« »

နှစ်ပေါင်း ၂၀ တိုင်အောင် တည်တံ့နေတဲ့ Iron Cross အဖွဲ့ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်တဲ့ လေးဖြူ

By Popular Journal

အခုဆိုရင် Iron Cross တီးဝိုင်းရဲ့ သက်တမ်းက အနှစ် ၂၀ ကျော်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။  ရာစုနှစ်တွေ ဘယ်လောက်ပဲ ပြောင်းသွားပြောင်းသွား ဒီတီးဝိုင်းနဲ့ ဒီအဆိုတော်တွေနဲ့ကတော့ တစ်သွေးတည်း တစ်သားတည်း ရှိနေခဲ့တာ အခုအချိန်ထိပါပဲ။ တီးဝိုင်းတစ်ဝိုင်း ဖွဲ့စည်းဖို့ဆိုတာ မလွယ်ကူသလို ဖွဲ့စည်းပြီးသွားပြန်တော့လည်း ရေရှည်တည်တံ့ဖို့ ဆိုတာကလည်း မလွယ်ကူပြန်ပါဘူး။ ဒါကြောင့် အခုလိုနှစ်ပေါင်း ၂၀ လောက်အထိ လက်တွဲလာနိုင်ခဲ့ကြတာ ဘယ်လို အကြောင်းအချက်တွေကြောင့်လဲ ဆိုတာကို လေးဖြူက... “နှစ်ပေါင်း ၂၀ အတွင်းမှာ Iron Cross ရဲ့ ဖြစ်တည်မှုကို ကြည့်ပြီးတော့ ကြိုတင်ကြံစည်မှုလို့ ထင်ယောင်မှားကြပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့အားလုံးဟာ ရည်ရွယ်ချက်နဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက ညီအစ်ကိုတွေလိုပါပဲ။ အချိန်မရွေး အိမ်ပေါ်တက်ပြီး ထမင်းစားလို့ရသလို အချိန်မရွေး ဝင်အိပ်လို့လည်း ရတယ်။ အတူတူလည်း စတူဒီယိုတစ်ခုတည်းမှာ နှစ်ပေါင်းများစွာ နေခဲ့ဖူးတယ်။ ကိုယ့်အကြွေးသူရှင်း၊ သူ့အကြွေး ကိုယ်ရှင်းနဲ့ပေါ့။ ကျွန်တော်တို့က မွေးချင်းညီအစ်ကိုတွေထက်ကို သံယောဇဉ် ကြီးကြတယ်။ အငဲနဲ့ ကျွန်တော်နဲ့ကျတော့ သားချင်းပေါ့။ မျိုးကြီးနဲ့ ဝိုင်ဝိုင်းနဲ့ကျတော့ ညီအရင်းတွေလိုပါပဲ။ ကျွန်တော်တို့က ရည်ရွယ်ချက်နဲ့ရအောင် တွေ့ဆုံပြီးတော့ ရအောင်ဆက်စပ်ယူထားကြတာ မဟုတ်ပါဘူး။ ဒီကြားထဲမှာ လူမသိတဲ့ ပြဿနာတွေလည်း အများကြီးရှိခဲ့ပါတယ်။ အချင်းချင်း ထိုးကြတာတွေတောင် ဖြစ်ဖူးပါတယ်။ အဲဒီလိုမျိုးက ၁၀ နှစ် တစ်ခေါက်လောက် ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်ချင်လောက်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ နောက်ဆုံးတော့ ညီအစ်ကိုလိုပဲ ပြန်ဖြစ်သွားကြပါတယ်။ ဒါကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ပေါ့” လို့ ရှင်းပြပါတယ်။
နောက်ပိုင်းမှာတော့ Iron Cross ရဲ့ နောက်ထပ်မျိုးဆက်သစ်တွေကို ဘယ်လို လက်တွဲခေါ်မလဲဆိုတာကို လေးဖြူက “ကျွန်တော်တို့ တစ်တွေလည်း တတ်နိုင်သမျှပွဲတွေမှာ လက်တွဲပြီးတော့ ဆိုနေပါတယ်။ အခုအထိတော့ မတွေ့သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ကြိုပြီးတော့ ဘယ်သူ့ခေါ်ထားမယ်၊ ဘယ်သူ့ဆွဲထားမယ် ဆိုပြီးတော့ မရှိပါဘူး” လို့ ပြောပါတယ်။ တစ်စုံတစ်ခု ပြောင်းလဲမှုတစ်ခုက ဂီတလောကအပေါ်မှာကော ပြောင်းလဲမှု အသစ်အနေနဲ့ ရိုက်ခတ်မှု ရှိနိုင်မလားဆိုတဲ့ အပေါ်ကိုလည်း လေးဖြူက “ဥပမာ ဒီဘီယာထုတ်တာ ငါတို့လည်းမသိသလို ငါတို့လည်း စိတ်မဝင်စားဘူးပေါ့။ ဘီယာဆိုတာ ဘယ်အသီးကလဲ၊ ကြံသကာက လုပ်တာလားဆိုတာ မသိဘူး။ စိတ်မဝင်စားဘူး ဆိုပေမယ့် တစ်ချိန်ချိန်တော့ ပတ်သက်ရတာပါပဲ။ ကျွန်တော် နားလည်တာကတော့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစိတ်အပိုင်းအားလုံးဟာ ယန္တရားကြီးပါ။ အကုန်လုံး ချိတ်ဆက်နေသလို အကုန်လုံးက ဆက်နွှယ်နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် တစ်ခုပြောင်းလဲရင် ကျန်တာအကုန်လုံးကလည်း လိုက်လျော ညီထွေပြောင်းလဲရမှာ ဖြစ်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲပါလိမ့်မယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။