« »

ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျပါက သန္ဓေသားကို ထိခိုက်စေနိုင်

ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေက မွေးလာတဲ့ ကလေးငယ်တွေဟာ စိတ်ဖိစီးမှု ဟော်မုန်းပမာဏ မြင့်မားပြီး ကြွက်သား ထုထည်လျော့နည်းကာ တခြားအာရုံကြောနဲ့ အပြုအမူပိုင်းဆိုင်ရာတွေမှာ အားနည်းချက် ရှိတတ်ကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ စိတ်ဓာတ်ကျ ခြင်းနဲ့ မွေးကင်းစကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို လေ့လာခဲ့ရာ အသက် ၂၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဦးရေ ၁၅၄ ဦး ပါဝင်ခဲ့ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းအဆင့်ကိုသိနိုင်ဖို့ ကိုယ်ဝန် ၂၈၊ ၃၂ နဲ့ ၃၇ ပတ်တွေအပြင် ချက်ကြိုးရဲ့ သွေးနမူနာကိုလည်း ယူခဲ့ပါတယ်။
ရလဒ်အရ စိတ်ဓာတ်ကျနေတဲ့ မိခင်ကမွေးလာတဲ့ ကလေးတွေကို အချိန်နှစ်လအကြာမှာ စစ်ဆေးခဲ့တဲ့အခါ စိတ်ဖိစီးမှုအပေါ် ခံနိုင်ရည်နည်းပြီး ထိန်းချုပ်နိုင်စွမ်း နည်းပါးကာ ကျန်းမာရေး ချို့တဲ့တတ်ကြောင်း သိရပါတယ်။ ရေရှည်အနေနဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးပြီး စိတ်ဓာတ်ကျတဲ့ မိခင်တွေကြောင့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်လောက်အထိ ထိခိုက်မှုရှိနိုင်သလဲဆိုတာကိုတော့ ဆက်လက်လေ့လာနေပါတယ်။
အမျိုသမီး ငါးဦးအနက် တစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန်အတောအတွင်းနဲ့ ကလေး မွေးပြီးချိန် အတောအတွင်း စိတ်ဓာတ်ကျလေ့ရှိတတ်ကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အနေနဲ့ စိတ်ဓာတ်ကျနေပါက ဆရာဝန်နဲ့ တွေ့ဆုံကာ ကုသမှုပြုလုပ်ဖို့ အထူးလိုအပ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
Ref: Good Health
Tags: ,

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။