေချိုးပေးခြင်း၊ ခြေဆေးလက်ဆေးပေးခြင်း၊ ကျောင်း၊ ဘုရားသို့သွား၍ ဘုရားပန်းအိုးများ ဆေးကြောသန့်စင်ခြင်း၊ ရေအသစ်လဲခြင်း၊ ပန်းများအသစ်လဲခြင်း ကုသိုလ်ကောင်းမှုပြုကြ၏။ ပန်းကတော့များပြုလုပ်၍လည်း ဘုရားကို ကပ်လှူပူဇော်လေ့ရှိ၏။
            သက်ကြီးများကိုလည်း ခေါင်းလျှော်ပေးကြ၏။ ခေါင်းလျှော်ရာတွင် ပထမဆုံးမိမိတို့ကျောင်းတက်စဉ်က ဘုရားတွင်လှူထားသော ရေကိုအိမ်သို့ယူဆောင်၍ ခေါင်းဆေးမင်္ဂလာပြုလေ့ရှိကြသည်။ နေ့သားအလိုက် အရိပ်ကောင်းသောသစ်ပင်အောက်တွင်စုရုံး၍ ခေါင်းဆေး မင်္ဂလာပြုလေ့ရှိကြ၏။ ခေါင်းဆေးမင်္ဂလာပြုကြမည့်သူများအား ရေကိုခွဲဝေပေးလေသည်။
            ရေကစားသည့် အလေ့ရှိသော်လည်း အနည်အကျဉ်းလောက်သာကစားကြလေသည်။ ရေပက်ကစားခြင်းနည်း၏။ ရှေးအခါက အမျိုးသားများသည် အမျိုးသမီးအားရေလောင်းကစားကြ၏။ ရေလောင်းပုံမှာ ရေကိုဘူးတွင်ထည့်၍ အမျိုးသမီး၏ ကျောပြင်၊ လက်မောင်း စသည်တို့ကိုလောင်းလေ့ရှိ၏။ ရာသီဥတုအေးသဖြင့် ရေများစွာလောင်းခြင်း၊ ပတ်ခြင်းကိုရှောင်ကြဉ်ကြခြင်းဖြစ်မည်ဟု ယူဆရပေသည်။
            တန်ခူးလတွင် “ မုန့်ဆီကျော်နှင့် မုန့်ဖက်ထုပ်များကိုပြုလုပ်၍ ဝေငှပေးလှူကြ၏။ မုန့်ဆီကြော်မှာ ကောက်ညှင်းမှုန့်ကို ကြံသကာ ရည်ဖြင့်ဖျော်ထားသော ကောက်ညှင်းမှုန့်ကို ငှက်ပျော်ဖက်ဖြင့်ထုပ်ထားခြင်းဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားတို့က “ မုန့်ဆီကြော် ” ကို            “ တခိုးစွမ် ” ဟုလည်းကောင်း၊ မုန့်ဖက်ထုပ်ကို “ တန်ခိုးလွမ် ” ဟုလည်းကောင်းခေါ်ကြသည်။ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ်တို့ကို ဘုရားတင် ခြင်း၊ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်းပြုကြသည်။ အနီးအနားပတ်ဝန်းကျင်ရွာများမှ ဆွေမျိုးမိတ်သင်္ဂဟများကိုလည်း သွားရောက်ဝေငှပေးလှူကြ၏။
            သင်္ကြန်ရက်များအတွင်း မိမိတို့ရွာ၏ ၁၀ မိုင်ပတ်ဝန်းကျင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးပါမကျန် အိုးစည်ဗုံမောင်းများတီးကာ သွားရောက်ကန်တော့ကြသည်။ ကျောင်းတက်သည်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ ထန်ကျောင် ” ( ကျောင်း တက်သည်) ဟုခေါ်၏။ သင်္ကြန်ရက်များတွင် ရွာလုံးကျွတ် ၃ ရက်မှ ၁၀ ရက်ခရီးအထိ လှူဖွယ်ပစ္စည်းစုံလင်စွာဖြင့် ကျောင်းတက်ကန်တော့ ကြလေသည်။ ဘုန်းကြီးကျောင်းကန်တော့သွားရာတွင် အမျိုးသမီးများသည် ဆွမ်းဟင်းခဲဖွယ်များကို ချိုင့်နှင့်ဖြစ်စေ၊ ဖက်နှင့်ထုပ်၍ဖြစ်စေ ယူဆောင်သွားလေ့ရှိကြပြီး။ ဘုရားဆွမ်းတော်ကပ်ခြင်း၊ ဘုန်းတော်ကြီးကို ဆွမ်းကပ်ခြင်းပြုလေ့ရှိကြသည်။ အချို့မှာ ကန်တော့ပြီးနောက် သီလယူ၍ ဥပုသ်စောင့်လေ့ရှိကြသည်။ “မော်အေး” (ကွက်စိပ်ဟော) သည်ကို နားထောင်ကြသည်။
            တန်ခူးလတွင် လက်ထပ်ခြင်းကိုရှောင်ကြဉ်ကြ၏။
            ဥပုသ်ဆွမ်းကိုရပ်ကွက်အလိုက်လည်းကောင်း၊ တစ်ရွာလုံးအနေဖြင့်လည်းကောင်း၊ ကျင်းပကြသည်။ ရွာကြီးပါက ရပ်ကွက်အလိုက် တာဝန်ယူကျင်းပကြသည်။ တာဝန်ကျသည့် ရပ်ကွက်သည် အလှူငွေ၊ ဆန်စသည်တို့ကို ရပ်ကွက်တစ်ခုလုံးတွင်ကောက်ခံ၍ကျင်းပ၏။ ငွေအင်အားအလိုက် သင့်တော်သလို ကျွေးမွေးလှူဒါန်း၏။ အလှူငွေကောက်ခံခြင်း၊ ချက်ပြုတ်ခြင်းစသည်တို့ကို လူကြီးလူငယ်၊ အပျိုအအို မရွေးစုပေါင်းလုပ်ဆောင်ကြသည်ကိုတွေ့ရသည်။
            ဥပုသ်နေ့ညနေ ၃ နာရီမှ ၅ နာရီအကြားတွင် ကာလသားနှစ်ယောက်ခန့်သည် ပေါက်ပေါက်၊ အိုး၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဆေး စသည်တို့ကိုယူဆောင်၍ ဥပုသ်ဇရပ်သို့သွားရ၏။ ထို့နောက် ဥပုသ်စောင့်သူလူကြီးသူမများကို ၎င်းတို့အဆင်သင့်ထားရှိသော ကွမ်းအစ်ဖုံး ခွက်စသည်တို့တွင် ပေါက်ပေါက်နည်းနည်းစီထည့်ပေးကြ၏။ ဥပုသ်သည်များကို ရိုသေစွာရှိခိုး၍ ရိုးရိုးစကားများဖြင့်လည်းကောင်း၊ ကဗျာ လင်္ကာဖြင့်လည်းကောင်း ပင့်ဖိတ်ရသည်။
            ဥပုသ်သည်များကလည်း မိမိတို့လက်ခံပါကြောင်းကို ရိုးရိုးစကားဖြင့်လည်းကောင်း၊ ကဗျာလင်္ကာဖြင့်လည်းကောင်းပြန်လည်ဖြေ ကြားသည်။ ဥပုဒ်သည်များကို ဖိတ်ရာတွင် ဘုန်းတော်ကြီးကို အလျင်အကြောင်းကြားဖိတ်မန္တကပြုပြီးမှ ဥပုဒ်သည်များကိုဖိတ်ရ၏။ ထိုညတွင် ဥပုဒ်စောင့်သူများသည် ဇရပ်တွင်ပင်အိပ့်ကြရ၏။ ဥပုဒ်သည်များကို ဆွမ်းကျွေးမွေးလှူဒါန်းရခြင်းမှာ ဥပုဒ်သည်များသည် ကျောင်းသို့သွား၍ မိမိတို့သားသမီးများကိုခွဲခွာကာ သံယောဇဉ်ဖြတ်သူ၊ ဥပုဒ်စောင့်ကြသူများဖြစ်သဖြင့်ပို၍ အကျိုးရှိသည်ဟုယူဆကြ၏။
            ဥပုဒ်သည်များသည် ကာသားတိုကပင့်ဖိတ်သည်ကိုလက်ခံကြောင်းပြောကြရ၏။ ထိုသို့ပြောရာတွင် “ သားတို့သမီးတို့ပင့်ဖိတ် သည်ကိုလက်ခံပါသည် ” ဟုမပြောရပေ။ သားတို့သမီးတို့အစား “ မောင်တို့ မယ်တို့” ဟုပြောရသည်။ သားတို့သမီးတို့ဟုပြောပါက ဥပုဒ် စောင့်သူများသည် သံယောဇဉ်မကုန်ဟုယူဆကြ၏။
            နောက်မနက်မိုးလင်းချိန်တွင် ဥပုဒ်ဆွမ်းကျွေးရန်တာဝန်ကျသူကာလသား၊ ကာလသမီးများသည် ထမင်းဟင်းများကို ကျောင်းသို့ သယ်ဆောင်၍ ဘုန်းတော်ကြီးကိုဆွမ်းကပ်၏။ ထို့နောက် ဥပုဒ်သည်များကိုကျွေးမွေးလေသည်။ ဥပုဒ်ဆွမ်းကျွေးမွေးပြီးသောအခါ ဥပုဒ်သည် တစ်ယောက်ဆီအတွက် ဆေးလိပ်တစ်လိပ်စီ၊ အသင့်ရာထားသော ကွမ်းယာတစ်ယာစီဝေငှလေသည်။ ဤအမှုများပြီးသောအခါ ဥပုဒ်စောင့် သူများရော၊ ကာလသား၊ ကာလသမီးများပါ တရားတော်ကို အတူတကွနာယူကြ၏။ တရားတော်နာယူပြီးသောအခါ မိမိတို့အိမ်သို့ပြန်ကြ လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့ဥည် တစ်လလျှင် နှစ်ကြိမ်ကျ ဥပုဒ်ဆွမ်းကျွေးပွဲကိုကျင်းပပြီး၊ ၀ါတွင်းသုံးလအချိန်ကို ကုန်လွန်စေသည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် သီတင်းကျွတ်လတွင် ၀ါကျွတ်ပွဲကိုဆင်နွှဲကြပြန်၏။ ၀ါကျွတ်ပွဲကို ဂေါတမမြတ်စွာဘုရားတာဝတိံသာ နတ်ပြည်မှကြွဆင်းသည့် အချိန်အခါအဖြစ်ဆင်နွှဲကြ၏။ ၀ါကျွတ်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်အဖိတ်နေ့မှ လဆန်း ၁၅ ရက် လပြည့် နေ့အထိ နှစ်ရက်ကြာဆင်နွှဲကြ၏။ ဤနှစ်ရက်လုံးတွင် ဘုရားကိုဆီမီးပူဇော်ကြသည်။ ဤပွဲကို “ ပွယ်ပန်မေဗို ” ဟုခေါ်၏။
            “ ပွယ်ပန်မေဗို ” ခေါ် ၀ါကျွတ်မီးပူဇော်ပုံမှာ တစ်တိုင်နှင့်တစ်တိုင် ဆယ်ပေခန့်ကွာဝေးသည့် ၀ါးတိုင်ကလေးများပေါ်တွင် ၀ါးခြမ်းရှည် ခပ်ပါးပါးကို ဆက်၍ သွယ်တန်းထား၏။ ထိုဝါးခြမ်းရှည်ပေါ်တွင် မီးပုံးများကို ချိတ်ဆွဲထွန်းညှိထား၏။ မီးတိုင်များကို အမျိုးသမီးများ တစ်ယောက်တစ်တိုင်စီကိုင်ကြ၏။ အိုးစည်ဗုံမောင်းတီး၍ ထိုဆီမီးတိုင်ကိုစေတီသို့သယ်ဆောင်ပူဇော်ကြသည်။ ဤသို့သယ်ဆောင်ရာတွင် မီးပုံးတန်းကြီးမှာ စေတီသို့အရောက်လမ်းတစ်လျှောက်တွင် နှစ်ဖာလုံခန့်ရှည်လျားပြီး၊ တပျော်တပါးသယ်ဆောင်ကြသည်။ စေတီယင်ပြင်သို့ ရောက်လျှင် ယင်းမီးပုံးတန်းကြီးကို စေတီပတ်လည်ဝိုင်းရံ၍ စိုက်ထူပူဇော်ကြသည်။
            စေတီပတ်လည်တွင် ထိုးထားသည့် အမြင့်လူတစ်ရပ်၊ အကျယ်တစ်ပေခွဲခန့်ရှိစင်များပေါ်တွင် ဆီမီးခွက် ၁၀၀၀ တိတိကို ညနေ ၆ နာရီလောက်မှစ၍ မီးထွန်းညှိပူဇော်ကြသည်။ ဆီမီးခွက်စင်၏အောက်တွင်လည်း ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်းပွင့်များနှင့် ယာခင်းထွက် သစ်သီးဝလံများကို ကြိုးဖြင့်ချိတ်ဆွဲကပ်လှူကြလေသည်။
            အချို့မှာ ဘုရားကျောင်းဆောင်ကိုနှီးတို့ဖြင့် ယက်လုပ်၍ ဆေးရောင်ခြယ်ခြင်း၊ ရောင်စုံစက္ကူကပ်ခြင်းဖြင့် လှပအောင်ပြုလုပ်ထား၏။ ဘုရားကျောင်းဆောင်၏ ထောင့်လေးထောင့်တွင် ငှက်ပျောပင်၊ ကြံပင်များကိုစိုက်ထူချည်နှောင်ထား၏။ ဘုရားကျောင်းဆောင်အောက်တွင် လည်း ခြံထွက်သစ်သီးဝလံများကို ချိတ်ဆွဲလှူဒါန်းကြ၏။ သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့ညဘက်တွင် ဘုရားကျောင်းဆောင်တွင် ပန်း၊ ဆီမီး၊ ရေချမ်းတို့ဖြင့် လှူဒါန်းပူဇော်ကြ၏။ ဘုရားကျောင်းအောက်တွင် ချိတ်ဆွဲထားသော သစ်သီးဝလံကိုသီတင်းကျွတ်လပြည့်ကျော် သုံးရက်လွန်မှသာ မိမိတို့ပူဇော်ထားသောသစ်သီးဝလံများကိုစွန့်ပစ်ကြသည်။ ဘုရားကျောင်းဆောင်ကိုလည်းလူနှင့်ဝေးရာတွင်စွန့်ပစ်ကြ သည်။ သစ်သားဖြင့်အခိုင်အခန့်ပြုလုပ်ထားသူများအဖို့မူ နောင်နှစ်တွင်ဆက်လက်ပူဇော်လှူဒါန်းနိုင်ရန် သိမ်းဆည်းထားကြသည်။
            သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ညဘက်တွင် ပအိုဝ်းအမျိုးသမီးများသည် ထင်းရှုးသားများကိုစုစည်း၍ လည်းကောင်း၊ ဖယောင်း တိုင်၊ ဆီမီးခွက်တို့ဖြင့်လည်းကောင်း ဘုရားသို့သွား၍ ပူဇော်လေ့ရှိ၏။ တံခါးပေါက်၊ အိမ်လှေကားဦး၊ အိမ်ဝင်ပေါက်၊ မီးဖို၊ ဆန်အိုး၊ အ၀တ် သေတ္တာ၊ ရွာထိပ်ရှိနတ်စင်ပါမကျန် မီးထွန်းညှိပူဇော်လေ့ရှိကြ၏။ သီတင်းကျွတ်လတွင် လူပျို၊ အပျိုစုပေါင်း၍ ကျောင်းသွားလမ်း၊ ဘုရားလမ်း တို့ကို လုပ်အားပေးကုသိုလ်ပြုလေ့ရှိကြသည်။
ပွယ်လော
            ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူပါက မြန်မာများနည်းတူ ဘုန်းကြီးပျံပွဲကို စည်စည်ကားကားခမ်းခမ်းနားနား ကျင်းပကြ၏။ ဘ၀နတ်ထံ ပျံလွန်တော်မူလေပြီးသော ဆရာတော်ဘုန်းတော်ကြီးအား မီးသင်္ဂြိုလ်ပူဇော်သည့် ဘုန်းကြီးပျံပွဲတော်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ ပွယ်လော ” ဟုခေါ်၏။ “ ပွယ်လော ” မှာ “ လှည်းပွဲ ” ဟု အဓိပ္ပာယ်ရလေသည်။ ဘ၀နတ်ထံပျံလွန်တော်မူသော ဆရာတော်ဘုန်းကြီးသည် သက်တော်ဝါတော်ကြီးဆရာတော်၊ တကာများက ရိုသေ ကြည်ညိုသည့် ဆရာတော်ဖြစ်ပါက တကာများ၏ ဆန္ဒအပေါ်မူတည်၍ ခမ်းခမ်းနားနား ကျင်းပကြသည်။ သက်တော်ဝါတော်ကြီး ဘုန်းကြီးသာ မက သက်တော်ဝါတော်ကြီး ဦးပဉ္စင်းပျံလွန်တော်မူပါကလည်း၊ ဘုန်းကြီးပျံပွဲကို ကျင်းပလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် “ပွယ်လော” ခေါ် ဘုန်းကြီးပျံပွဲကို တောင်ယာလုပ်ငန်း၊ ခြံလုပ်ငန်းအားလပ်ချိန်များဖြစ်သည့် ပြာသို၊ တပိုတွဲလများတွင် ကျင်းပကြလေသည်။ အလုပ်အားချိန်တွင်သာ ကျင်းပကြသဖြင့် ပွဲတော်ရက်ကြာတက်လေသည်။ အချို့ကလည်းပွဲတော် ခမ်းနားရေးအတွက် ပစ္စည်းစုဆောင်းပြင် ဆင်ရ၍ အချိန်ကြာလေသည်။
            ဘုန်းတော်ကြီးဘ၀နတ်ထံပျံလွန်တော်မူသည်နှင့် ကျောင်းရှေ့တွင် ပြာသာဒ်ကိုဆောက်ကာ ရိုးရာစပ်ပန်းချီဖြင့် လှပစွာမွမ်းမံအလှ ဆင်ကြ၏။ ထိုပြာသာဒ်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ ကျောင်နိဗ္ဗာန်” ဟုခေါ်၏။ ထိုနောက် ရုပ်ကလာပ်တော်ကို “ ကွမ် ” ခေါ် လောင်တိုက်ထဲသို့ထည့်ကာ လုံအောင်ပိတ်ပြီးပြာသာဒ်ကိုပြောင်းရွှေ့လေသည်။ အချို့ဘုန်းတော်ကြီးတို့သည် “ ကွမ် ” ခေါ် လောင်တိုက် ကို ဘ၀နတ်ထံမပျံလွန်တော်မူမီ ကြိုတင်ပြုလုပ်ထားတက်ကြ၏။
            ရုပ်ကလာပ်တော် ပြဿဒ်တွင်စံနေတော်မူစဉ် ရွာသားများအလှည့်ကျစောင့်ကြရ၏။ အခြားရွာမှလည်း လာ၍အလှူငွေထည့်ဝင် လှူဒါန်းကြ၏။ ရိုးရာစပ်ပန်းချီဆရာက ကုဝေရ၊ ၀ိရူပက္ခ၊ ဓတရဋ္ဌ၊ ၀ိရုဠကစသော နတ်မင်းကြီးလေးပါးအရုပ်ပန်းချီကားကို ရေးဆွဲ၏။ နတ်မင်း ကြီးလေးပါးအရုပ်ပန်းချီကားရေးဆွဲပြီးသောအခါ ထိုနတ်မင်းအရုပ်ပန်းချီးကားဖြင့် ရုပ်ကလာပ်တော်ကို စောင့်စေ၏။ နတ်မင်းကြီးလေးပါး အရုပ်စောင့်ပြီးပါက ရွာသားများစောင့်စရာမလိုတော့ချေ။
            ရုပ်ကလာပ်တော်ကို ကျောင်းပေါ်မှနေ၍ “ ကျောင်းနိဗ္ဗာန်” ခေါ် ပြာဿဒ်သို့ပြောင်းရွှေ့သည့်နေ့တွင် ပွဲလာဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေး၏။ “မော်” ခေါ် ပအိုဝ်းစာဟောဆရာကလည်း တရားကိုဟောပြော၏။ ရုပ်ကလာပ်တော်ပြာဿဒ်တွင် စံနေတော်မူစဉ် ကာလ အတွင်းရွာမှဖြစ်စေ၊ အခြားရွာမှဖြစ်စေ လင်္ကာကျွမ်းကျင်သူအမျိုးသမီး လေးငါးယောက်တို့သည် ဘုန်းတော်ကြီးကို တမ်းတလွမ်းဆွတ်သည့် အကြောင်းနှင့် သံဝေဂတရားရစေသည့်အကြောင်းကို သံနေသံထားဖြင့် လင်္ကာရွတ်ဆို၏။ ထိုသို့လင်္ကာရွတ်ဆိုရာတွင် မျက်ရည်မကျရပေ။ မငိုရပေ။ ဤသို့ လင်္ကာရွတ်ဆိုခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ ငါးကမ္မဋ္ဌာန်းဖြင့် ငို၍တမ်းတခြင်း) ဟုခေါ်၏။ ဤသို့ လင်္ကာရွတ်ဆိုခြင်း သည် ကုသိုလ်ရသည်၊ ကုသိုလ်ကြီးသည်ဟု ယုံကြည်ယူဆကြလေသည်။
            ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုလ်တော့မည်ဆိုပါက နှစ်ရက်ကြာပွဲကျင်းပ၏။ ပွဲပထမနေ့ကို “ ခမ်ထင် ” (ဧည့်ခံပွဲ) ဟုခေါ်ပြီး၊ ထိုနေ့ တွင် ပွဲလာသူတိုကအား ဧည့်ခံကျွေးမွေးလေသည်။ ထိုနေ့တွင်လည်း “ မော် ” ခေါ် ပအိုဝ်းစာဟောဆရာ ပအိုဝ်းဇာတ်ကို ပင့်ဖိတ်ကြ၏။ ရုပ်ကလာပ်တော်ကို “ ကျောင်းနိဗ္ဗာန် ” ခေါ် ပြာဿဒ်မှချသည်နှင့် “ ကျောင်နိဗ္ဗာန် ” ကိုချက်ချင်းဖျက်ရသည်။
            ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုလ်မီ ရုပ်ကလာပ်တော်ကိုတင်ဆောင်ရန် ရှစ်လက်မခန့်ထူသည့် သစ်သားကြီးများဖြင့် ပြုလုပ်ပြင်ဆင် ကြသည်။ ထို့နောက် ထွင်းထုထားသောသစ်သားဘီးဖြင့်တပ်ကာ နှီးကြိုးကြီးများဖြင့် ဆွဲကြသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့က    “ ပွယ်လော ” ( လှည်းဆွဲပွဲ ) ဟုခေါ်ကြခြင်းဖြစ်၏။ ယခုအခါ လွယ်ကူမူကိုလိုက်၍ လှည်းဘီးကိုဖြုတ်၍တပ်ကြသည်။ ပွဲပြီးလျှင် ပိုင်ရှင်ကိုပြန် ပေး၏။ အချို့က ဘီးမတပ်ပဲဆွဲရာ ထိုဆွဲနည်းကို “ ထို့ကျွတ် ” ဟုခေါ်၏။ ဤဆွဲနည်းမှာ ဘေးကင်းပြီးဆွဲသည့် လူအားပေါ်တွင်မူတည်၍ သွားလေသည်။ ဘီးမပါသဖြင့် အဆွဲရပ်သောအခါ နေရာလည်းမရွှေ့ပေ။ ရုပ်ကလာပ်တော်ကိုတင်သည့် လှည်းကိုဆွဲရာတွင် အမဲသားစိမ် ကျွေးပေးရ၏။ သို့မဟုတ်ပါက လှည်းဆွဲသူတိုကအား ထိခိုက်ဒဏ်ရာရစေတက်သည်ဟုအယူရှိကြလေသည်။
            ရုပ်ကလာပ်တော်ကို တင်သည့်လှည်းကိုဆွဲရန်နှီးကြိုးကြီးကိုကျစ်ရန်အတွက် ရွာမှလူအင်အားနည်းပါက အခြားရွာကိုတာဝန်ပေး ကျစ်ခိုင်းကြသည်။ လှည်းဆွဲမည့်နေရာပေါ်မူတည်၍ ကြိုးအတိုးအရှည်ကိုကျစ်ကြလေသည်။ နှီးကြိုးကြီးမှာ လုံးပတ်ခြောက်လက်မခန့်ရှိ၏။ နှီးကြိုးကြီးမှာ နှီးကြိုးငယ်ကိုးပင်ကိုစုပေါင်းကျစ်ထားခြင်းဖြစ်၏။ ထို့ကြောင့်ထိုကြိုးကို “ ကောက်ကြို ” ( ကိုးပင်ကြိုး ) ဟုခေါ်သည်။ ရုပ်ကလာပ်တော်ကိုတင်သည့် လှည်းဆွဲရာတွင် တစ်ရွာနှင့်တစ်ရွာ၊ တစ်ဒေသနှင့် တစ်ဒေသပြိုင်၍ဆွဲလေ့ရှိကြ၏။ နိုင်သူတို့က ရှုံးသူတို့အား “ ယီးယီး ” ဟု လက်ညှိုးထိုးကာ လှောင်ပြောင်ကျီစယ်ကြလေသည်။
            မီးသင်္ဂြိုလ်ရက်နီးလာသည်နှင့် မီးသင်္ဂြိုလ်ရာတွင် လိုအပ်မည့် ဓါး၊ ရဲဒင်း၊ တူ၊ လွှ စသည်တို့ကို ငွေရောင်၊ ရွှေရောင်စက္ကူဖြင့် ကပ် ကြသည်။ မီးသင်္ဂြိုလ်သည့်နေ့တွင် ထိုပစ္စည်းကိုအသုံးပြုပြီး အသုံးပြုသူသည် ထိုပစ္စည်းကို မိမိအိမ်သို့ယူသွားခွင်ရှိ၏။ မီးသင်္ဂြိုလ်ရန်ထင်း ကို ရွာသားများကစုဆောင်းကြရသည်။ ထင်းရိုင်းများအပေါ်တွင် “ စိုနမ်စာ ” ခေါ် နံ့သာထင်းလေးချောင်း သို့မဟုတ် ရှစ်ချောင်းကို တင်ထား ရ၏။ ရုပ်ကလာပ်အပေါ်တွင်လည်း “ မို့ ” ခေါ် ပိတ်ဖြူကိုဖြန့်မိုးထားရ၏။ မွန်လွဲ ၂ နာရီခန့်တွင် မီးသင်္ဂြိုလ်ကြလေသည်။
            လောင်တိုက်ကို မီးသင်္ဂြိုလ်ရာတွင် “ မေရှုး ” ခေါ် မီးရှုးဖြင့် မီးရှို့လွှတ်သင်္ဂြိုလ်ကြ၏။ “ မေရှုး ” ခေါ် မီးရှုးကိုအောက်မှနေ၍ သွပ်ကြိုးဖြင့်တန်းကာ ရှို့လွတ်ကြသည်။ ထိုအခါ “ မေရှုး ” ခေါ် မီးရှူးသည် သွပ်ကြိုးတစ်လျှောက်ပြေးပြီး လောင်တိုက်ကိုထိမှန်ကာ မီးလောင်ကူးစက်လေသည်။ အချို့က ပုခက်သဖွယ်ပြုလုပ်၍ သင်္ဂြိုလ်ကြသည်။ သင်္ဂြိုလ်ပုံမှာ လူလေးယောက်ကို တစ်ဖက်နှစ်ယောက်စီ ရုပ်ကလာပ်တော်ကိုပုခက်လွှဲ၍ မီးသွေးဖြင့်သင်္ဂြိုလ်ကြခြင်းဖြစ်၏။ မီးသင်္ဂြိုလ်ရာတွင် မီးလုံးဝမကြွင်းကျန်စေရပေ။ မီးကြွင်းမီးကျန်ရှိနေပါက ရွာကိုထိခိုက်တက်သည်ဟု အယူရှိကြသည်။ သင်္ဂြိုလ်ပြီးသောအခါ အရိုးကိုကောက်ပြီးရွာ၏ “ သီရိ ” မြေနေရာတွင် “ မုတ် ” ခေါ် ဂူကိုတည် ကြလေသည်။ “ ပွယ်လော ” ခေါ် ဘုန်းကြီးပျံပွဲတော်သည်လည်း “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွတ်ပွဲကဲ့သို့ ပအိုဝ်းရိုးရာဓလေ့ပွဲတော်များတွင် အပျော်ဆုံးပွဲတစ်မျိုးပင်ဖြစ်၏။
ကထိန်ခင်းပွဲ
            ကထိန်ခင်းပွဲကို ပအိုဝ်းတိုင်းရင်းသားတို့က “ ပွယ်ကထင် ” ဟုခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့ သည် ကထိန်ခင်းပွဲ၊ တန်ဆောင်တိုင်ပွဲကို အထူးအထွေ မဆင်နွဲကြသော်လည်း အောက်မြန်မာပြည်တောင်ငူခရိုင် ဇရပ်ကြီးကျေးရွာတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့မူကာ ပျော်ပျော်ပါးပါး၊ ခမ်းခမ်းနားနားဆင်နွှဲကြသည်။ မြင့်မားပြီးလှပသော တန်ဆောင်းပြဿဒ် သဏ္ဍာန်တည်ဆောက်ကာ၊ တန်ဆောင်တိုင်ပွဲတော်ကိုဆင်နွှဲကြသည်။ နတ်ရွာကျေးရွာသည် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် ကျင်းပ ၏။ ဇရပ်ကြီးကျေးရွာမူ၊ တန်ဆောင်မုန်းလပြည့်နေ့ရောက်မှသာကျင်းပလေသည်။
            ဇရပ်ကြီးကျေးရွာတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့သည် သထုံမှပြောင်းရွှေ့လာကြသူများဟုယူဆထား သည်။ ထို့ကြောင့်မိမိတို့ရှိ အပိုင်းလေးပိုင်းကိုလည်း၊ သထုံတွင်ရှိသော ရွာအမည်များဖြင့် ကျုံပါပိုင်း၊ တံတားဦးပိုင်း၊ နောင်ကုလားပိုင်းနှင့် အောက်ကျင်းပိုင်းဟူ၍ ခွဲခြားထားသည်။ တန်ဆောင်တိုင်ပွဲကျင်းပရန် အချိန်နီးကပ်လာသည်နှင့် ကိုယ့်အပိုင်းနှင့်ကိုယ် ၀ါး၊ နှီးစသည့် တန်ဆောင်တိုင်လုပ်ရန် ပစ္စည်းကရိယာများကိုစုဆောင်းထားရသည်။
            အပိုင်းတစ်ပိုင်းတွင် “ ခိုဗန်တန် ” ခေါ် လူပျိုခေါင်းတစ်ဦးစီရှိ၏။ လူပျိုခေါင်းကဦးစီး၍ သူ၏အိမ်တွင်တန်ဆောင်တိုင်ကိုလုပ်ကိုင်ကြရ သည်။ တန်ဆောင်တိုင်မှာ မီးပဒေသာပင်ဖြစ်၏။ ဇရပ်ကြီးကျေးရွာနေ ပအိုဝ်းတို့က “ တလှူမွူး ” ဟုခေါ်သည်။ တန်ဆောင်တိုင်ကိုလုပ်ရန် အတွက် ၀ါးပိုးခပ်ကြီးကြီးကိုရှာရသည်။ သို့မှလည်း ဘုရားကိုသယ်ဆောင်သွားကြရာ၌၊ တင်မရာကစားရာ၌ ကျိုးရန်မစိုးရိမ်ရတော့ပေ။
            တန်ဆောင်တိုင်မလုပ်ခင် ပထမဦးစွာ မိမိတို့လိုချင်သည့်ပုံကို အကြမ်းဖျင်းအရင်ရေးဆွဲရသည်။ ပုံကြမ်းရလျှင် လိုအပ်သောဝါးများ ကိုခွဲစိတ်ရ၏။ ဖြာရ၏။ ပအိုဝ်းလူငယ်လူရွယ်များသည် အင်ဂျင်နီယာပညာမတက်မြောက်ကြသော်လည်း ဆန်းသစ်တီထွင်မှုကိုပြုကြသည်။
            တန်ဆောင်တိုင်မှာ တစ်ပိုင်းနှင်တစ်ပိုင်း ပုံသဏ္ဍာန်ချင်းမတူညီရပေ။ ဥပမာ-ကျုံပါပိုင်းက ခါးသေး၍ရင်ချီသောပုံကိုပြုလုပ်လျှင် တံတားဦးပိုင်းက အထက်မှနေ၍ အောက်သို့အဆင့်ဆင့်ကြီးသွားသည့်ပုံမျိုးကို ပြုလုပ်ရသည်။ ပန်းချီမျက်စိဖြင့် ကြည့်လှစေရန်နှင့် သာမန် မျက်စေ့ဖြင့်ကြည့်လျှင်လည်း မရိုင်းစေရန်အတွက် စက္ကူကိုဆေးရောင်စုံခြယ်သကြ၏။
            ထို့နောက်အတောင့်ဆုံး ၀ါးလုံးကိုစု၍အလယ်အူတိုင်ကိုပြုလုပ်ရသည်။ အလယ်အူတိုင်ကိုအပြင်မှနေကြည့်လျှင်မမြင်ရအောင် ရောင်စုံခြယ်ထားသောစက္ကူကတ်များကို လိုအပ်သည့်နေရာတွင်ချည်ရ၏။ ဆံဖွားများ၊ ကြာဖူးများ၊ ပန်းပွင့်များကိုသူ့နေရာနှင့်သူ လိုအပ် သလိုထည့်ပေးရ၏။
            တန်ဆောင်တိုင်ကိုဆင်သောအခါ ၀ါးလုံးရှည်အူတိုင်ကြီးကို လှဲ့ထားရသည်။ ဆင်းပြီးသောအခါတန်ဆောင်တိုင်ကိုထူရန်အတွက် ကာလသားလူပျိုလူရွယ် ၂၀ မှ ၂၅ ယောက်အထိအောက်ခြေတိုင်ပေါ်သို့ တက်ပေးရ၏။ ထိပ်ဖျားကိုလည်း ကြိုးနှင့်သိုင်းထားရသည်။ ထူရာတွင်လည်း လျင်မြန်စွာထူရသည်။ လျင်မြန်စွာမထူနိုင်ပါက အောက်ခြေ၀ါးစများသည် လူကိုပြန်ပိတတ်၏။ သို့သော်လည်းဇရပ်ကြီး ကျေးရွာတွင် တန်ဆောင်တိုင်ထူ၍ လူပိသည်ဟူ၍မရှိသေးပေ။ တန်ဆောင်တိုင်ကို ထူပြီးသောအခါမလဲအောင် အောက်ခြေကိုကြိုးများဖြင့် သိုင်းချီရ၏။ တန်ဆောင်တိုင်ကိုထူလျှင် ပအိုဝ်းအိုးစည်ဗုံးမောင်းများဖြင့်တီး၍ထူကြသည်။ အမျိုးသမီးများသည် အမျိုးသားများကို အားပေး သည့်အနေဖြင့် ကခုန်ကြသည်မှာပျော်စရာပင်ဖြစ်ပါသည်။
            တန်ဆောင်တိုင်ကိုထူပြီးလျှင် ညသို့ရောက်သောအခါတန်ဆောင်တိုင်ထိပ်ဖျားကို ကြိုးနှင့်ဆက်သွယ်ပြီး မီးပုံများကိုသွယ်တန်း ထွန်းညှိကြသည်။ အဝေးမှလှမ်းမျှော်ကြည့်ပါကစေတီကို မီးပူဇော်ထားသည်ဟု ထင်မှတ်ရပါသည်။ တန်ဆောင်တိုင်မီးကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်ညတွင် ဘုရားကိုပူဇော်ကြသည်။
            တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ (အဖိတ်နေ့) တွင်ပင် ကိုယ့်အပိုင်းနှင့်ကိုယ် သံဃာတော်များကိုလှူဒါန်းရန်အတွက် ပဒေသာပင်ကိုသီးကြသည်။ ပဒေသာပင်တွင်သီးကြသည့် လှူဖွယ်ဝတ္တုများမှာ အများအားဖြင့် ထီး၊ ဖိနပ်၊ အိုး၊ ခွက်၊ ရေပုံးစသည်တို့ဖြစ်ပါ သည်။ ပဒေသာသီးများကို တန်ဆောင်တိုင်ပေါ်တွင်တက်ချိတ်ရ၏။ ချိတ်သည့်အခါတွင်လည်း လှုပ်သည့်အခါမကျစေရန်မြဲမြဲချိန်ထားရသည်။ တန်ဆောင်တိုင်သည် အမြင့်ပေ ၁၅၀ လောက်ရှိသဖြင့် မရန်လူ ၄၀ မှ ၅၀ထိလိုလေသည်။
            ရွာနှင့်ဘုရားသည် သုံးဖာလုံ၊ လေးဖာလုံလောက်ဝေး၏။ တန်ဆောင်မုန်းလပြည့်ညနေပိုင်း ၂ နာရီထိုးသည်နှင့် ရွာမှဘုရားသို့သွား ရန် အဆင်သင့်ဖြစ်နေကြသည်။ အမျိုးသမီးများသည် ကိုယ့်အပိုင်းနှင့်ကိုယ် ဘုရားကိုပူဇော်ရန်ကြာသင်္ကန်းပူဇော်ကြသည်။ အမျိုးသမီးများက လည်း ကိုယ့်အပိုင်းနှင့်ကိုယ် ဘုရားကိုပူဇော်ရန်အတွက် ကြာသင်္ကန်းကိုရှေ့မှကိုင်ဆောင်သွားရ၏။ လူငယ်ပိုင်းတို့သည် တန်ဆောင်တိုင်ကို နောက်မှနေ၍ မချီကြရ၏။
            လေးပိုင်းတွင်ရှိသော ကြာသင်္ကန်းအားလုံးကို ကန်တော့ပွဲနောက်မှလိုက်သွားကြရ၏။ တန်ဆောင်တိုင်ကို လှည့်ရာတွင်စည်းကာလှ ၏။ အမြို့မြို့အနယ်နယ်မှ လာရောက်ကြည့်ရှုကြသည်။ လူတွေများလွန်း၍ လမ်းပိတ်သွားတတ်၏။ လမ်းပိတ်သွားသောအခါ သွားလာရေး ခက်ခဲသွား၏။ ထို့ကြောင့်လူအုပ်ကိုခွဲရန်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျွဲရိုင်းဟုဆိုကာ ကျွဲနှင့်တူအောင်နှစ်ကောင်သုံးကောင်ခန့်လုပ်ရ ၏။ ကျွဲရိုင်းလူအုပ်ထဲတိုးဝင်သောအခါမှသာ လူများလမ်းဖယ်ပေးကြ၏။ ထိုအခါတန်ဆောင်တိုင်ကို သယ်ရန်လွယ်ကူလေသည်။ ကိုယ့်အပိုင်း နှင့်ကိုယ် အပြိုင်အဆိုင်ပြုလုပ်ကြ၏။
            တန်ဆောင်တိုင်၏နောက်တွင် အတီးအမှုတ်များပါသည်။ အများအားဖြင့် အိုးစည်ပင်ဖြစ်၏။ နောင်ကုလားပိုင်းမူကား ဗြောကိုတီးလေ သည်။ တန်ဆောင်တိုင်ကိုမရာတွင် လေးဘက်လေးတန်ညီညီမရ၏။ ဤသို့မဟုတ်ပါက တန်ဆောင်တိုင်သည် တစ်ဖက်စောင်းနင်းဖြစ်သွား တတ်၏။ ထို့ပြင် တန်ဆောင်တိုင်လုပ်စဉ်က အကယ်၍အူတိုင်မခိုင်ပါကကျိုးတတ်သည်။ ထို့ကြောင့်ညီညီညာညာမကြစေရန် လူပျိုခေါင်းက ကြီးကြပ်ပေးရသည်။
            တန်ဆောင်တိုင်ကို မကြရာတွင် တစ်ခါတည်းဘုရားအရောက်မသယ်ကြပေ။ တန်ဆောင်တိုင်မှ ကြီးလည်းကြီး၊ လေးလည်းလေးသ ဖြင့် တစ်ရှိန်တည်းဘုရားအရောက်မသယ်နိုင်ကြပေ။ တန်ဆောင်တိုင်ကို မ ရာတွင်လည်း ရိုးရိုးမကြသည်ထက် ပျော်ရွှင်စေရန်အတွက် လှည့် ပတ်ပြီးဆောင့်၍မကြသည်။ ဤသို့လှည့်ပတ်၍ ဆောင့်၍ မ ကြခြင်းမှာ မည်သည့်တန်ဆောင်တိုင်သည် ကစားခံသည်။ မည်သို့လှည့်လှည့် မည်သို့ဆောင့်ဆောင့်၊ မကျိုးကြောင်းပြလိုသည့်သဘောပင်ဖြစ်၏။ တန်ဆောင်တိုင်သည် အကယ်၍ အလယ်အူတိုင်က ၀ါးပျော့ဖြစ်ပါက ထို တန်ဆောင်သည် ကျိုးကျတတ်၏။ ကိုင်းညွတ်သွားတတ်၏။ တစ်ပိုင်းနှင့်တစ်ပိုင်း သူသာသည့်အကြောင်း၊ ငါသာသည့်အကြောင်းကို ပအိုဝ်း ဘာသာဖြင့်စာချိုးကြ၏။ မခံချင်အောင်စကြ၏။ ဤသို့မခံချင်အောင်စကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဟော့ဟော့ရမ်းရမ်း၊ ရန်ဖြစ်သည်ဟူ၍ မရှိကြပေ။ ကစားရာတွင်လည်း အလွန်အကျွံမဖြစ်အောင် ရပ်ကွက်လူကြီးများက ကြပ်မတ်ပေးရသည်။ ထိန်းပေးရသည်။
            တန်ဆောင်တိုင်ကို ဆောင့်၍ မ ကြသဖြင့် မတော်၍ကျိုးသွားလျှင်သော်လည်းကောင်း၊ လူနည်း၍ မ မနိုင်လျှင်သော်လည်းကောင်း၊ တစ်ပိုင်းကိုတစ်ပိုင်းက၊ ကူညီ၍ မ ပေးကြသည်။ ကိုယ့်အပိုင်းနှင့်ကိုယ် လုပ်ကြသည်ဟုဆိုသော်လည်း၊ ဒုက္ခရောက်သောအခါ စည်းစည်းလုံး လုံးဖြင့် ကူညီကြသည်မှာ ပအိုဝ်းတိုင်းရင်းသားတို့၏ ချစ်စရာဓလေ့တစ်ခုပင်ဖြစ်ပါသည်။
            တန်ဆောင်တိုင်ကို ညနေ ၂ နာရီမှစ၍ ဘုရားသို့မ၍သယ်ကြသည်မှာ ညနေ ၃ နာရီခွဲမှ ဘုရားသို့ရောက်လေသည်။ အမြန်သွားပါ က ၁၀ မိနစ်ပင်မကြာချေ။ တန်ဆောင်တိုင်ကို မ ၍သွားရင်း၊ တန်ဆောင်တိုင်ကိုချ၍ ကကြရင်းဖြင့်၊ တဖြည်းဖြည်းနှင့်သွားကြသည်။ တန်ဆောင်တိုင်ရှေ့တွင် သွားသောအမျိုးသမီး ကြာသင်္ကန်းအဖွဲ့သည် ဘုရားသို့သွားစဉ်က အတူတူပင်ဖြစ်သော်လည်း၊ အမျိုးသမီး ကြာသင်္ကန်းအဖွဲ့သည် စေတီတော်နှစ်ဆူကို လက်ယာရစ်၍ ဘုရားကိုကြာသင်္ကန်းကပ်လှူကြ၏။ ထိုနောက် ထိုအမျိုးသမီးအဖွဲ့သည် ကြာသင်္ကန်းကပ်ပြီး၍ ကိုးခန်းဇရပ်တွင် ထိုင်နေကြပြီး ဖြစ်သော်လည်း တန်ဆောင်တိုင်ကိုသယ်လာကြသည့် အမျိုးသားအဖွဲ့သည် ရွာထိပ်မှာ ပင် ရှိသေးသည်။
            တန်ဆောင်တိုင်ကို သယ်ရာတွင်ကြည့်ရှုကြသည့် ပရိသတ်များလွန်းသဖြင့် ကျွဲရုပ်ထဲတွင် လူဝင်၍ကပြီး၊ လမ်းရှင်းပေးရသည်။ ကျွဲ နှစ်ကောင်ကို အောင်လေကျွဲနှင့် ၀ိုက်ကြီးကျွဲဟု နာမည်ပေးထား၏။ ကျွဲနှစ်ကောင်ဝှေ့ကြသည့်အခါအိုးစည်ကိုအမြန်ဆုံးတီးပေးကြသည်။ ကြည့်ရှုကြသည့် ပရိတ်သတ်များမှာ အပြုံးကိုယ်စီဖြင့် ပီတိဖြစ်ကြရသည်။ လူငယ်ကာလသားများကလည်း အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ကကြခုန်ကြသူများမှာလည်း ရေလောင်းထားသည့်အလားတစ်ကိုယ်လုံး ချွေးစို့နေတော့၏။ ရပ်ကွက်လူကြီးများသည် တန်ဆောင်တိုင် လေးပင်စလုံးဘုရားသို့ရောက်မှသာ စိတ်ချမ်းသာကြရသည်။ ၀မ်းသာကြရသည်။ မိမိတို့တွင်တာဝန်ရှိသူများပီပီ၊ တန်ဆောင်တိုင်ဘုရားသို့ မရောက်ခင် ဘာများဖြစ်လေမည်နည်းဟူ၍ စိုးရိမ်စိတ်များ အောင်မြင်ပါမလားဟူသော သံသယစိတ်များဖြင့် စိုးရိမ်ခဲ့ကြရသည်။ ဘုရားသို့ ရောက်သောအခါ ကိုးခန်းဇရပ်တွင် တန်ဆောင်တိုင်လေးပင်ကိုစီတန်း၍ထားရ၏။
            နောက်တစ်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ညနေတွင် ပဒေသာအသီးများဖြစ်သည့် လှူဖွယ်ဝတ္တုများကို သံဃာတော် များအား မဲစနစ်ဖြင့်ကပ်လှူပူဇော်ကြပြီး တရားနာကြ၏။ ဤသို့တန်ဆောင်တိုင်ပွဲတော်ကြီး ကျင်းပပြီးစီးပွဲပြီးသောအခါ လူငယ်ကာလသား များက လူကြီးများအား ပအိုဝ်းဘာသာဖြင့်-
“ နိန်လေမှ၊ ထွားစိုင်းစိုင်း၊ မိုးဖြားသီးဖာဖြားသီး၊ ဖာနာင်သီး မိုနာင်သီးနော၊ ဖေးနေးက ဟောင်တိုင်းဟန်နိန်ယို၊ နိသွန်းသီးအီကျိစာလွေ၊ ဖေထိုင်းယန်းနော ”
( နောင်နှစ်မှ နောက်ထပ် သေသေချာချာ ထပ်ကြည့်ကြအုံးပေါ့ အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်လေးတို့ ဒီနှစ်ထက်ပိုကောင်းအောင် ကျွန်တော် တို့လူငယ်တွေ ဆက်ပြီး ကြိုးစားပါ့မယ် ထပ်ပြီးအားပေးပါဦး )
ဤကား အောက်မြန်မာနိုင်ငံ တောင်ငူခရိုင်၊ ဇရပ်ကြီးကျေးရွာရှိ ပအိုဝ်းတိုင်းရင်းသားတို့၏ တန်ဆောင်တိုင်ပွဲကျင်းပပုံဖြစ်၏။ အလှူ ဒါနပြုပွဲသာမက ပျော်ပွဲရွှင်ပွဲဟုလည်းခေါ်နိုင်ပါသည်။ နှစ်စဉ်ပင် တန်ဆောင်မုန်းလရောက်တိုင်း တန်ဆောင်တိုင်ပွဲကိုဆင်နွှဲကြသည်။
နတ်တော်လတွင် “ ခေါပုတ် ” ခေါ် ကောက်ညှင်းထောင်းပွဲကို ကျင်းပကြသည်။ ဤကောက်ညှင်းထောင်းပွဲကို ည ၇ နာရီ၊ ၈ နာရီ ခန့်တွင် ပြုလုပ်လေ့ရှိသည်။ ဤတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမ်တို့လယ်မှထွက်သော ကောက်ညှင်းဆန်သစ်များကို ချက်ပြီး၊ ထောင်း ကြ၏။ ထိုနောက်အပြင်အလိုက် အပြားဝိုင်းများကိုပြုလုပ်၏။ စားရာတွင်လက်နှင့် မကပ်စေရန် နှမ်းမှုန့်ကိုဖြူးပေးရသည်။ ကောက်ညှင်း ထမင်းဖြင့် ထောင်းထားသည့် “ ခေါပုတ် ” ကို ကြံသကာရည်တို့ဖြင့်တို့၍ စားရ၏။ ငါးခြောက်ကလေးများကိုလည်းကြော်၍ ငါးခြောက်ကြော် ဖြင့်စားလေ့ရှိသည်။ နံနက်တွင်ညက ပြုလုပ်ထားသော “ ခေါပုတ် ” ကို ဘုန်းကြီးကျောင်းသို့အရင်ပို့ပြီး သက်ကြီးရွယ်ကြီးနှင့် အိမ်နီးနားချင်း အိမ်များသို့ လိုက်လံပို့၍ ကုသိုလ်ပြုကြသည်။
ပြာသိုလတွင် “ စော်ယာကု ” ခေါ် ယာဂုပွဲတော်ကို နွှဲပျော်ကြ၏။ အိမ်တိုင်းလိုလို ကောက်ညှင်းဆန်ကိုချက်ပြီး ကြံသကာရည်နှင့် ရောရ၏။ ထို့နောက် ဗန်းများဖြင့် အပြင်ပြုလုပ်ကြသည်။ ပြုလုပ်ထားသည့် အပြင်များပေါ်တွင် လှော်ပြီးသောမြေပဲကို အခြမ်းလိုက်နှစ်ထား၏။ အချို့လည်း လှော်ပြီးသား မြေပဲကိုထောင်း၍ အပြင်ပေါ်တွင်ဖြူးကြ၏။ ထိုနောက်ကောက်ညှင်းပြင်ကိုလှီးဖြတ်၍ ဘုရားကိုဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းသို့သွားရောက်လှူဒါန်းခြင်း၊ ရွာတွင်းရှိ အိမ်နီးနားခြင်းများ၊ သက်ကြီးရွယ်အိုများသို့ လှူဒါန်းခြင်းများပြုလုပ်ကြလေသည်။
တပို့တွဲလတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် တောတွင်းသို့လှည့်လည်ကာ စုပေါင်းပြီးထင်းရှာပွဲ ပြုလုပ်ကြ၏။ တောတွင်းသို့ သွား၍ထင်းများ၊ သစ်ခေါက်များရှာဖွေစုဆောင်း၍ ဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်းကြ၏။ ဤလသည် အလွန်အေးသဖြင့်၊သံဃာတော်များ အအေးဒဏ်မှ ကာကွယ်နိုင်စေရန်၊ မီးလှုံနိုင်ရန်အတွက် ထင်းများကိုလှူလေ့ရှိ၏။ တပို့တွဲလတွင် “ ခရဲ ” ခေါ် မီးပူဇော်ပွဲကိုကျင်းပကြ၏။
“ ခရဲ ” ဆိုသည်မှာ မီးပူဇော်သည့် မီးတိုင်ကြီးတစ်မျိုးဖြစ်၏။ “ ခရဲ ” ခေါ် မီးပူဇော်ပွဲကိုတပို့တွဲလပြည့်ညတွင် ပြုလုပ်ကြသည်။ ခရဲမီးပြုလုပ်ပုံမှာ “ ကလော ” ခေါ် ကျူပင်ငယ်တစ်မျိုး၏ ရိုးတံများကို ၀ါးနက်ဝါး အူတိုင်တွင်၊ ကန့်တော့ထုချွန်သဖွယ် အထပ်ထပ်စည်းကြပ် ချည်နှောင်ထား၏။ ဤထုချွန်ကြီးပေါ်တွင် ၀ါးစိမ်းလေးလုံးဖြင့်ထပ်မံ၍ လေးဘက် လေးတန်ထိန်းချုပ်တွယ်နှောင်ထား၏။ ကန်တော့အခြေ မျက်နှာပြင်တွင်လည်း တစ်တောင်ခန့်အရှည်ကိုထုတ်ထား၏။
ဤခရဲခေါ်မီးတိုင်ကြီးတစ်ခုလုံးသည် အရှည် ၁၀ တောင်မှ ၁၅ တောင်အထိရှိတတ်ပြီး၊ အခြေဖက်မျက်နှာပြင်အ၀ိုင်းသည် အချင်း တစ်ပေမှ တစ်ပေခွဲအထိ ရှည်လေသည်။ ကန်တော့ချွန်ရိုး တံစည်းကြီးတွင် ကြိုးကွင်းများကိုသီးသန့်ချည်နှောင်ထား၏။ ကြိုးကွင်းများတွင် ထမ်းပိုးများလျှိုကာ တစ်ဖက်တစ်ချက်စီ ထမ်းပိုးသယ်ဆောင်ကြလေသည်။
အမျိုးသားများသည် “ ခရဲ ” များကို မိမိတို့ အဖွဲ့အလိုက်သယ်ဆောင်ကြ၏။ စေတီရင်ပြင်တော်ပေါ်သို့ ရောက်သောအခါ၊ တစ်ဖက်နှင့်တစ်ဖက် မခံချင်အောင် ပြောင်လှောင်ကြ၏။ တစ်ဖွဲ့နှင့်တစ်ဖွဲ့လည်းမီးတိုင်ချင်းကို အပြန်အလှန်ပြေး၍ ထိပ်ချင်းတိုက်ကြသည်။ ပရိတ်သတ်များသည် မီးတိုင်ရောလူများပါလဲအောင် တိုက်နိုင်သည့်အဖွဲ့ကို သြဘာပေးကြသည်။
ဤသို့ မီးတိုင်ချင်းတိုက်ကြသော်လည်း အခိုင်အခံ့ပြုလုပ်ထားသဖြင့် ပျက်စီးခြင်းမရှိနိုင်ပေ။ သို့သော်အချို့ကမူ မိမိတို့၏ မီးတိုင် အစွန်းရှိ ၀ါးစိမ်းလေးချောင်းကို အတွင်းသို့ကုပ်ထားသဖြင့် တစ်ဖက်မီးတိုင်၏ အခြေကိုထိခိုက်ပျက်စီးစေနိုင်ပေသည်။
မီးတိုင်ချင်းထိပ်တိုက်ရာတွင် လူကိုထိခိုက်မှု မရှိနိုင်စေရန်၊ ထမ်းပိုးဝါးလုံးများရှည်မှသာ၊ လူကြီးများကခွင့်ပြုလေသည်။ ဤသို့ မီးတိုင်ချင်းထိပ်တိုက်ခြင်းသည် အပျော်အပါးနှင့်စွမ်းအင်ပြိုင်မူ သက်ကက်သာဖြစ်၏။ မီးတိုင်ချင်း ထိပ်တိုက်ပွဲများကို ည ၉ နာရီလောက်တွင် ရပ်စဲကြ၏။
ထို့နောက် မီးတိုင်များကိုစေတီတော်ပတ်လည်တွင် အသင့်တူးထားသော တွင်းများတွင် အခြေ၀ါးများအတိုင်းစိုက်ပြီး၊ မီးရှို့ပူဇော်ကြ သည်။ “ ကလော ” ခေါ် ကျူပင်တစ်မျိုး၏ ရိုးတံသည်ကောက်ရိုး၏သဘောအတိုင်းပင်ဖြစ်၏။ မီးရှို့စတင်သည်မှ ၂၄ နာရီမျှကြာမြင့်စွာ မီးတငွေ့ငွေ့ လောင်ကျွမ်းလေသည်။ မီးလောင်ကျွမ်းနေစဉ် ပေါက်ကွဲသံများထွက်ပေါ်စေရန်လည်း၊ ၀ါးလုံးစိန်းများကိုထည့်သွင်းထားတတ် ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပီပီ၊ တပေါင်းလတွင် သဲပုံစေတီပွဲနှင့် စေတီပုထိုးများတွင် တပေါင်းဘုရားပွဲတော်ကို ကျင်းပကြသည်။ တပေါင်းဘုရားပွဲတော်ကို ကုသိုလ်ပြုရင်း၊ ဖူးမြော်ကန်တော့ရင်း ပျော်ရွှင်စွာဆင်နွှဲကြသည်။ ထို့ပြင်တပေါင်းလတွင် ပဉ္စတက်ပွဲ၊ ရဟန်းခံပွဲတို့ကိုလည်း ကျင်းပလေ့ရှိ၏။ ကျင်းပပုံမှာလည်း မြန်မာများကျင်းပပုံနှင့်ဆင်လေသည်။ ရှင်ပြုပွဲ၊ ပဉ္စင်းတက်ပွဲများကို ကျင်းပခြင်းဖြင့် မိဘတို့ဝတ္တရားကျေပွန်သည်။ ပဉ္စင်းတက်-ရဟန်းခံရသူ ယောက်ျားလေးများကလည်း ဘုန်းကံရှင်များ ဖြစ်လာသည်ဟု ယုံကြည်ကြလေသည်။
အချုပ်အားဖြင့်ဆိုလျှင် ပအိုဝ်းတိုင်းရင်းသားတို့ ကျင်းပသော ရာသီပွဲတော်များသည် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆအရ ကုသိုလ်ဒါနပြုခြင်းဖြင့် နိဗ္ဗာန်ရောက်နိုင်သည်ဟူသော ယူဆချက်များကို လိုက်နာပြီးဆောင်ရွက်ကြသည့် ဘာသာရေးပွဲတော်များပင်ဖြစ်ပေ သည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ရာသီပွဲတော်များသည် ပျော်ရွှင်မှုကိုသာဦးမတည်ဘဲ ကုသိုလ်ဒါနပြုရေးကိုသာ ဦးတည် ကြောင်းတွေ့ရပေသည်။ ကုသိုလ်ဒါနပြုရာတွင်လူငယ်ပိုင်းက ၀ိုင်းဝန်းကူညီလုပ်ဆောင်ကြရာ၌ မငြီးငွေ့စေရန်ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်း တတ် ကြလေသည်။
ခွန်မောင်နွယ်(အင်းလေး)၏ ပအိုဝ်း - အခန်း(၆)                                                                                   
Tags:
ပအိုဝ်းခမ်း
ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။