« »

စီးပွားရေး

ကုန်ထုတ်လုပ်ငန်း
စတုရန်းမိုင်ပေါင်း ၅၁၀၉၀ အကျယ်အ၀န်းရှိသော ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးသည် အဓိကကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးဖြစ် သည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသောတိုင်းရင်းသားလူမျိုးအားလုံးတို့၏ အဓိကအသက်မွေးဝမ်းကျောင်းမှုမှာလည်း စိုက်ပျိုးရေးပင်ဖြစ် သည်။ အဓိကစိုက်သောကောက်ပဲသီးနှံမှာ ဆန်စပါးဖြစ်သည်။ ထို့ပြင် ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုး၊ သနပ်ဖက်၊ လက်ဖက်၊ အာလူး၊ ဟင်းသီးဟင်းရွက်၊ ဆေးပင်နှင့် သီးနှံပင်အမျိုးမျိုးကိုလည်း စိုက်ပျိုးကြသည်။
ရှမ်းပြည်နယ်သည် ရာသီဥတုကောင်းမွန်ခြင်း၊ မိုးရေချိန်မျှတခြင်း၊ သဘာဝမြေသြဇာများမြောက်မြားစွာရှိနေခြင်းတို့ကြောင့် စိုက်ပျိုး ရေးလုပ်ငန်းတိုးတက်ဖွံ့ဖြိုးနေ၏။ အနာဂတ်တွင်လည်းစိုက်ပျိုးရေးလုပ်ငန်းအလားအလာ ကောင်းလျက်ရှိနေပေသည်။
ရှမ်းပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားတို့ ဒုတိယအများဆုံးနေထိုင်ကြ၏။ ထိုကြောင့်ရှမ်းပြည်နယ်၏ ထွက်ကုန်တစ်ဝက်ခန့်သည် ပအိုဝ်းတိုင်းရင်းသားတို့က စိုက်ပျိုးထုတ်လုပ်လိုက်သော ထွက်ကုန်များဖြစ်၏။ သနပ်ဖက်၊ လက်ဖက်၊ သစ်တော့သီး၊ ဂျုံ၊ အာလူး၊ ကြက်သွန် တို့သည် ပအိုဝ်းတိုင်းရင်းသားတို့၏ အဓိကထွက်ကုန်များဖြစ်၏။ အောက်မြန်မာပြည်သထုံခရိုင်၊ တောင်ငူခရိုင်တို့တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း စိုက်ပျိုးရေးလုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာစိုက်ပျိုးခြင်းနှင့် ပဲအမျိုးမျိုးကိုစိုက်ပျိုးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးသား၍လုံ့လ၀ီရိယရှိကြသည်။ စီးပွားရေးမျက်စိရှိ သည်။
ရှမ်းပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ပေပေါင်း ၄၀၀၀ အမြင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြသည်။ ၎င်းတို့၏အဓိက စီးပွားရေးလုပ်ငန်းမှာလည်း လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းနှင့် ခြံစိုက်ပျိုးခြင်းတို့ဖြစ်ကြ၏။ မွေးမြူရေးနှင့် လက်မှုလုပ်ငန်းကိုမူ အနည်းငယ်သာလုပ်ကိုင်ကြသည်။
ပအိုဝ်းအိမ်ထောင်စုတစ်စုသည် လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ကိုင်ခြင်းမရှိဘဲ ရာသီအလိုက်လုပ်ကိုင်ကြသည်။ တောင်ယာ၊ လယ်ယာနှင့် ခြံကိုတွဲဖက်၍လုပ်ကိုင်ကြသည်။ ခြံလုပ်ငန်းသည် ပအိုဝ်းတိုင်းရင်းသားတို့အတွက် စီးပွားဖြစ်သောလုပ်ငန်းဖြစ်၏။ ဆောင်းရာ သီနှင့် နွေဦးရာသီတွင် ခြံလုပ်ငန်းခွင်သို့ ၀င်ကြရ၏။ မိုးရာသီတွင် လယ်ယာလုပ်ငန်းတောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြ၏။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဆယ့်နှစ်ရာသီပတ်လုံး အလုပ်နှင့်လက်ပြတ်သည်ဟူ၍မရှိပေ။ မိမိတို့၏ ခွန်အားဝီရိယဖြင့် ကြိုးစားရှာ ဖွေ၍ ရရှိသောငွေကို တန်ဖိုးထားကြ၏။ အမျိုးသားရော အမျိုးသမီးပါ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေလုပ်ကိုင် စားသောက်နေထိုင်ကြသဖြင့် မိမိတို့ဘာသာရပ်တည်နိုင်ကြသည်။ အလုပ်လက်မဲ့သူ မရှိချေ။ စိုက်ပျိုးရေးလုပ်ငန်းသည် မိရိုဖလာ လုပ်ကိုင်ခဲ့သောလုပ်ငန်းဖြစ်ပြီး၊ အကျိုး စီးပွားဖြစ်ထွန်းသဖြင့် လူတိုင်းအားသွန်ခွန်စိုက်လုပ်ကိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့ဥည် သနပ်ဖက်၊ လက်ဖက်၊ ကော်ဖီစေ့၊ ဂျုံ၊ အာလူး၊ ကြက်သွန်ဖြူ၊ သစ်တော့သီး၊ လိမ္မော်သီး၊ ဆန်စပါး၊ ပြောင်း၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံပါမကျန် စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးအတွက်အရေးပါသောမြေယာကို ဆင့်ကဲဆင့်ကဲလုပ် ကိုင်ကာပိုင်ဆိုင်ကြသည်။ ဘိုးဘွားမိဘပိုင် မြေယာများဖြစ်သဖြင့် မိသားစုပိုင်ဆိုင်ကြလေသည်။ ရွာနှင့်အလှမ်းဝေး၍ တောပိုင်းကျသောမြေ ရိုင်းများမှ မြေကွက်တွင်မူ မည်သူမဆိုသွားရောက်စိုက်ပျိုးနိုင်၏။ မိသားစုပိုင်မြေကွက်တွင် အိမ်ထောင်မခွဲရသေးသော သားသမီးတို့စုပေါင်း လုပ်ကိုင်၍ အိမ်ထောင်ခွဲပြီးသော သားသမီးတို့သည် သီးခြားမြေကွက်ပေါ်တွင် စိုက်ပျိုးလုပ်ကိုင်ကြသည်။

လယ်ယာစိုက်ပျိုးရေး
ရှမ်းပြည်နယ်တွင် လယ်ယာစိုက်ပျိုးခြင်းနှင့် တောင်ယာစိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိသည်။ ယင်းသို့စိုက်ပျိုးရေးနှစ်မျိုးမှ ထုတ်လုပ် သော ဆန်စပါးသည် ရှမ်းပြည်သူ ပြည်သားများအတွက်မလုံလောက်ပေ။
ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ငန်းကို ၀မ်းရေးအတွက်တစ်ဘက်တစ်လမ်းမှ အထောက်အကူဖြစ်ရန် စိုက်ပျိုးလုပ်ကိုင် ကြသည်။ အောက်မြန်မာပြည် မြေပြန့်ဒေသတွင် နေထိုင်ကြသောပအိုဝ်းတိုင်းရင်းသားတို့သည် ၀မ်းစာအတွက်သာမက ရောင်းချရန် အတွက်ပါ စိုက်ပျိုးကြလေသည်။ ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ငန်းကို လှိုင်းထသောလွင်ပြင်စပ်ကြား မြေနိမ့်ပိုင်းတွင်လည်းကောင်း၊ ရေတင်သောချိုင့်ဝှမ်းတွင်လည်းကောင်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကုန်းမြင့်ဆင်ခြေလျှောဒေသတွင်လည်း လှေကားထစ်သဖွယ်ပြုလုပ်၍ စိုက်ပျိုးကြသည်။
ကုန်းမြင့်ဆင်ခြေလျှောဒေသတွင် လှေကားထစ်သဖွယ်ပြုလုပ်၍ စိုက်ပျိုးရခြင်းမှာ မိုးရွာသောအခါ ရေတင်နိုင်ရန်အတွက်ဖြစ်သည်။ အချို့ဒေသတွင် လှေကားထစ်လယ်ကွက်များ၏ အမြင့်ပိုင်းတွင်ရေလှောင်ကန်ပြုလုပ်ထားသည်။ ထိုရေလှောင်ကန်မှရေကို အောက်ခြေလှေ ကားထစ်သို့ရောက်အောင်တစ်ဆင့်ပြီးတစ်ဆင့်သွယ်ယူစိုက်ပျိုးကြသည်။ လှေကားထစ်စိုက်ပျိုးနည်းသည် မြေဆီလွှာပြုန်းတီးမှုကို ကာကွယ် ပေး၏။ ရေကိုလည်း ထိန်းသိမ်းပေး၏။ လှေကားထစ်စိုက်ပျိုးနည်းသည် ရှေးဘိုးဘွားလက်ထက်ကပင် ပအိုဝ်းတိုင်းရင်းသားတို့ကျင့်သုံးလာခဲ့ သော နည်းဖြစ်၏။
ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ငန်းကို မိုးဦးကျစ ကဆုန်လလောက်တွင် စတင်လုပ်ကိုင်ကြသည်။ လယ်များကိုကျွဲများ ဖြင့် ထွန်ယက်ကြသည်။ ထွန်သွားတစ်ချောင်းတပ်ကိရိယာနှင့် ကျွဲတစ်ကောင်ကိုတပ်ဆင်ပြီးထွန်ယက်ကြသည်။ ဤသို့ကျွဲတစ်ကောင်တည်း ဖြင့် ထွန်ယက်ရခြင်းမှာ ပအိုဝ်းတိုင်းရင်းသားတို့ လယ်ကွက်များသည် သေးငယ်သည့်ပြင် တောင်စောင်းတွင် လှေကားထစ်ပြုလုပ်၍ စိုက်ပျိုး ရသောကြောင့်ဖြစ်၏။ လယ်ပြီးချိန်တွင် မပြီးဘဲကျန်ရှိသောသူကို အခကြေးငွေမယူဘဲ ကူညီပေးကြသည်။
လယ်ယာစိုက်ပျိုးရာတွင် သဘာဝမြေသြဇာကိုသာအသုံးများ၏။ သို့သော် ယခုမျက်မှောက်ခေတ်တွင် ဓာတ်မြေသြဇာကိုအသုံးပြု နေကြပြီကိုတွေ့ရသည်။ လယ်ကို သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတွင် ရိတ်သိမ်းကြ၏။ တစ်ဧကလျှင် စပါးတင်း ၃၀မှ ၄၀ အထိရကြ သည်။ လယ်ယာလုပ်ကိုင်သော အိမ်ထောင်စုတစ်ခုတွင် ပျမ်းမျှစပါးတင်းပေါင်း ၈၀ ခန့်ရကြသည်။
အများဆုံးစိုက်ပျိုးကြသော စပါးမျိုးမှာ ရှမ်းဆန်၊ ငစိန်၊ ရာကျော်၊ ကောက်ညှင်း စသည်တို့ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ လယ်ယာစိုက်ပျိုးနည်းမှာ ခေတ်မမီတော့သော မိရိုးဖလာစနစ်ပင်ဖြစ်သည်။

တောင်ယာစိုက်ပျိုးရေး
ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ တောင်ယာစိုက် ပျိုးရေးမှာ အခြောက်စိုက်ပျိုးရေးဖြစ်၏။ သုံးနှစ်တစ်ကြိမ် ပြောင်းရွှေ့စိုက်ပျိုးရသည်။ တောင်ယာစိုက်ပျိုးရေးတွင် ရေတင်အောင်ရေသွင်းရန် မလိုပေ။ ရေဓာတ်ရှိပြီး တော်သင့်ရုံစိုထိုင်းနေသောမြေတွင် စိုက်ပျိုးနိုင်သည်။
တောင်ယာက်လုပ်ကိုင်ပုံမှာ တောင်စောင်း၊ တောင်ခါးပန်းများ၊ ကုန်းမြင့်များတွင် အင်အားအလိုက်စိုက်နိုင်သောမြေနေရာကိုရွေး ချယ်ပြီး သစ်ပင်ချုံနွယ်များကိုခုတ်ထွင်ကြသည်။ တောင်ယာစိုက်ပျိုးရန်အတွက်မြေရိုင်းများကို နတ်တော်၊ ပြာသိုလမှစ၍ခုတ်ထွင်ရှင်းလင်းကြ သည်။ ခုတ်ထွင်ထားသော သစ်ပင်ချုံနွယ်များကိုစုပုံပြီး တပေါင်းလလောက်တွင် မီးရှို့ကြသည်။ တန်ခူးလတွင် စူးထိုး၍လည်းကောင်း၊ ကျွဲဖြင့် ထယ်ထိုး၍လည်းကောင်း၊ လူလုပ်အားဖြင့်ပေါက်ပြား၊ တူးရွင်းများနှင့်တူးဆွဲ၍လည်းကောင်းပြုလုပ်ကြသည်။
သစ်ပင်၊ ၀ါးပင်ထူထပ်သော ဒေသမဟုတ်ပါက မြေရိုင်းကိုရှင်းလင်းပြီး ကျွဲ၊ နွားများဖြင့် ထယ်ထိုးထားရသည်။ ထိုနောက် တပေါင်း၊ တန်ခူးလသို့ရောက်သောအခါ ခုတ်ထွင်ထားသောမြေရိုင်းကို မီးရှို့ခြင်း၊ ထယ်ထိုးထားသောမြေဖြစ်ပါက “ ပရစ်ဖုတ်ခြင်း ” စသည်တို့ကိုပြု လုပ်ကြရသည်။

ပရစ်ဖုတ်ခြင်း
ပရစ်ဖုတ်ရန်အတွက် မြေကိုကြေမွစေရန် ပေါက်တူးပေါက်ပြားဖြင့်တူးဆွရသည်။ တူးဆွပြီးသောမြေကို အကွာအဝေးတူညီသော အပုံကလေးများပြုလုပ်ပြီး ထိပ်ဘက်၌ချိုင့်ကလေးများထွင်းရသည်။ ယင်းချိုင့်ကလေးများထဲတွင် အမှိုက်များ၊ ကောက်ရိုးများ၊ နွားချေးခြောက် များကိုထည့်၍ မီးရှို့ကြသည်။ မီးလောင်ကျွမ်းနေစဉ်မြေသားများဖြင့်ဖို့ထားရ၏။ လေတိုက်သည့်အခါမီးသည်မြေပုံကိုတငွေ့ငွေလောင်ကျွမ်း ပြီး မြေသားများကို ကျက်စေသည်။ လေအဝှေ့တွင် ယိမ်းယိုင်လှုပ်ရှားနေသော မီးခိုးတို့မှာ တစ်မျိုးကြည့်၍ကောင်းလှ၏။
ပရစ်ဖုတ်ခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ စူးဖျ ” ဟုခေါ်သည်။ ပရစ်ဖုတ်ခြင်းသည် စိုက်ပျိုးသည့်မြေတွင် ပေါင်းပင်များနည်းပါး စေသည့်ပြင် မြေသြဇာကောင်းမွန်စေရန်မြေသားပြုပြင်ခြင်းတစ်မျိုးလည်းဖြစ်ပေသည်။ ပရစ်ဖုတ်ခြင်းကို တောင်ပေါ်ဒေသရှိ တိုင်းရင်းသားတို့ အတွက်မူ ပရစ်ဖုတ်ခြင်းသည် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်မိရိုးဖလာလုပ်ဆောင်ချက်ပင်ဖြစ်ပေသည်။
ပရစ်ဖုတ်ပြီး၍ ကျက်ပြီးသောမြေကို ပြန်လည်ဖြန့်၍ ညှိယူပြီး စိုက်ပျိုးလိုသော မျိုးစေ့ကိုကြဲရသည်။ ကောက်ပင်များအကြိုအကြား တွင် ဟင်းသီးဟင်းရွက်၊ ဘူး၊ သခွား၊ ပန်းပင်စသည်တို့ကို ရောညှပ်စိုက်ပျိုးကြသည်။ ဤစိုက်ပျိုးနည်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ သီးညှပ်စိုက်ပျိုးနည်းပင်ဖြစ်ပေသည်။
သစ်ပင်၊ ၀ါးပင်ထူထပ်၍မီးရှို့ထားသောမြေဖြစ်ပါက စူးပြားကိုအသုံးပြု၍ စပါးများကိုစူးထိုးစိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် ခန့်မှန်းခြေအားဖြင့် တစ်ဧကလျှင်စပါးတင်း ၂၀ ခန့်ရရှိကြသည်။
ပရစ်ဖုတ်ခြင်းကိုအသုံးပြုခြင်းဖြင့် စိုက်ပျိုးသည့်မြေတွင် ပေါင်းပင်နည်းပါးစေ၏။ တစ်သီးစာဖြင့် ယှဉ်စိုက်ပါကလည်း ပရစ်ဖုတ်၍ မြေဆီသြဇာတို့ ကုန်ခန်းလာသဖြင့်မည်သည့် အပင်မှမပေါက်တော့ဘဲ တောင်ကတုံးအဖြစ်ပြောင်းလဲလာသည်။ ထို့ကြောင့် ပရစ်ဖုတ်ခြင်း သည် ခေတ်မီနည်းစနစ်ဟု မဆိုနိုင်ပေ။
သီတင်းကျွတ်၊ တန်ဆောင်မုန်းလလောက်တွင် စပါးမှည့်လာချိန်ဖြစ်၍ ရိတ်သိမ်းကြပြီး ကောက်လှိုင်းပုံများကဲ့သို့ပြုလုပ်ထားကြ သည်။ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် တောင်ယာစပါး ကောက်လှိုင်းများကိုတလင်း၌ နယ်ကြသည်။ လုပ်အားပေးရာတွင် စုပေါင်းဝိုင်း လုပ်သောစနစ်နှင့်အပြန်အလှန်ကူညီသော “ လက်စားချေ ” စနစ်ကိုသုံးကြသည်။
တောင်ယာစိုက်ပျိုးခြင်းမှာ ရှေးအခါကမြေသြဇာကောင်းခြင်း၊ ရာသီဥတုကောင်းခြင်းတို့ကြောင့် ပင်ပန်းသည်နှင့်အမျှ အကျိုးခံစား ခွင့်ရခဲ့ကြ၏။ သို့သော်လူဦးရေတဖြည်းဖြည်းတိုးလာသဖြင့် စိုက်ပျိုးသည့်မြေကွက်လပ်နည်းလာရာ၊ မြေတစ်ကွက်တည်းတွင် ထပ်ကာထပ် ကာ စိုက်ပျိုးကြရ၏။ မြေသြဇာ၊ မြေဆီလည်းတဖြည်းဖြည်း ကုန်ခန်းလာ၏။ ထို့ကြောင့် ကျေးဇူးအပြည့်အ၀မခံစားကြရတော့ပေ။
တောင်ယာစိုက်ပျိုးခြင်းသည် လယ်ယာစိုက်ပျိုးမှုထက်ခက်ခဲပင်ပန်းပြီး အကျိုးခံစားရမှုနည်း၏။ တစ်နေရာတွင်နှစ်ကြိမ်သုံးကြိမ်မျှ သာ စိုက်ပျိုးနိုင်ပြီး၊ မြေသြဇာလျော့နည်းသွား၏။ ထို့ကြောင့်တစ်ခြားနေရာသို့ပြောင်းရွှေ့ပြီး တောခုတ်ခြင်း၊ ယာမီးရှို့ခြင်းများပြန်လုပ်ရ သည်။ တောင်ယာစပါးခင်းမှာလည်း စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှစ်ကြိမ်သုံးကြိမ် ပေါင်းသင်လိုက်ရသဖြင့် အလွန်ပင်ပန်း၏။ စပါးအထွက်နည်း၏။
တောင်ယာစိုက်ပျိုးရန် ရွှေ့ပြောင်း၍ယာခုတ်ရဖြင့် သစ်တောပြုန်းတီမှုဖြစ်ပေါ်စေသည်။ သစ်တောများမရှိသဖြင့် မြေဆီမြေသြဇာများ သည် မိုးရေနှင့်အတူလျော့ပါးပျက်စီးသွား၏။ စမ်းရေလည်းခန်းခြောက်လာ၏။ ကျွဲနွား၊ စားကျက်များလည်း ခေါင်းပါးလာ၏။ တောထွက် ပစ္စည်းများလည်းမရရှိနိုင်တော့ပေ။ သစ်တောများပြုန်းတီးသဖြင့် ရာသီဥတုနှင့်ပထ၀ီအနေအထားကိုလည်း ပြောင်းလဲသွားစေသည်။
ရှမ်းပြည်နယ်ရှိ အချို့ဒေသများဖြစ်သည့် တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ဟဲဟိုးစသည့် တောင်များသည် တောများပြုန်းပြီး တောင်ကတုံးများပင်ဖြစ်နေပေပြီ။ ထို့ကြောင့် တောတောင်ခုတ်ထွင်ရှင်းလင်း၍ တောင်ယာစိုက်ပျိုးခြင်းသည် မလိုလားအပ်သော စိုက်ပျိုး နည်းတစ်ရပ်ဟုဆိုနိုင်ပေသည်။
အောက်မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း
အောက်မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာကိုင်းကျွန်းကို ဦးစားပေးလုပ်ကိုင်ကြလေသည်။ လယ်ယာအတွက် မြေရှင်းလင်းခုတ်ထွင်ရင်း ရေတံခွန်၊ စမ်းချောင်းနှင့် နီးသောမြေကောင်းသည့် ဒေသတွင် မင်းကွတ်၊ ဒူးရင်း၊ ဒညင်း၊ ကွမ်းသီး၊ ငှက်ပျော၊ သံပရာ၊ ကျွဲကော၊ နာနတ်၊ သရက်၊ အုန်း စသည်များကိုစိုက်ပျိုးကြလေသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း
ဘားအံမြို့နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် သံလွင်မြစ်ဝှမ်းနုန်းတင်မြေနုအရပ်များ၌ မြေပြန့်လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကို အခြားတိုင်းရင်းသားများနည်းတူ စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြေမျက်နှာပြင်အနိမ့်အမြင့်၊ မြစ်ရေ၊ ချောင်းရေ အတက်အကျ တို့ကြောင့် ကောက်ကြီးစပါး၊ ရေလိုက်စပါး၊ ပတတ်စပါးနှင့် မုရင်းစပါးတို့ကို အချိန်ရာသီအလိုက်စိုက်ပျိုးကြလေသည်။
ကုန်းလယ်တွင် စပါးသက်ငါးလရှိသော အီကလဲနှင့် ကုလားလေစပါးကိုစိုက်ပျိုးကြသည်။ ကုန်းလယ်မှာမိုးရေသောက်လယ်ဖြစ်၍ ကဆုန်၊ နယုန်မိုးဦးကျတွင်ပျိုးထောင်ပြီး ၀ါဆို၊ ၀ါခေါင်လတွင် ပျိုးနုတ်ကောက်စိုက်ကြသည်။ တန်ဆောင်မုန်း၊ နတ်တော်လတွင် ရိတ်သိမ်းကြ ၏။
ပတတ်လယ်မှာ မြင့်သောမြေတွင်စပါးသက်သုံးလရှိသော ရေမနိုင်စပါး၊ ထောလပတ်စပါးတို့ကို စိုက်ပျိုးကြသည်။ မိုးဦးကျအခါတွင် ထွန်တိုက်ထားရသည်။ တော်သလင်း၊ သီတင်းကျွတ်လဆန်းတွင် ပျိုးကြဲပြီး တန်ဆောင်မုန်းလပြည့်ကျော်နတ်တော်လဆန်းတွင် ပျိုးနုတ် ကောက်စိုက်ကြသည်။ တပို့တွဲလပြည့်ကျော်တပေါင်းလဆန်းတွင် ရိတ်သိမ်းကြသည်။
ယင်းစပါးများအပြင် မုရင်းလယ်၌ စပါးသက်တမ်းလေးလခွဲရှိသော ထောလပတ်စပါးကိုလည်းစိုက်ပျိုးကြသည်။ ထောလပတ်စပါး စိုက်ရန် မုရင်းလယ်ကိုမိုးဦးကျတွင် ထွန်တိုက်ထားရသည်။ တန်ဆောင်မုန်းလတွင် ပျိုးကြဲပျိုးထောင်၍ နတ်တော်လပြည့်ကျော် ပြာသိုလဆန်း တွင် ပျိုးနုတ်ကောက်စိုက်ကြပြီး တန်ခူးလ သင်္ကြန်လွန်လျှင်ရိတ်သိမ်းကြသည်။

ကိုင်းစိုက်ပျိုးရေး

ကိုင်းစိုက်ပျိုးရေးကို လယ်ယာစိုက်ပျိုးခြင်းတွင် သီးထပ်သီးညှပ်အဖြစ်စိုက်ပျိုးကြသည်။ အချို့မြေများမှာလယ်ယာစိုက်ပျိုးရေး အတွက် မြေသြဇာမကောင်းပါက ကိုင်းသက်သက်ကို စိုက်ပျိုးကြသည်။ ကိုင်းစိုက်ပျိုးခြင်းတွင် ပဲအမျိုးမျိုး၊ မြေပဲ၊ နှမ်း၊ ဆေးရွက်ကြီး၊ ပြောင်း၊ ကြံ စသည်တို့ကို စိုက်ပျိုးကြသည်။ ကိုင်းသီးနှံများကြားတွင် ဖရုံ၊ သခွား၊ ခ၀ဲ၊ ခရမ်းချဉ်၊ ငရုတ်စသည်တို့ကိုလည်း ဟင်းလျာအဖြစ်စားသုံး ရန်စိုက်ပျိုးကြသေးသည်။

လယ်နတ်ကျွေးခြင်း

စိုက်ပျိုးလုပ်ကိုင်သည့်မြေကို မထွန်ယက်မီမြေကို ပေါက်ပြားဖြင့်သုံးချက်ပေါက်ရသည်။ ထို့နောက် ထမင်း၊ ငါးပိဖုတ်၊ ကြက်သွန်ဥ၊ ငရုတ်သီးတောင့်ကို ထမင်းနှင့်ထုပ်၍ပေါက်ထားသည့်မြေကျင်းတွင်ထည့်ကာ အပေါ်တွင်မြေဖြင့်ပြန်ဖုံးရသည်။ ထို့နောက်ထိုထမင်း ကြက်သွန်တို့ကို နှစ်ပုံပုံကာ လယ်နတ်အပေါင်းအသင်းများအားကျွေးလေသည်။ ဤသို့ လယ်နတ်တို့အား မိမိတို့လယ်ကိုစောင့်ရှောက်ရန် ပူဇော်ပသခြင်းကို “ လယ်နတ်ကျွေးခြင်း ” ဟုခေါ်သည်။

ခြံစိုက်ပျိုးခြင်း
ခြံစိုက်ပျိုးရေးဆိုသည်မှ တတ်နိုင်သမျှသော မြေဧကကို ခြံခတ်၍သစ်သီးသစ်နှံများကို စိုက်ပျိုးခြင်းဖြစ်သည်။ ခြံစိုက်ပျိုးရေးတွင် နှစ်တိုနှစ်ရှည်စိုက်ပျိုးရေးဟူ၍ နှစ်မျိုးရှိသည်။
ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့၏ နှစ်တိုခြံစိုက်ပျိုးရေးတွင် ပန်းအမျိုးမျိုး၊ ဂေါ်ရခါးသီး၊ ပဲသီးပဲတောင့် အမျိုးမျိုး၊ မုန်ညင်း၊ မုန်လာ၊ ဂေါ်ဖီပွင့်၊ ကြက်ဟင်းခါးသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး စသောဟင်းသီးဟင်းရွက် အမျိုးမျိုးများဖြစ်ကြ သည်။ ယင်းတို့ကို အပင်သက်တမ်းအလိုက်စိုက်ပျိုးကြသည်။ ခြံစိုက်ပျိုးရေးကိုရွာပြင်ဘက် မဝေးလှသော နေရာများတွင်လည်းကောင်း၊ နေအိမ်ပတ်ဝန်းကျင်တွင် လည်းကောင်း စိုက်ပျိုးကြသည်။ ခြံမှထွက်သောသီးနှံ၊ ပန်း၊ ဟင်းသီးဟင်းရွက်များကိုဈေးတွင်လက်လီလက်ကား ရောင်းချကြသည်. မြေပြန့်ဒေသသို့လည်းတင်ပို့ရောင်းချကြ၏။
နှစ်ရှည်ခြံစိုက်ပျိုးရေးမှာ လက်ဖက်၊ သနပ်ဖက်၊ လိမ္မော်၊ နာနတ်သီး၊ သစ်တော့သီး၊ မက်မန်း၊ ပင်စိမ်းသီး၊ မက်မွန်သီးစသော စားသုံး ပင်များကို သုံးနှစ်မှ ခုနှစ်နှစ်၊ ရှစ်နှစ်အထိစိုက်ပျိုးခြင်းဖြစ်သည်။ ဤအပင်များမှာ သုံးလေးနှစ်ကြာစိုက်ပျိုးရ၏။ နှစ်ရှည်ခြံစိုက်ပျိုးရေးလုပ်ငန်း သည် ငွေပင်ငွေရင်းစိုက်ထုတ်ရပြီး ယုယပြုစုရ၏။ လက်ဖက်ခြံ၊ သနပ်ဖက်ခြံများမှာ ၀င်ငွေကောင်းသလောက် ငွေရင်းမြှုပ်နှံမှုများလေသည်။ နှစ်ရှည်ခြံစိုက်ပျိုးရေးလုပ်ငန်းတွင် သနပ်ဖက်ခြံစိုက်ပျိုးရေးလုပ်ငန်းကို ပအိုဝ်းတိုင်းရင်းသားတိုင်းလိုလို စိုက်ပျိုးလုပ်ကိုင်ကြလေသည်။

သနပ်ဖက်စိုက်ပျိုးရေး
ရှမ်းပြည်နယ်၏ ထင်ရှားသော ထွက်ကုန်သည် သနပ်ဖက်ဖြစ်၏။ သနပ်ဖက်ကို ရှမ်းတိုင်းရင်းသားတို့က “ တောင် ” ဟုခေါ်၏။ ပအိုဝ်းတိုင်းရင်းသားတို့က “ စိန်လာ ” ဟုခေါ်၏။ သနပ်ဖက်ကို ရှမ်းပြည်မြောက်ပိုင်းတွင် စိုက်ပျိုးလုပ်ကိုင်သော်လည်း ရှမ်းပြည်တောင်ပိုင်း လောက် အထွက်မများချေ။ ရှမ်းပြည်တောင်ပိုင်းတွင် သနပ်ဖက်ကို စိုက်ပျိုးထုပ်လုပ်သူများမှာ ပအိုဝ်းတိုင်းရင်းသားများပင်ဖြစ်ကြ၏။
သနပ်ဖက်သည် သဘာဝအားဖြင့်နှစ်စဉ်အရွက်ကြွေသောအပင်တစ်မျိုးဖြစ်၏။ ထိုအရွက်မှနေ၍ လူတို့အသုံးပြုသောပစ္စည်းဖြစ်လာ သည်။ အကောင်းဆုံးသနပ်ဖက်ကို စိုထိုင်းပြီးအရိပ်ကျသည့် ဆင်ခြေလျှောချိုင့်ဝှမ်းများတွင် တွေ့ရ၏။ သနပ်ဖက်သည် နှစ်ရှည်ခံသစ်ပင်မျိုး နွယ်ပင်ဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် သနပ်ဖက်ပင်ကို နှစ်စဉ်ခုတ်ဖြတ်ပြီး သနပ်ဖက်ကိုခူးကာအသုံးပြုကြလေသည်။

သနပ်ဖက်ပင်နှစ်မျိုးရှိ၏ -
(၁) သနပ်ဖက်အရိုင်းမျိုး၊
(၂) သနပ်ဖက်အယဉ်မျိုးတို့ဖြစ်သည်။
သနပ်ဖက်အရိုင်းမျိုးသည် လူတို့အသုံးမပြုသလောက်ပင်ဖြစ်၏။ ထူပြီးကြမ်းသည်။ အရောင်ပို၍ညိုသည်။ ယခုအခါ မတွေ့ရသ လောက်ပင်ဖြစ်၏။ သနပ်ဖက် အရိုင်းမျိုးသည်အရည်အသွေးညံ့သဖြင့် ကူးသန်းရောင်းဝယ်ရေးတွင် အသုံးမပြုချေ။
သနပ်ဖက်အယဉ်မျိုးသည် ဆေးလိပ် လိပ်ရာတွင်လည်းအသုံးများ၏။ အရည်အသွေးကောင်း၏။ အရောင်တောက်ကာပါးပြီးချော၏။ ဆေးလိပ်လိပ့်ရာတွင်လည်း အဆင်းလှပြီးကြွပ်ဆတ်ခြင်းမရှိပေ။ သနပ်ဖက်သည် ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါနေ၏။ ထို့ကြောင့် ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားအများစုသည် သနပ်ဖက်ကို အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြသည်။

သနပ်ဖက်စိုက်ပျိုးခြင်း

ဝါဆိုလနှင့် ၀ါခေါင်လများတွင် သနပ်ဖက်ပင်များစိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်ပင်ဖြစ်လေသည်။ သနပ်ဖက်ပင်များကိုမစိုက်ပျိုးမီ စိုက်ခင်းများကိုပြုပြင်ပေးရ၏။ တန်ဆောင်မုန်းနှင့် နတ်တော်လများတွင် သနပ်ဖက်စိုက်ပျိုးမည့်မြေရိုင်းမှ သစ်ပင်ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းရ၏။ တပေါင်းလတွင် မီးရှို့လေသည်။ ထိုသို့ပြုလုပ်ပြီးသောအခါ ၀ါဆိုနှင့်ဝါခေါင်လများတွင် သနပ်ဖက်ပင်များကို စိုက်ပျိုး နိုင်လေသည်။ သနပ်ဖက်ပင်များကိုစိုက်ပြီးနောက် အမြစ်မြေတွင်ကုပ်တွယ်ပြီးရှိမှသာလျှင် မြေကိုဆွပေးနိုင်၏။

သနပ်ဖက်ပင်များကိုစိုက်ပျိုးရာ၌ နည်းသုံးနည်းဖြင့်စိုက်ပျိုးနိုင်သည်။ ၎င်းတို့မှာ --
(၁) မျိုးစေ့များကိုပျိုးထောင်ပြီးမှ စိုက်ပျိုးခြင်း၊
(၂) အကိုင်းများဖြင့်စိုက်ပျိုးခြင်း၊
(၃) မျိုးစေ့များဖြင့်စိုက်ပျိုးခြင်းတို့ဖြစ်ကြ၏။
ပအိုဝ်းတိုင်းရင်းသားတို့သည် သနပ်ဖက်ပင်များကို မျိုးစေ့များဖြင့်ပျိုးထောင်ပြီးမှသာ စိုက်ပျိုးကြသည်ကများ၏။ ဤနည်းသည် ကိုင်းစိုက်ပျိုးခြင်းနှင့် မျိုးစေ့ဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်းထက် ပိုမိုသေချာအောင်မြင်၏။ ထို့ပြင်သနပ်ဖက်ရွက်များကိုလည်း စောစီးစွာခူးယူနိုင် ၏။
သနပ်ဖက်အကိုင်းများဖြင့် စိုက်ပျိုးခြင်းကို အများဖြင့်မပြုလုပ်ကြပေ။ တပို့တွဲ၊ တပေါင်းလတွင် သနပ်ဖက်အကိုင်းများကို ခုတ်ဖြတ် သောအခါ မျိုးကိုင်းများကိုဖြတ်ယူပြီး စိုက်ပျိုးနိုင်သည်။ မျိုးကိုင်းများကိုယူရာ၌ သန်မာထွားကြိုင်းပြီးအသက်ကြီး၍ အနာအဆာကင်းသော ပင်စည်များကိုရွေးချယ်ရ၏။ ထိုအပင်ကို တစ်ပေလောက်ဖြတ်ယူလျှင်အကောင်းဆုံးမျိုးကိုင်းများကိုရနိုင်သည်။
ကြိုတင်ပြုပြင်ထားသော စိုက်ခင်း၊ မြေကွက်လပ်များတွင်မျိုးစေ့များဖြင့်လည်းစိုက်ပျိုးနိုင်၏။ ၀ါဆိုနှင့် ၀ါခေါင်လများတွင် မျိုးစေ့များ ကို စူးထိုး၍စိုက်ပျိုးကြသည်။ ဤသို့မျိုးစေ့များဖြင့်စိုက်ပျိုးခြင်းသည် သနပ်ဖက်ရွက်များကိုခူးရန် အချိန်ကြာမြင့်စွာစောင့်နေရ၍ မျိုးစေ့ဖြင့် စိုက်ပျိုးခြင်းကိုလုပ်ကိုင်လေ့မရှိကြပေ။ မျိုးစေ့ဖြင့်စိုက်ပျိုးခြင်းသည် ရေရှည်အတွက်လည်းအကျိုးမရှိပေ။

ပေါင်းမြတ်ရှင်းခြင်း
သနပ်ဖက်ပင်များ စိုက်ပျိုးပြီးသောအခါ ပေါင်းမြတ်များကိုတစ်နှစ်လျှင် နှစ်ကြိမ်အထိ ရှင်းလင်းကြသည်။ သနပ်ဖက်ခြံမှ မိုးဦးဖက်များ ကိုခူး၍ လှော်ပြီးနောက် တော်သလင်းလောက်တွင်ပေါင်းမြက်များကိုရှင်းလင်းရ၏။ တန်ဆောင်မုန်း၊ နတ်တော်လသို့ရောက်သောအခါ တစ်ကြိမ်ရှင်းလင်းရပြန်၏။ ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်းအားဖြင့် သဘာဝမြေသြဇာစိမ်းရရှိသည့်ပြင် ရာသီဖက်များ ခူးရာတွင် လည်း လွယ်ကူစေသည်။

ခုတ်ဖြတ်ခြင်း
သနပ်ဖက်ပင် သက်တမ်းသုံးနှစ်လေးနှစ်ရှိလာသောအခါ ပင်စည်၏အချင်းသည် ၁ လက်မမှ ၂ လက်မခွဲ နီးပါးရှိလာသည်။ ထိုအချိန် တွင် သနပ်ဖက်ပင်များကို ခုတ်ဖြတ်နိုင်၏။ သနပ်ဖက်ပင်များကို တပို့တွဲ၊ တပေါင်းလများတွင်ခုတ်ဖြတ်ကြသည်။ ခုတ်ဖြတ်ရာတွင် ယခုနှစ်က ခုတ်ဖြတ်ထားသော နေရာထက် ၁ လက်မ၊ ၂ လက်မခွဲလောက်တွင် အကောင်းဆုံးအဆစ်၏ အပေါ်ဘက် ၁ လက်မလောက်အကွာတွင် ခုတ်ဖြတ်ရ၏။ သနပ်ဖက်ပင်များကိုခုတ်ဖြတ်ရာ၌ လွှကိုလည်းကောင်း၊ ဓားကိုလည်းကောင်းသုံးနိုင်၏။
သနပ်ဖက်ပင်များကို ခုတ်ဖြတ်ပြီးသောအခါ ပိုးမွှားများဖျက်ဆီးတတ်လေသည်။ ထို့ကြောင့်ပိုးမွှားများ၏ ရန်ကိုကာကွယ်ရန် ဒီ၊ဒီ၊တီ (D.D.T) ပိုးသတ်ဆေးမှုန့်နှင့် ထုံးကိုဆတူရောပြီး၊ သနပ်ဖက်ပင်ငုတ်တို၏ ပတ်ပတ်လည်ကိုလိမ်းသုတ်ပေးရသည်။ ဆီဗင်ဆေးမှုန့်ဖြင့် ဖျန်း ပေးရသည်။

အညွန့်အတက်ချိုးခြင်း
သနပ်ဖက်ပင်ကို ဖြတ်လိုက်သောအခါ တန်ခူး၊ ကဆုန်လများတွင် အကိုင်းသစ်ထွက်လာ၏။ မိုးတစ်ပြိုက်နှစ်ပြိုက်ရွာသည်နှင့် ထွက်လာသော ကိုင်းသစ်သည်လျင်မြန်စွာကြီးထွားလာလေသည်။ သနပ်ဖက်ပင်ပို၍ ရှင်သန်လာစေရန်နှင့်အရွက်များ ကြီးမားကျယ်ပြန့်လာ စေရန်အတွက် အညွန့်အတက်များကိုချိုးပေးရသည်။ သနပ်ဖက်ခူးခြင်းနှင့် လှော်ခြင်း မပြီးမီကာလအတွင်း အညွန့်နှင့်အတက်များကို ချိုးပေး ရ၏။ သနပ်ဖက်အတက်နှင့် အညွန့်များကိုတစ်နှစ်လျှင် လေးကြိမ်မှခြောက်ကြိမ်အထိ ချိုးပေးလေ့ရှိကြသည်။

အရွက်ခူးခြင်း
မိုးစ၍ရွာသည့်နှစ်ပတ်မှ သုံးပတ်လောက်အကြာတွင် သနပ်ဖက်ရွက်များကို စတင်ခူးယူနိုင်၏။ သနပ်ဖက်ရွက်များကို အများအားဖြင့် ကဆုန်လဆန်းလောက်တွင်စ၍ ခူးကြသည်။ သို့သော်လည်း သနပ်ဖက်ပင်ကို ခုတ်ဖြတ်ချိန်နှင့် မိုးစရွာသည့်အချိန်စောခြင်း၊ နောက်ကျခြင်း ပေါ်တွင်မူတည်လေသည်။ သနပ်ဖက်ရွက်ကိုခူးရာတွင် တစ်ပင်လုံးကိုတစ်ခါတည်းခူးခြင်းမျိုးမဟုတ်ဘဲရွေး၍ခူးရသည်။ ခူးရာတွင်လည်း မနုလွန်း မကြမ်းလွန်းသောအရွက်များကိုသာခူးရ၏။

အကြောသင်ခြင်း
သနပ်ဖက်ရွက်များကို ခူးယူပြီးသောအခါတစ်ရွက်စီ၏အကြောများကိုသင်ပေးရသည်။ အကြောသင်ရာတွင် ညှာတံနှင့်တို့ထိစပ်နေ သောနေရာမှစ၍ ဓားငယ်လေးဖြင့်သင်ရ၏။ ထိုကဲ့သို့သနပ်ဖက်ရွက်အကြောများကိုသင်ရာတွင် အကြောများစင်ကြယ်မှ သနပ်ဖက်ပို၍ ချော လေသည်။ သနပ်ဖက်များပိုချောပါမှလည်း အရောင်းသွက်သည့်ပြင်ဈေးလည်းပိုရလေသည်။ သနပ်ဖက်ကြောသင်ခြင်းအလုပ်ကိုအမျိုးသား ရော အမျိုးသမီးပါပြုလုပ်ကြ၏။ သာမန်တောင်သူဦးကြီးတစ်ယောက်သည် တစ်နာရီလျှင် သနပ်ဖက်ရွက်စိမ်းပိဿချိန်ငါးပိဿာလောက်အထိ အကြောသင်ပြီးစီးနိုင်၏။

လှော်ခြင်း
အကြောသင်ပြီးသား သနပ်ဖက်ရွက်စိမ်းများကို ဒယ်တွင်ထည့်၍ မီးဖြင့်ပေါင်းခံခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “သနပ်လှော် သည်” ဟုခေါ်၏။ သနပ်ဖက်များကို ခူးသည့်နေ့မှာပင်လှော်ရ၏။ အကြောသင်ပြီးသနပ်ဖက်များကို သနပ်ဖက်လှော်သည့်ဖိုတွင်ရှိသည့် ဒယ် ထဲတွင် ခရုပတ်စီ၍ထည့်ပြီးနောက် သဲအိတ်ငယ် (၀ါ) သဲထည့်ထားသောဂွန်နီအိတ်ဖြင့် ဒယ်တစ်ခုလုံးဖြန့်၍ဖိထားပေးရ၏။ ဆယ်ငါ့မိနစ်၊ မိနစ်နှစ်ဆယ်ကြာသောအခါထုတ်ယူနိုင်၏။
သနပ်ဖက်လှော်သည့်ဖိုတွင် ဒယ်ပြားဆယ့်ခြောက်ခုထိထားကြ၏။ အချို့လည်းခုနှစ်ခု၊ ရှစ်ခုစသည်ဖြင့်ထားကြသည်။ သနပ်ဖက် ရွက်စိမ်းတစ်ခါလှော်ပါက နှစ်ပိဿာမှ သုံးပိဿာထိလှော်နိုင်သည်။ လှော်နိုင်အားသည် ဒယ်အနည်းအမျာပေါ်တွင်မူ၏။

အမျိုးအစားခွဲခြင်း
သနပ်ဖက်များကိုလှော်ပြီးသောအခါ အမျိုးအစားခွဲ၍ရောင်းချကြ၏။ သနပ်ဖက်ကိုအရွယ်အစားနှင့် အမျိုးအစားခွဲခြားရခြင်းမှာ အချို့ ဆေးလိပ်ခုံများသည် သနပ်ဖက်အကြီးစာကိုအလိုရှိကြပြီး၊ အချို့ကအသေးစားကိုသာအလိုရှိကြသောကြောင့်ဖြစ်၏။ အမျိုးအစားနှင့် အရွယ် အစားကိုရွေးချယ်ရာတွင်လည်း စည်းမျဉ်းများရှိ၏။
ယနေ့အထိသတ်မှတ်ထားသော သနပ်ဖက်သင်္ကေတအမှတ်အသားများမှာ ခ(ခေါင်)၊ က(အကြီး)၊ လ(အလတ်)၊ ချောင်း၊ သသုံး ချောင်းပထီး၊ အစုတ်ကြီး၊ အစုတ်သေး၊ ပယ် စသည်တို့ဖြစ်ကြသည်။

ရောင်းဝယ်ခြင်း
သနပ်ဖက်ရောင်းဝယ်ခြင်းကို ဆယ်နှစ်ရာသီပြုလုပ်ကြသည်။ သနပ်ဖက်ဈေးများ ကောင်းလာပြီဆိုလျှင် ခြံရှင်ပအိုဝ်းတောင်သူကြီး များသည် ပီတိဖုံးကြရ၏။ သို့သော်သနပ်ဖက်လုပ်ငန်းတွင် ခေါင်းပုံဖြတ်မှုရှိနေသဖြင့် သနပ်ဖက်စိုက်ပျိုးထုတ်လုပ်သော ပအိုဝ်းတောင်သူဦး ကြီးများ မိမိတို့လုပ်အား၏ အသီးအပွင့်များကိုအပြည့်အ၀မခံစားကြရပေ။

သနပ်ဖက်လျှော်
ပအိုဝ်းသနပ်ဖက်တောင်သူဦးကြီးတို့သည် သနပ်ဖက်လှော်သည့်လုပ်ငန်းပြီးစီးသောအခါ နောင်နှစ်တွင်သနပ်ဖက်ကိုင်းအသစ်ထွက် လာစေရန်အတွက် အညွှန့်ထွက်မည့်နေရာ၏ အထက်တွင် နှစ်စဉ်ခုတ်ဖြတ်ပေးရသည်။ သနပ်ဖက်ပင်များကိုတပို့တွဲ၊ တပေါင်းလများတွင် ခုတ်ကြသည်။
သနပ်ဖက်ပင်မှာ လျှော်ပင်တစ်မျိုးဖြစ်၏။ သနပ်ဖက်၏အခေါက်ကိုခွာလျှင် သနပ်ဖက်လျှော်ကိုရသည်။ အချို့မှာ တောထဲသို့ထင်း ရှာ သွားသူများသည် ထင်များခုတ်ပြီးသောအခါ ထင်းစည်းရန်ကြိုးမပါပါက သနပ်ဖက်ပင်အရိုင်းကိုခုတ်ပြီး အခေါက်ကိုကွာယူကာ ကြိုးအဖြစ် အသုံးပြုကြလေသည်။ ထို့ကြောင့်သနပ်ဖက်ပင်မှလျှော်ကိုရနိုင်ပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် သနပ်ဖက်လျှော်ဖြင့် ချည်နှောင်ရန်ကြိုးများကိုကျစ်ယူကြလေသည်။ သနပ်ဖက်လျှော်မှကြိုးအဖြစ်သို့ ရောက်အောင်ပြုလုပ်ပုံမှာ ပထမဆုံးသနပ်ဖက်ပင်ကို နှီးဖြင့်စည်း၍ ရေချောင်းထဲတွင်သုံးလကြာခန့်စိမ်ထားရ၏။ သုံးလခန့်ကြာသောအခါ ရေထဲမှထုတ်ယူပြီးအခေါက်ကိုခွာရသည်။ ထိုနောက်ကြိုးကျစ်ပြီးကြိုးများ၊ နှီးများအဖြစ်အသုံးပြုကြသည်။
တပို့တွဲ၊ တပေါင်းလများတွင် ပအိုဝ်းသနပ်ဖက်တောင်သူဦးကြီးတို့ခုတ်ဖြတ်ထားသော သနပ်ဖက်ပင်များမှာမနည်းလှပေ။ သနပ် ဖက်ပင်သည် ဂုန်လျှော်ပင်ကဲ့သို့ လျှော်များရနိုင်သောအပင်တစ်မျိုးဖြစ်၏။ သနပ်ဖက်ပင်များမှ လျှော်များကိုခွာယူပြီး ဂုန်လျှော်ကိုကုန်းကြမ်း မှ ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရေးအတွက် စဉ်းစားသင့်ပါသည်။ သနပ်ဖက်လျှော်ကို ထုတ်လုပ်နိုင်ပါက ပအိုဝ်းတိုင်းရင်းသားတို့သည် သနပ် ဖက်ရွက်ကိုရောင်းချ၍ ရရှိသောဝင်ငွေအပြင် သနပ်ဖက်လျှော်မှလည်းအပိုငွေရနိုင်ပါသည်။ ဂုန်လျှော်စက်ရုံအတွက်လည်းကုန်ကြမ်းများများရ လာပေမည်။
သနပ်ဖက်လျှော်ထုတ်လုပ်ရေးလုပ်ငန်းကို စဉ်းစားသင့်ပါသည်။

လက်ဖက်စိုက်ပျိုးခြင်း
လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းသည်လည်း ပအိုဝ်းတိုင်းရင်းသားတို့ ဒုတယအများဆုံးလုပ်ကိုင်သောလုပ်ငန်းဖြစ်၏။ လက်ဖက်စိုက် ပျိုး ထုတ်လုပ်ရေးလုပ်ငန်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ မိရိုးဖလာလုပ်ငန်းတစ်ရပ်ဖြစ်၏။ လက်ဖက်ပင်ကိုသေချာစွာပြုစုယုယနိုင်ပါက လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းမှာလည်း ၀င်ငွေကောင်းလှသည်။
လက်ဖက်ပင်များသည် အေးသောရာသီဥတုကိုကြိုက်နှစ်သက်၏။ ဆီးနှင်းပါး၍ လေကောင်းလေသန့်ကောင်းစွာရရှိသောတောင် စောင်း၊ တောင်ခါးပန်းတို့တွင်ဖြစ်ထွန်းသည်။ ဆီးနှင်းဒဏ်ကိုမခံနိုင်သဖြင့် စိုက်ပျိုးခါစအပင်ငယ်များကိုအကာအကွယ်တစ်ခုခုဖြင့် ဖုံးအုပ်ထား ရ၏။
စိုက်ပျိုးထားသော အပင်ပတ်ပတ်လည်တွင် ပေါင်းမြတ်များမရှိစေရန် ရှင်းလင်းထားရ၏။ လက်ဖက်ပင်များအကြားတွင် မြေပွဖြစ်စေ ရန် အရေးကြီးသဖြင့်ထယ်ဖြင့်ဖြစ်စေ၊ ပေါက်ပြားဖြင့်ဖြစ်စေ တူးဆွရ၏။ တစ်နှစ်လျှင်တစ်ကြိမ်၊ နှစ်ကြိမ်အထိတူးဆွကြသည်။ ဤသို့ပြုလုပ် ခြင်းဖြင့်ရွက်နုအစဉ်မပြတ်ထွက်လာသည်။
လက်ဖက်ပင်စိုက်ပျိုးနည်းမှာ ပထမဦးစွာမျိုးစေ့ကြဲ၍ပျိုးထောင်ရ၏။ ပျိုးပင်များပေါက်လာသောအခါ နေပူဒဏ်၊ မိုးဒဏ်၊ ဆီးနှင်းဒဏ် စသည်တို့ကိုခံနိုင်ရန် အကာအကွယ်ပြုလုပ်ရ၏။ သုံးနှစ်ခန့်ကြာသောအခါ ပျိုးပင်ကိုပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ပြောင်းရွှေ့စိုက်ပျိုးပြီး နှစ်နှစ်၊ သုံးနှစ်ခန့်ကြာလျှင် လက်ဖက်ရွက်မှစ၍ခူးနိုင်၏။ ရွက်နုများကိုခူးပေးနိုင်မှ ရွက်နုများထပ်၍ထွက်လာပေမည်။

လက်ဖက်ခူးခြင်း
တပေါင်းလမှစ၍ တန်ခူး၊ ကဆုန်၊ နယုန်လအထိ လက်ဖက်ခူးနိုင်၏။ တန်ခူးလတွင်ခူးသော လက်ဖက်သည်အရွက်နုချိန်ဖြစ်သော ကြောင့် အကောင်းဆုံးပင်ဖြစ်သည်။ ထိုအချိန်တွင်ခူးသောလက်ဖက်ကို “ ရွှေဖီမိုးလွှတ် ” ဟုခေါ်၏။
သင်္ကြန်မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာပြီးသောအခါ မိုးရေကြောင့်ရွက်နုသန်လာပြီးအရွက်ကြီးလာ၏။ ဤအချိန်တွင်ခူး၍ပြုလုပ်သော လက် ဖက်ခြောက်သည် ပို၍ကြမ်း၏။ အရောင်းအဆင်းလည်းသိပ့်မလှပေ။ အနံ့အရသာလည်းပေါ့၏။ လက်ဖက်ခူးသည့်အလုပ်ကိုအမျိုးသမီးများ ကသာပြုလုပ်ကြသည်။
လက်ဖက်ခြောက်ပြုလုပ်ရန် လက်ဖက်ရွက်နုကို တစ်နှစ်လျှင်သုံးကြိမ်ခူးကြ၍ နွေ၊မိုး၊ဆောင်း သုံးရာသီလုံးပင်ခူးကြသည်။ နွေရာသီ တွင်ခူးသည့်ရွက်နုကို “ နွေရွက် ”၊ မိုးရာသီတွင်ခူးသည့်ရွက်နုကို “ မိုးရွက် ”၊ ဆောင်းရာသီတွင်ခူးသည့်ရွက်နုကို “ဆောင်းရွက်” ဟုခေါ်သည်။
နွေရွက်တွင် တပေါင်း၊ တန်ခူးလများတွင်ခူးသည့်ရွက်နုကို “ ရွှေဖီမိုးလွတ် ” ဟုခေါ်၏။ သင်္ကြန်ကျပြီးမှ ခူးသောရွက်နုကို “ရွှေဖီလား” ဟုခေါ်၏။ နယုန်လမှ သီတင်းကျွတ်လထိခူးသည့်ရွက်နုကို “ခိုင်ကောင်” ဟုခေါ်၏။ တန်ဆောင်မုန်း၊ နတ်တော်လများတွင်ခူးသည့်ရွက်နုကို “ခေါင်နိုင်” ဟုခေါ်သည်။ (ခိုင်ကောင်ခေါင်နိုင်မှာ ရှမ်းဘာသာအခေါ်အဝေါ်ဖြစ်သည်။) နွေ၊ မိုး၊ ဆောင်း သုံးရာသီးလုံးတွင် ရွက်နုများကိုခူး၍ ပြုလုပ်သည့် လက်ဖက်ခြောက်များအနက် နွေရွက်ဖြစ်သည့် “ ရွှေဖီမိုးလွတ် ” မှာ အကောင်းဆုံးဖြစ်၏။ “ရွှေဖီလာ” မှာ ဒုတိယအကောင်းဆုံး ဖြစ်၏။ တတိယအကောင်းဆုံးမှာ “ခေါက်နိုင်” (ဆောင်းရွက်) ဖြစ်သည်။ မိုးရွက်မှာလူကြိုက်နည်းသည်။

လက်ဖက်ခြောက်

ခူးပြီးသည့် လက်ဖက်ရွက်နုများကို တချို့ “ ပေါင်း ” ၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေလှော်ကြသည်။ ပင်လုံမြို့နယ်တွင်လက်ဖက်လုပ်ငန်းကို လုပ်ကိုင်သည့် ပအိုဝ်းတိုင်းရင်းသားတို့က လက်ဖက်ခြောက်ပြုလုပ်ရန် ရွက်နုများကို “ပေါင်း”သည်ကများလေသည်။ ပင်လောင်းမြို့နယ်တွင် “လှော်”သည်ကများလေသည်။ ပေါင်း၍ပြုလုပ်သည့်လက်ဖက်ခြောက်မှာ အကောင်းဆုံးဖြစ်၏။
ပေါင်းပြီး(၀ါ)လှော်ပြီး(၀ါ) ပြုတ်ပြီးသည့်လက်ဖက်ရွက်နုများကို ပျောင်းအိလာစေရန်ဖျာပေါ်တွင် လက်ဖြင့်နယ်ရ၏။ နယ်ပြီးသည့်အ ခါနေလှန်းရသည်။ နေလှန်းပြီးမခြောက်မီတစ်ခါထပ်နယ်ရသည်။ ဤနည်းအတိုင်းသုံးကြိမ်သုံးခါနယ်ပါက အကောင်းဆုံးဖြစ်သည်။
ဤသို့နေလှန်း၍ခြောက်ပြီးသောအခါ ရရှိသည့်လက်ဖက်ခြောက်သည် “သေးကျစ်-လိမ်” ပါက အကောင်းဆုံးဖြစ်သည်။ “သေးကျစ်-လိမ်” သော လက်ဖက်ခြောက်မှာ ရှေးကစော်ဘွားတို့၏ နှုတ်ခမ်းမွေးနှင့်တူသဖြင့် “စော်ဘွားနှုတ်ခမ်းမွေး” ဟုနာမည်ပညတ်ခေါ် ဝေါ်ကြသည်။ စော်ဘွားနှုတ်ခမ်းမွေးလက်ဖက်ခြောက်ထဲတွင် အဖြူရောင်လက်ဖက်ခြောက်ပါပါက အကောင်းဆုံးဖြစ်၏။ အဖြူရောင် အခြောက်မှာ အညွှန့်ဖြစ်သည်။
ခူးယူရရှိသည့် လက်ဖက်ရွက်နုကိုပေါင်း၍ဖြစ်စေ၊ လှော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ လက်ဖက်လုပ်ပုံလုပ်နည်းမှာ အတူတူဖြစ်၏။ သို့ သော်ပေါင်း၍ပြုလုပ်သည့် လက်ဖက်ခြောက်မှာ အကောင်းဆုံးလက်ဖက်ခြောက်ဖြစ်သည်။ ပေါင်း၍ပြုလုပ်သည့်လက်ဖက်ခြောက်ကို ရေနွေး ကြမ်းအိုးထဲတွင် ရေနွေးသုံးကြိမ်၊ လေးကြိမ်လောင်းပြီးသော်လည်း အရည်မပြောင်းပေ။ ရွက်နုများကိုပြုတ်၍ပြုလုပ်သည့် လက်ဖက်ခြောက် မှာ ရေနွေးနှစ်ကြိမ်လောင်းပြီးပါက အရည်ပြောင်းသွားလေသည်။ ရွက်နုများကိုလှော်၍ပြုလုပ်သည့်လက်ဖက်ခြောက်မှာ ရွက်နုများကိုပြုတ်၍ ပြုလုပ်သည့် လက်ဖက်ခြောက်ထက်ကောင်း၏။ သို့သော်ရွက်နုများကိုပေါင်း၍ပြုလုပ်သော လက်ဖက်ခြောက်ကို မမီချေ။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့စိုက်ပျိုးထုတ်လုပ်သော လက်ဖက်ခြောက်များအနက် ပင်လောင်းမြို့နယ် “ဆောင်းစီးရွာထွက် လက်ဖက်ခြောက်နှင့် ပင်လုံအနောက်ဘက် နောင်တောင်” လက်ဖက်ခြောက်တို့မှာ အကောင်းဆုံးဟုကျော်ကြား၏။ လူကြိုက်များ၏။ ရှမ်းပြည်နယ်တောင်ပိင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့စိုက်ပျိုးထုတ်လုပ်သော လက်ဖက်ခြောက်များကို တောင်ကြီးမြို့မဈေး တွင် ပအိုဝ်းတိုင်းရင်းသားတို့ပင် ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိသည်။

လက်ဖက်စို
လက်ဖက်စိုပြုလုပ်ရန်အတွက် ခူးပြီးသောလက်ဖက်ရွက်နုများကို မီးပေါ်တွင်တင်၍ လှော်ရ၏။ နွမ်းအိလာသောအခါဖျာကြမ်းပေါ် တွင်လက်ဖြင့်လိပ်ရ၏။ ထိုနောက်အရည်များထွက်သွားရန်လက်ဖြင့်ညှစ်ထုတ်ရ၏။ ဤသို့ပြုလုပ်ခြင်းဖြင့် အဖန်ဓာတ်၊ အခါးဓာတ်ကိုလည်း သက်သာစေသည်။
ဤသို့လိပ်ပြီးသော လက်ဖက်များကိုပုတ်ထဲတွင်လည်းကောင်း၊ ၀ါးဘူးထဲတွင်လည်းကောင်း၊ ခြင်းထဲတွင်လည်းကောင်း သိပ်ထားရ သည်။ သိပ်ရာတွင်လည်း လေလုံရန်အရေးကြီး၏။ ပြီးလျှင်ရေစိမ်ထားရသည်။ ၀ါးလူးထဲတွင်သိပ်ထားပါက ၀ါးဘူးကိုပိတ်ဆို့ထားရ၏။ ထို့ နောက်ရေတွင်စိမ်၍လည်းကောင်း၊ မြေထဲတွင်လည်းကောင်းမြှုပ်ထားရ၏။ ဤကားလက်ဖက်စိုလုပ်နည်းဖြစ်၏။
ပအိုဝ်းတိုင်းရင်းသားတို့သည် လုပ်ငန်းတစ်မျိုးတည်းကိုသာလုပ်ခြင်းမရှိဘဲ လက်ဖက်၊ လယ်ယာ၊ အာလူး၊ သနပ်ဖက်စသည်တို့ကို ပါ စိုက်ပျိုးလုပ်ကိုင်ကြ၏။ ထိုနောက်အားလပ်ခြင်းမရှိသဖြင့် လက်ဖက်ခူးသည့် အလုပ်အားသည့်တပေါင်း၊ တန်ခူးလတွင်သာပို၍လုပ်ကိုင်ကြ သည်။
လက်ဖက်လုပ်ငန်းနှင့် ပတ်သက်၍ပအိုဝ်းတိုင်းရင်းသားတို့ ရင်ဆိုင်နေရသောပြဿနာမှ လက်ဖက်ကိုဖျက်ဆီးတတ်သော “ မှော် ” တစ်မျိုး၏ ရန်ပင်ဖြစ်သည်။ ယင်းမှော်စွဲကပ်သော အပင်သည် ရွက်နုမထွက်တော့ဘဲတဖြည်းဖြည်းခြောက်ပြီးသေသွား၏။
လက်ဖက်ပင်များ၏ ပျမ်းမျှသက်တမ်းမှာ နှစ်ပေါင်း ၃၀ ခန့်ဖြစ်၏။ ရွက်နုများမကြာခဏခူးယူသဖြင့် အပင်ကြီးထွားမှုကိုနှောင့်နှေး စေသည်။ အပင်များ၏ ပျမ်းမျှအမြင့်သည် ၅ ပေခန့်ရှိ၏။ တစ်ပင်နှင့်တစ်ပင် လေးပေကွာစိုက်ပါက တစ်ဧကလျှင်အပင်ပေါင်း ၂၇၀၀ ခန့်စိုက် ပျိုးနိုင်၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် လုပ်ငန်းစံလုပ်ကိုင်သဖြင့် လက်ဖက်လုပ်ငန်းကိုကျယ်ကျယ်ပြန့်ပြန့်မလုပ်ကိုင်သေးပေ။ အိမ်ထောင် တစ်အိမ်ထောင်လျှင် ပျမ်းမျှအပင် ၃၀၀၀ ခန့်သာပိုင်ဆိုင်ကြ၏။
လက်ဖက်လုပ်ငန်းကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် အများဆုံးလုပ်ကိုင်ကြသည်။ ပင်လောင်းမြို့နယ်မှ ထွက်သော လက်ဖက်၏ ၉၅ ရာခိုင်နှုန်းသည် ပအိုဝ်းတိုင်းရင်းသားများကစိုက်ပျိုးထုတ်လုပ်ကြ၏။ နောင်တောင်၊ ကျန်းစန်းတောင်၊ ရပ်စောက်၊ ကလေ၊ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီးမန်းစံ၊ မိုင်းရှုးစသောမြို့နယ်များတွင်နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသားများကလည်းအသင့်အတင့်စိုက် ပျိုးထုတ်လုပ်ကြသည်။

သစ်တော့စိုက်ပျိုးခြင်း
ပအိုဝ်းတိုင်းရင်းသားတို့သည် သစ်တော့သီးကိုလည်းစိုက်ပျိုးကြ၏။ သစ်တော့သစ်ပင်ကို သနပ်ဖက်စိုက်ပျိုး၍မရသောနေရာများ တွင် စိုက်ပျိုးကြသည်။ သစ်တော့ပင်များသည် စတင်မြေတောင်မြှောက်သည်မှ အကျိုးကျေးဇူးခံစားချိန်အထိ ရှစ်နှစ်ခန့်ကြာညောင်းသည့်ပြင် တယုတယပြုစုရ၏။ ထို့ကြောင့်ငွေကြေးမြှုပ်နှံထားနိုင်သူများသာ အများဆုံးလုပ်ကိုင်ကြပေသည်။
သစ်တော့ပင်သည် ပူအိုက်သောရာသီကိုမနှစ်သက်ပေ။ အေးသောဒေသကိုနှစ်သက်၏။ အေးသောဒေသပင်ဖြစ်သော်လည်း ချဉ်သော၊ မာသောမြေ၌ မဖြစ်ထွန်းပေ။ တောတောင်ထူထပ်၍ မြေသြဇာအပြည့်ရှိသောတောင်စောင်းတောင်ခါးပန်းတို့တွင်အများဆုံးဖြစ် ထွန်းလေသည်။
သစ်တော့ပင်တွင်အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိ၏။ အရိုင်းနှင့်အယဉ်နှစ်မျိုးစလုံးပင် ကိုင်းမဆက်ဘဲစိုက်ပျိုးပါက ကြီးထွားအောင်မြင် မှုမရှိသည့်ပြင် အရသာလည်းမကောင်းပေ။ ထို့ကြောင့်ဖွံ့ထွားသော သစ်တော့သီးများရရှိနိုင်ရန် မိရိုးဖလာကိုင်းဆက်စိုက်နည်းဖြင့် စိုက်ပျိုး ကြသည်ကိုတွေ့ရပေသည်။
အကိုင်းဆက်ရာတွင် လုံးပတ်လက်မခန့်ရှိသည့်အရိုင်းပင်ကို အရှည်တစ်မိုက်ခန့်ဖြတ်ရ၏။ ထိုနောက်ထိပ်ကိုခွဲကာအယဉ်မျိုး၏ ကိုင်းဖြင့်ဆက်တွဲချည်နှောင်ကာဆက်ရသည်။ အကိုင်းဆက်ပြီးတစ်နှစ်ကြာမှ အပင်ကိုပြောင်းရွှေ့စိုက်ပျိုးနိုင်၏။ ပြောင်းရွှေ့စိုက်ပျိုးပြီးစ အပင် ငယ်ကို ရွက်နုရွက်စိမ်းများ ထွက်လာသည်အထိ ရေအဆက်မပြတ်လောင်းပေးရသည်။
အပင်သက်တမ်းခြောက်နှစ်ရသောအခါ စတင်၍သီး၏။ သစ်တော့ပင်များသည် တပို့တွဲလတွင်စတင်ပွင့်ပြီး၊ နယုန်လတွင်စ၍သီး လေသည်။ သစ်တော့သီးအမျိုးအစားများမှာ သစ်တော့ခွံနီ၊ သစ်တော့ခွံစိမ်းနှင့် သစ်တော့ခွံပျော့ဟူ၍သုံးမျိုးရှိ၏။ သစ်တော့ခွံစိမ်းသည် အရသာအကောင်းဆုံးဖြစ်ပြီးဈေးလည်းအကောင်းဆုံးဖြစ်သည်။
သစ်တော့သီး အများဆုံးစိုက်ပျိုးသည့် နယ်များမှတောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် အောင်ပန်းမြို့နယ်တစ် ၀ိုက်တို့ဖြစ်ကြသည်။ တောင်ကြီးမြို့နယ်တွင် သစ်တော့သီးအများဆုံးစိုက်ပျိုးသော ပအိုဝ်းကျေးရွာများမှ မြေဖြူ၊ ထီသိမ်ရွေး၊ လွယ်ကောင်း၊ ဖာမွန်း၊ ထီသိမ်၊ ဖက်ကွန်နှင့် ကျောက်တန်းတို့ဖြစ်ကြသည်။ ယခင်က ဤကျေးရွာများ၏ သစ်တော့စိုက်ပျိုးသောဧကမှာ ၂၀၀၀ ကျော်ခန့်ရှိ လေသည်။
ပင်လောင်းမြို့နယ်တွင်ပင်မွန်းကျေးရွာအုပ်စုနှင့် ဗောင်းရွာအနီးပတ်ဝန်းကျင်တို့တွင် အများဆုံးစိုက်ပျိုးကြ၏။ ပင်လောင်းမြို့အနီး ပတ်ဝန်းကျင်တွင်လည်း စိုက်ပျိုးကြသေး၏။ ကလောမြို့နယ်၊ အောင်ပန်းမြို့နယ် ပတ်ဝန်းကျင်တို့တွင်လည်း ပအိုဝ်းတိုင်းရင်းသားတို့၏ သစ် တော့ခြံများကို အများအပြားတွေ့နိုင်ပေသည်။ သို့သောယခုအခါ သစ်တော့ပင်စိုက်ပျိုးမှုနည်းလာသည်ကိုတွေ့ရသည်။
သစ်တော့ပင်သည် တစ်ပင်လျှင် ၁၀ပိဿာမှ ပိဿာ ၈၀ အထိထွက်၏။ အချို့အောင်မြင်သောအပင်မှာ ပိဿာ ၁၀၀ ခန့်ပင်ထွက် သည်ကိုတွေ့ရပေသည်။ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စုမှ လျှံမှူးကျေးရွာတွင် တစ်ပင်တည်းပိဿာ ၂၀၀ ကျော်ထွက်ဖူးကြောင်း သိရှိရပေသည်။
သစ်တော့သီး၏ကာလပေါက်ဈေးမှာ အပင်အောက်တွင်တစ်ပိဿာလျှင် တစ်ဆယ်ကျပ်ခန့်သာရှိ၏။ တစ်ဧကစိုက်ပျိုးထားသော မိသားစုအတွက်တစ်နှစ်ဝင်ငွေမှာ ကျပ် ၁၅၀၀၀ ခန့်ရှိပေသည်။ သစ်တော့သီးကိုခူးဆွတ်ရာတွင် လုပ်သားတစ်ဦးလျှင် တစ်နေ့လုပ်အားခ ၆ ကျပ်ရ၏။ သစ်တော့သီးများကိုပြည်မ မြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ ကားဖြင့်တိုက်ရိုက်တင်ပို့ရောင်းချကြသည်။

လိမ္မော်သီး
ပအိုဝ်းတိုင်းရင်းသားတို့သည် လိမ္မော်သီးကိုလည်းစိုက်ပျိုးကြသေး၏။ လိမ္မော်သီးကို အောင်ပန်းမြို့ပတ်ဝန်းကျင်နှင့်ဆီဆိုင်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ကျေးသီးစံမန်းနယ်တို့တွင် အနည်းငယ်စိုက်ပျိုးကြသည်။
လိမ္မော်ပင်နှင့် သစ်တော့ပင်တို့ကိုစိုက်ပျိုးရာတွင်တစ်ဧကအတွင်း တစ်ပင်နှင့်တစ်ပင် ၁၅ ပေခန့်ခွာ၍ စိုက်ပျိုးလျှင် အပင်ပေါင်း ၇၂၀ ခန့်စိုက်နိုင်၏။ တစ်ပင်လျှင် အနည်းဆုံး ၁၀ ပိဿာခန့်ထွက်၏။ အချို့အပင်မှာ ပိဿာ ၈၀ အထိထွက်လေသည်။

အာလူးနှင့်ကြက်သွန်ဖြူ

ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံစိုက်ပျိုးရေးတွင်ဝါသနာထုံကြ၏။ ထို့ကြောင့်အားလူးနှင့် ကြက်သွန်ဖြူကိုလည်းစိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကိုအများဆုံးစိုက်ပျိုးကြ၏။ အာလူးကို အခြားတိုင်းရင်းသားများနည်းတူစိုက်ပျိုးကြ၏။ အာလူးအများဆုံးစိုက်ပျိုးသော မြို့နယ် များမှာ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ဖြစ်ကြ၏။ ကျန်မြို့နယ်များတွင် အနည်းအကျဉ်းမျှသာစိုက်ပျိုးကြသည်။ ယခင်က တောင်ကြီးခရိုင်တွင် အာလူးစိုက်ဧကပေါင်း သုံးထောင်ကျော်ရှိပြီး တစ်နှစ်လျှင် ပိဿာချိန် ၄၅ သိန်းခန့်ထွက်ရှိခဲ့သည်ဟုသိရ သည်။ နှစ်စဉ်ပြည်တွင်းသုံးအာလူးများပိုလျှံသဖြင့် စိုက်ဧကများကိုတဖြည်းဖြည်းလျှော့ချခဲ့သည်ဟုဆိုသည်။ အာလူးအစား မြေပဲစိုက်ပျိုးရန် စိုက်ပျိုးရေးဌာနမှကြိုးပမ်းခဲ့သည်။
အာလူးစိုက်ပျိုးရေးတွင် ပအိုဝ်းတိုင်းရင်းသားတို့ရင်ဆိုင်နေရသောပြဿနာမှာ “ အာလူးလောင်ရောဂါ ” ခေါ် “ လောင်မဲရောဂါများ” ကျရောက်ခြင်းပင်ဖြစ်သည်။ ဤရောဂါကျရောက်လျှင် အာလူးခင်းများ တစ်ပြိုင်တည်းညှိုးကျသေဆုံးကုန်ကြသည်။
ကြက်သွန်ဖြူကို အနည်းငယ်ပူနွေးသောမြေပြန့်အရပ်ရေချောင်း၏ ၀ဲယာအရပ်များ၊ ချိုင့်ဝှမ်းများတွင်စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူ ကို အများဆုံးစိုက်ပျိုးသော ပအိုဝ်းကျေးရွာများမှာ တောင်ကြီးမြို့နယ်တွင် နောင်ပစ်၊ နောင်ကား၊ ထီရီး၊ နာရီး၊ ဟမ်စူးကျေးရွာများဖြစ်၏။ ဆီဆိုင်မြို့နယ်တွင် သဲခေါင်၊ ဗန်းကန်၊ ပင်စုံ၊ လွယ်ပွတ်၊ နန်းသြ၊ တွယ်ဖူးကျေးရွာများဖြစ်၏။ တောင်ကြီးမြို့နယ်တွင် ပေါ့မူ၊ ဘန်းကွေးဆယ် လဲကျေးရွာများဖြစ်၏။ လွိုင်လင်မြို့တွင် နောင်တာင်၊ ၀ါခရာရွာတို့ဖြစ်ကြ၏။
တောင်ခြေချိုင့်ဝှမ်းနှင့်လယ်ကွင်းများထဲတွင်လည်း ကြက်သွန်ဖြူကိုစိုက်ပျိုးကြ၏။ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင်လည်း ကြက်သွန်ဖြူကို သနပ်ဖက်ခင်းများတွင်ရော၍စိုက်ပျိုးကြသည်။ အခြားဒေသများတွင်လည်း မိမိတို့အိမ်ထောင်စုစားသုံးရန်အတွက်စိုက်ပျိုးကြ သည်။
ကြက်သွန်ဖြူဦးစားပေးစိုက်ပျိုးလုပ်ကိုင်သော ပအိုဝ်းတိုင်းရင်းသား အိမ်ထောင်စုတစ်စု၏တစ်နှစ်ဝင်ငွေမှာ ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ် ကြားတွင်ရှိသည်။ ကြက်သွန်ဖြူ၏ ကာလပေါက်ဈေးမှာ သုံးဆယ်ငါးကျပ်မှ လေးဆယ့်ငါးကျပ်အထိရှိသည်။ ထွက်ရှိသော ကြက်သွန်ဖြူ များကိုမြို့ပေါ်ရှိ ကုန်သည်ပွဲစားများထဲ သွားရောက်ရောင်းချကြရသည်။ ကြက်သွန်နီကားမဖြစ်ထွန်းချေ။ အဥသေး၏။ ထို့ကြောင့်စားသုံးရန် အတွက်လောက်သာစိုက်ပျိုးကြသည်။

ပဲပုပ်လုပ်ငန်း

ငါးပိသည်မြန်မာလူမျိုးတို့အတွက် ကြိုက်နှစ်သက်သော အာဟာရဖြစ်သကဲ့သို့ပဲပုပ်သည်လည်း ပအိုဝ်းတိုင်းရင်းသားတို့ ကြိုက်နှစ် သက်သော အာဟာရတစ်မျိုးဖြစ်၏။ ပဲပုပ်ကိုသီးသန့်လုပ်ကိုင်ပြီး အသက်မွေးကြသူများလည်းရှိလေသည်။ တောင်ကြီးမြို့တောင်ဘက်ရှိ လုံးဝါးရွာ၊ ဟိုပုံးမြို့အရှေ့ဘက်ဆယ်နှစ်မိုင်အကွာရှိ နမ့်ဗော်ဟွမ်၊ နောင်ခုပ်ရွာများနှင့် ဟိုပုံးနယ်တစ်ဝိုက်တွင် ပဲပုပ်လုပ်ငန်းဖြင့် အသက်မွေး ကြလေသည်။
ပဲပုပ်ပြုလုပ်ပုံမှာ ရှေးဦးစွာပဲပုပ်စေ့များကို ရွေးသန့်စင်ပြီးလျှင် ရေနှင့်ဆေးရသည်။ ရေဆေးပြီးပဲပုပ်စေ့များကို ရေအသင့်အတင့်ထည့် ထားသည့်အိုးတွင်ထည့်၍ မီးဖိုပေါ်တွင်တင်ကားနူးအောင်ပြုတ်ရသည်။ ထိုနောက်တောင်းကိုယူ၍ တောင်း၏အတွင်းပိုင်းကိုရေဆေးပြီး တောင်းအတွင်းပိုင်းပတ်လည်ကို ဒေသအခေါ် “ တလာ ” ခေါ် သစ်ရွက်စိမ်းများဖြင့်ခံထားရသည်။ ဤသို့ “ တလာ ” ခေါ် သစ်ရွက်စိမ်းကိုခံ ထားခြင်းဖြင့် တောင်းအတွင်း၌ ပဲပုပ်စေ့များထည့်သောအခါ မကပ်စေရန်ဖြစ်သည်။
ပြုတ်ထားသည့် ပဲပုပ်စေ့များနူးသောအခါ တောင်းထဲသို့ထည့်ပြီး လေလုံစေရန် တောင်းအပေါ်တွင် အ၀တ်စဖြင့်ဖုံးထားရသည်။ ထိုနောက်ပဲပုပ်စေ့များပို၍နူးနပ်ပြီး ပဲပုပ်နံ့ထွက်လာစေရန် ပဲပုပ်စေ့ထည့်ထားသည့်တောင်းကိုအပူငွေ့ရစေရန် မီးဖိုဘေးတွင်ထားရသည်။ မီးဖိုဘေးတွင် သုံးရက်ခန့်ထားပြီးသောအခါ အပူငွေ့ကြောင့်တောင်းတွင်းမှ ပဲပုပ်စေ့များနူးနပ်လာပြီး ပဲပုပ်နံ့ကိုရလာသည်။ ပဲပုပ်နံ့ရလာ လျှင် တောင်းတွင်းမှ ပဲပုပ်စေ့ကိုထုတ်ယူ၍ သုပ်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်းစားရန်အသင့်ဖြစ်လေသည်။
ပဲပုပ်ချပ်ပြုလုပ်ရန်အတွက်မူ ပဲပုပ်စေ့များကို တောင်းထဲမှထုတ်ယူ၍ လက်ထောင်းဆုံတွင်ထည့်ကာ ကြေညက်သည်အထိထောင်း ရသည်။ ထောင်းပြီးပဲပုပ်ကို ဒေသအခေါ် “ တခိုးလာ ” သို့မဟုတ် “ တဒွတ်လာ ” ခေါ် သစ်ရွက်စိမ်းနှစ်ရွက်ကြားအတွင်းထည့်ပြီး လက်နှင့် ဖိကာ အပြားငယ်အ၀ိုင်းလေးများပြုလုပ်လေသည်။ ထိုအပြားငယ်အ၀ိုင်းလေးများကို ဖျာကြမ်းပေါ်တွင် ဖြန့်စီပြီးနေလှန်းရသည်။ နေရာင်မရ သောအချိန်များတွင် မီးအပူရှိန်ရသည့်နေရာတွင်တင်၍ အခြောက်ခံရလေသည်။ ထိုအခါစားရန်၊ ရောင်းရန်ပဲပုပ်ချပ်အခြောက်ကိုရလေသည်။
ပဲပုပ်ကိုအချို့ကအပြားမလုပ်ဘဲ အစေ့ပုပ်နှင့် ခွက်ဖြင့်ရောင်းကြသည်။ ပဲပုပ်သည် ပရိုးတိန်းဓာတ်ပါဝင်သဖြင့် အာဟာရဓာတ်ပြည့်ဝ သော ပအိုဝ်းတို့၏ ရိုးရာအစာတစ်မျိုးဖြစ်လေသည်။ ယခုအခါ ပဲပုပ်ကို ပအိုဝ်းတို့သာမက အခြားတိုင်းရင်းသားများပါစားကြလေသည်။ ပဲပုပ် သည်လည်း ပအိုဝ်းတိုင်းရင်းသားတို့အတွက် သီးခြားဝင်ငွေရစေသောလုပ်ငန်းတစ်မျိုးဖြစ်၏။

အခြားစီးပွားရေးလုပ်ငန်း
အခြားစီးပွားရေးလုပ်ငန်းမှာ အိမ်မှုလုပ်ငန်းဖြစ်၏။ အိမ်တွင်းမှုလုပ်ငန်းအဖြစ် တောင်း၊ ပလုံး၊ ပလိုင်း၊ ထရံ၊ ဆန်ခါ၊ ဆန်ကော၊ ဖျာနှင့် လက်ရက်လုပ်ငန်းများကိုလုပ်ကိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ၀ါးကို အထူးနိုင်နင်းသူများဖြစ်ကြ၏။ ၀ါးမှနေ၍ လူသုံးကုန်ပစ္စည်းများဖြစ်သည့် တောင်း၊ ပလိုင်း၊ ခြင်း စသည်များကို ရက်လုပ်ကြသည်။ ထွက်ကုန်များဖြစ်သည့် သစ်သီး၊ သနပ်ဖက် စသည်တို့ကိုထည့်ရန်အတွက် ၀ါးမှထွက်သောပစ္စည်းများဖြင့် သာ အသုံးပြုကြသည်။
ထို့ပြင် ဓား၊ ပေါက်ပြား၊ တူးရွင်း၊ ထယ်စသည့် ပန်းပဲလုပ်ငန်းများ၊ လက်သမားလုပ်ငန်းများ၊ ပန်းထိမ်လုပ်ငန်းများဖြင့်လည်း အသက် မွေးသူများရှိကြ၏။ ပအိုဝ်း ပန်းထိမ်ဆရာများသည် ပအိုဝ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်များဖြစ်သော ဆံထိုး၊ လက်စွပ်၊ နားတောင်း၊ လက်ကောက်၊ ခြေကျင်း၊ ဆွဲကြိုးစသည်များကိုပြုလုပ်ကြလေသည်။

မွေးမြူရေးလုပ်ငန်း

ပအိုဝ်းတိုင်းရင်းသားတို့တွင် မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူလွန်စွာရှားပါးသည်ကိုတွေ့ရပေသည်။ မွေးမြူရေးမလုပ်ကိုင်ကြခြင်းမှာ လည်း ဘာသာရေးယုံကြည်မှုရှိနေသောကြောင့်ဖြစ်သည်။

မွေးမြူရေးလုပ်ကိုင်မှုနည်းပါးရခြင်းအကြောင်းကိုလေ့လာကြည့်သောအခါ-
(၁) ဘာသာရေးအစွဲအလမ်းရှိနေခြင်း၊
(၂) လူမှုရေးအဖွဲ့အစည်းအရ လက်မခံခြင်း၊
(၃) မွေးမြူရေးထက် စိုက်ပျိုးရေးလုပ်ငန်းများတွင်ပို၍စိတ်ထက်သန်နေကြခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်းလေ့လာတွေ့ ရှိရပေ သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပီပီ သားသတ်ခြင်း၊ အသားစားခြင်းသည်အပြစ်ကြီးသည် ဟု ယူဆကြသည်။ ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် သက်သတ်လွတ်စားကြသည်။
လူမှုရေးနှင့်ပတ်သက်၍ရွာကိုညစ်ပတ်စေသည့်ပြင်၊စိုက်ခင်းပျိုးခင်းများကိုလည်းတိရစ္ဆာန်များကဖျက်ဆီးတတ်လေသည်။ ထိုကြောင့် မွေးမြူလုပ်ငန်းလုပ်ကိုင်သူအား ရွာပြင်သို့နှင်ထုတ်ကြလေသည်။ မွေးမြူးရေးလုပ်ကိုင်သူကိုလည်း ဘုရားမကြိုက်သည့်လုပ်ငန်းကိုလုပ်ကိုင် သူအဖြစ် သတ်မှတ်ကြသည်။ ခြံလုပ်ငန်းကိုလုပ်ကိုင်ခြင်းသည် စိတ်ချမ်းသာကာဝင်ငွေလည်းပိုကောင်း၏။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသား တို့သည် မွေးမြူရေးလုပ်ငန်းကိုစိတ်မ၀င်စားကြပေ။
သို့ရာတွင်မွေးမြူရေးလုပ်ငန်းလုံးဝကင်းစင်သည်ဟု မဆိုနိုင်ပေ။ ပအိုဝ်းကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာအလှမ်းဝေးသဖြင့် ဆက်သွယ်သွားလာရန်ခက်ခဲ၏။ ထို့ပြင်ကုန်ပစ္စည်းများသယ်ယူရာတွင် နွားဝန်တင်၊ မြင်းဝန်တင်၊ လားဝန်တင်များကို အသုံးပြုရသော ကြောင့် မြင်း၊ နွားများကိုမွေးမြူကြရသည်။ လယ်ထွန်ယက်ရန်အတွက် ကျွဲကိုလည်းမွေးမြူကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ တိရစ္ဆာန်မွေးမြူ ရေးကိုလေ့လာလျှင် ကျွဲကိုလယ်ယာထွန်ယက်မှုတွင်လည်းကောင်း၊ နွားကို နွားဝန်တင်နှင့် နွားချေးမြေသြဇာရရှိရန်အတွက်လည်းကောင်း၊ မြင်းကို မြင်းဝန်တင်နှင့် ခရီးသွားလာရေးအတွက်လည်းကောင်း မွေးမြူကြသည်ကိုတွေ့ရပေသည်။
ကြက်များကို ဘုန်းတော်ကြီးကျောင်းများတွင် အချိန်အခါကို သိနိုင်ရေးအတွက်နာရီသဖွယ်တစ်ကောင်တစ်လေမျှသာမွေးထားကြ သည်။ အသုံးချတိရစ္ဆာန်များကိုမွေးမြူကြရာတွင် တစ်အိမ်တွင်ငါးကောင်ခန့်လောက်သာမွေးမြူကြသည်ကိုတွေ့ရပေသည်။ ခြွင်းချက်အား ဖြင့် ပင်းတယမြို့တွင်ရှိသည့် တောရကျေးရွာ၊ ကျောက်စုကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားတို့သည် ကြက်၊ ဘဲ၊ ၀က်များမွေးမြူကာ ပင်းတယ ငါးရက်တစ်ကြိမ် ဈေးနေ့များတွင်စားကုန်အဖြစ်ရောင်းချကြသည်ကိုတွေ့ရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့လူမှုအဖွဲ့အစည်းတွင် မွေးမြူရေးကိုမလိုလားအပ်သောလုပ်ငန်းအဖြစ် မှတ်ယူထားကြ၏။ ထို့ကြောင့် “ အနက်ရောင်ကမ္ဘာတွင် သားငါးရှားပါးသည် ” ဟုပင်ဆိုစမှတ်ပြုကြသည်။ ဆိုနိုင်လောက်ပါသည်။

တောလိုက်ခြင်း

တောလိုက်ခြင်းကို ပအိုဝ်းတိုင်းရင်းသားလူငယ်များနှင့် လူလတ်ပိုင်းများကလုပ်ကိုင်ကြသည်။ တူမီးသေနတ်၊ ဒူးလေး၊ လေးခွတို့ကို ကိုင်ဆောင်ပြီး၊ ချေ၊ ယုန်၊ တောဝက်စသည်တို့ကိုလိုက်ကြသည်။ အများအားဖြင့် တူမီးသေနတ်များကို အသုံးပြုကြသည်။ အမဲလိုက်ရာတွင် ရရှိသော အမဲကောင်းကို ရောင်းချခြင်းမပြုဘဲအချင်းချင်းဝေငှစားသောက်ကြသည်။ တောလိုက်ခြင်းလုပ်ငန်းကို ပြုလုပ်သူနည်းပါးလေသည်။

အရောင်းအ၀ယ်
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ကြီးရွာကြီးများ၏ ငါးရက်တစ်ပတ်ဈေးများတွင် အ၀တ်နက်ဝတ်ဆင်ပြီး ပလိုင်းတောင်း၊ ခြင်းစသည်တို့ ကို လွယ်ကာပိုးကာရောင်းဝယ်နေကြသူတို့မှာ ပအိုဝ်းတိုင်းရင်းသားများပင်ဖြစ်ကြသည်။ ရွာကြီးများတွင် ငါးရက်တစ်ဈေးသာရှိခြင်းမှာ ဈေး ၀ယ်မည့်လူဦးရေမများခြင်း၊ မိသားစုအနေဖြင့် ဈေးသို့အမြဲလာနေပါက အလုပ်ခွင်ထိခိုက်နိုင်ခြင်းနှင့် ခရီးလမ်းပန်းခက်ခဲခြင်းတို့ဖြစ်ကြောင်း တွေ့ရပေသည်။
ငါးရက်တစ်ကြိမ်ဈေးနေ့များတွင် မိမိတို့တောင်ယာ စိုက်ခင်းထွက်ပစ္စည်းများ၊ အိမ်တွင်းမှုပစ္စည်းများ၊ အ၀တ်တန်ဆာများနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ရောင်းဝယ်ကြလေသည်။ ဈေးနေ့များတွင်အဓိကအားဖြင့် စားသုံးရန်အစားအသောက်များကို ဈေးတစ်ပတ် စာဝယ်ယူကြလေသည်။ ရစရာ ပေးစရာနှင့်အခြားကိစ္စများကိုလည်း ဈေးနေ့များတွင်သာချိန်းဆိုတတ်ကြလေသည်။ ဈေးနေ့များသည် ပွဲတော်ကြီးသဖွယ်စည်ကားလှ၏။ အထူးသဖြင့် ၀ါတွင်းသုံးလအချိန်များတွင်ဈေးပို၍စည်ကားလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့ ရောင်းဝယ်ရေးတွင် အသုံးပြုသော အလေး၊ တင်း၊ တောင်း၊ အခြင်အတွယ်များမှာ မြန်မာ၊ ရှမ်းတိုင်းရင်း သားများကဲ့သို့ပင်ဖြစ်၏။ သို့ရာတွင် သနပ်ဖက်၊ သစ်တော့သီး၊ လိမ္မော်သီးစသည့်ကုန်များကိုချိန်တွယ်ရာတွင်မူ၊ “ လီ ” ခေါ် ချိန်ခွင်တစ်မျိုး ကို အသုံးပြုကြလေသည်။ “ လီ ” သည် တရုတ်ချိန်ခွင်နှင့် သဘောဆင်ပေသည်။ ချိန်ခွင် ခွက်တစ်ခွက်သာပါသည့် “ စွဲ ” ခေါ် ချိန်ခွင်ကို လည်းသုံးကြ၏။
ပအိုဝ်းတောင်သူဦးကြီးများသည် မိမိတို့တောင်ယာထွက်ကုန်နှင့် ခြံထွက်ပစ္စည်းများကို မြို့နေ ကုန်သည်ပွဲစားများထံရောင်းချရာ၌ ဈေးနှိမ်၍ ၀ယ်ယူခြင်းခံရလေသည်။ အချို့ကုန်သည်ပွဲစားများသည် တောင်ယာစိုက်ပျိုးခင်းများသို့သွားရောက်၍ ကြိုတင်ငွေများပေးကာ ပစ္စည်းကောက်ယူလေသည်။ မိမိတို့လက်ဝယ်ရောက်ရှိလာသော ကုန်ပစ္စည်းများကိုပြည်မသို့တင်ပို့ရောင်းချကြလေသည်။ ထို့ကြောင့် အရောင်းအ၀ယ်လုပ်ကိုင်သော ကုန်သည်ပွဲစားများသာကြီးပွားချမ်းသာကြသည်ကိုတွေ့ရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အလုပ်ကြိုးစားသူများပင်ဖြစ်၏။ သို့သော်လည်း လူမျိုးစအတွင်း အချင်းချင်းခေါင်းပုံဖြတ်မှုများရှိနေ သဖြင့် မိမိတို့လုပ်သလောက် အကျိုးမခံစားရသည်ကိုတွေ့ရပေသည်။

လမ်းပန်းဆက်သွယ်ရေး

အောက်မြန်မာနိုင်ငံ သထုံခရိုင်၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်တွင် နေထိုင်ကြသော ပအိုဝ်းကျေးရွာများသည် မြေပြန့်ဒေသတွင်ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းသည်ဟုဆိုနိုင်ပေသည်။ အောက်မြန်မာနိုင်ငံ ပအိုဝ်းကျေးရွာများသည် ကားလမ်းဖြင့်သာမက ရထားလမ်း ဖြင့်လည်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်းတွင်မူကား မော်တော်ကားလမ်းကိုသာ အားထားရသည်။ အချို့ကျေးရွာ များမှာကားလမ်းနှင့် ဆက်သွယ်ရန်ပင်ခဲယဉ်းသည်။ ရှိသောကားလမ်းမှာလည်း လမ်းကြမ်းများသာဖြစ်ကြ၏။ အဓိကကားလမ်းမကြီးသည် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာအရပ်၏ အလယ်ဗဟိုကို အရှေ့-အနောက်ဖြတ်သန်းထားပြီး ကလောမြို့မှ သံလွင်မြစ်အနောက်ဘက် ကမ်းခြေ တာရောအထိမိုင်ပေါင်း ၂၁၂ မိုင် ရှည်လျားသည်။
ယင်းကားလမ်းကြီးမှ တောင်ဘက်သို့ခွဲထွက်သောကားလမ်းမှာ အောင်ပန်း၊ ပင်လောင်းမှ လွိုင်ကော်အထိ ၁၀၈ မိုင်ရှိသည်။ ဤလမ်းတစ်လျှောက်တွင် ပအိုဝ်းတိုင်းရင်းသားအများဆုံး နေထိုင်လျက်ရှိကြသည်။ ဤလမ်းကို အနောက်လမ်းဟုခေါ်သည်။ တောင်ကြီး-ဆီဆိုင်-လွိုင်ကော်ကားလမ်းမှာ ၉၁မိုင်ရှည်လေသည်။ ဤလမ်းကို အရှေ့လမ်းဟုခေါ်၏။ နမ့်စံ-မိုးနဲ-မောက်မယ်လမ်းမှာ ၅၇မိုင်ရှည်သည်။ ထို့ပြင် အောင်ပန်းမှ မြောက်ဘက်သို့ခွဲထွက်သောလမ်းတစ်လမ်းမှာ အောင်ပန်း - ပင်းတယ - ရပ်စောက်လမ်းဖြစ်ပြီး ၅၆ မိုင် ရှည်၏။ ၎င်းလမ်းတွင် ကျုံးမှခွဲထွက်သော ရွာငံ - ရေဦးလမ်းရှိသည်။ နောက်တစ်လမ်းသည် လွိုင်လင် - ပင်လုံ - မိုင်းကိုင် - ကျေးသီးမန်းစံလမ်းဖြစ်ပြီး ၁၀၂ မိုင်ရှည်သည်။ ဤလမ်းမကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ လာရှိုးသို့ဆက်သွယ်နိုင်သောလမ်းဖြစ်သည်။ ဟိုပုံး - နောင်ခါး - မဲနယ်တောင်လမ်း၊ ဟိုပုံး - ထမ်းဆမ်း - ကျောက်တန်းလမ်းလည်းရှိသေးသည်။ ဤလမ်းမှာ လမ်းကြမ်းဖြစ်၏။ ထို့ပြင်ရွှေညောင်၊ ညောင်ရွှေ၊ မိုင်းသောက်သို့ လမ်းတစ်လမ်းရှိသေးသည်။ ဤကားလမ်းများ ၀ဲယာတစ်လျှောက်တွင် ပအိုဝ်းကျေးရွာများကို တွေ့နိုင်ပေသည်။
အထက်ပါ ကားလမ်းများသည် အချိန်ရာသီမရွေး သွားလာနိုင်ပြီး ရှမ်းပြည်တောင်ပိုင်း၏ အဓိကကားလမ်းများဖြစ်ကြလေသည်။ အချို့ဒေသများ၌ ကားလမ်းမကြီးများဆီသို့ ဆက်သွယ်နိုင်ရန် ဖောက်လုပ်လျက်ရှိပေသည်။ သို့သော်ခရီးကြမ်းပြီးသွားလာရန်ခက်ခဲ၏။ အချို့ကားလမ်းများမှာ နွေရာသီ၌ သွားလာနိုင်ပြီး မိုးရာသီ၌လုံးဝအသုံးမပြုနိုင်ချေ။
နိုင်ငံတော်အစိုးရသည် အရပ်ဒေသ၏စီးပွားရေးဖွံ့ဖြိုးမှုကိုရှေးရှု၍ ဖွံ့ဖြိုးရေးလမ်းများကို ဖောက်လုပ်ပေးလျက်ရှိသည်။ ပင်လောင်းမြို့ နယ်တွင် ပင်လောင်းမှပေါင်းလောင်းသို့လည်းကောင်း၊ ဥာဏ်ပင်စခန်းမှ ဘုရားဖြူသို့လည်းကောင်း၊ တီကျစ်မှ လုံးပိုးသို့လည်းကောင်း၊ ကလောမြို့နယ်တွင် အောင်ပန်းမှ ပင်မှီသို့လည်းကောင်း ဖောက်လုပ်ပေးလျက်ရှိသည်။ ဤလမ်းများအပြင် ကားလမ်းမကြီးများနှင့် ဆက်သွယ်နိုင်စေရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စုပေါင်းဖောက်လုပ်ထားသော ကားလမ်းများလည်းရှိသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်နေရာမှ တစ်နေရာသို့ကုန်ကူးသန်းရောင်းဝယ်ရာတွင် အထက်ပါကားလမ်းများကိုသာသုံးကြရ သည်။ မိုးဗြဲရေကာတာစီမံကိန်းကြောင့်တောင်ပေါ်ပင်လယ်ဟုခေါ်ဆိုနိုင်လောက်အောင် ကျယ်ပြန့်ရှည်လျားသည့် ရေကြောင်းတွင်ညောင်ရွှေ မှ မိုးဗြဲအထိ လှေ သမ္ဗန်များသွားလာနိုင်သည်။
ပအိုဝ်းတိုင်းရင်းသား ၈၀ ရာခိုင်နှုန်းသည် တောနေလူတန်းစားများဖြစ်ကြသည်။ ထို့ကြောင့် မိမိလုပ်အားကြောင့် ရရှိလာသော ထွက်ကုန်ပစ္စည်းများကိုကားလမ်းမကြီးဆီသို့လှည်းဖြင့်လည်းကောင်း၊ နွားဝန်တင်၊ မြင်းဝန်တင်၊ လားဝန်တင်၊ အထမ်းအစရှိသည်တို့ဖြင့်ခက် ခဲစွာပို့ဆောင်ကြရသည်။ ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ကြသော ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းနေသေး သည်ဟုဆိုနိုင်ပေသည်။ သက်ဆိုင်ရာမှနေ၍ တောင်ပေါ်ပအိုဝ်းတိုင်းရင်းသားတို့၏ စီးပွားရေးဖွံ့ဖြိုးလာစေရေးအတွက် လမ်းပန်းဆက်သွယ် ရေးကောင်းရန် လိုအပ်နေပေသေးသည်။


စီးပွားရေးဖွံ့ဖြိုးမှုနှောင့်နှေးရခြင်း
ပအိုဝ်းတိုင်းရင်းသားတို့သည် အလုပ်ကြိုးစားသူများဖြစ်ကြ၏။ နေထွက်မှ နေ၀င်သည်အထိ တစ်နေကုန်တစ်နေခန်းအလုပ်လုပ်ကြ ၏။ သို့သော်လုပ်အား၏ အသီးအပွင့်များကိုအပြည့်အ၀မခံစားကြရပေ။
အဘယ်ကြောင့်နည်းဟုလေ့လာဆန်းစစ်ကြည့်သောအခါ အောက်ပါအချက်များပေါ်တွင် တည်နေကြောင်းလေ့လာသိရှိရပေသည်။

(၁) မိရိုးဖလာစိုက်ပျိုးမှုနည်းစနစ်များကို လက်ခံကျင့်သုံးနေခြင်း၊
(၂) လူမှုရေးအဖွဲ့အစည်းတွင် မလိုလားအပ်သော အစွဲအလမ်းနှင့်ဘာသာရေးလွှမ်းမိုးမှုလွန်ကဲနေခြင်း၊
(၃) ပအိုဝ်းတိုင်းရင်းသား ၅၀ ရာခိုင်နှုန်းကျော်မှာ စာမတတ်ကြခြင်း၊
(၄) ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ရာဒေသများတွင် လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းနေခြင်း၊
(၅) လူမျိုးစုအတွင်း အချင်းချင်းခေါင်းပုံဖြတ်မှုရှိနေခြင်းတို့ဖြစ်သည်။
ဤအချက်များသည် ပအိုဝ်းတိုင်းရင်းသားတို့၏ စီးပွားရေးနှင့်လူမှုရေးအဆင့်အတန်းမြင့်မားမှုအတွက် အတားအဆီးသဖွယ်ဖြစ်နေ ပေသည်။ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းမြင့်မားမှုကို နှောင့်နှေးစေသည်။ ထို့ကြောင့်စိုက်ပျိုးရေးတွင် သိပ္ပံနည်းကျစိုက်ပျိုးမှုကို ကျင့်သုံး လာအောင် စာတတ်လာအောင်၊ လမ်းပန်းဆက်သွယ်ရေးတိုးတတ်ကောင်းမွန်လာအောင် ကြိုးပမ်းသင့်ပေသည်။ စာတတ်မြောက်မှုနှင့် ပတ်သက်၍ ပညာတတ်ပအိုဝ်းတိုင်းရင်းသားလူငယ်များကဦးဆောင်၍ “ အ ” သုံးလုံးလှုပ်ရှားမှုကိုကြိုးစားဆောင်ရွက်ကြရပေလိမ့်မည်။ ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့မှသာမင်းသားခေါင်းစွပ်ထားသော အမြတ်ကြီးစားသူတို့၏ ဘီလူးရုပ်ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မည်ဖြစ်ပေသည်။ သို့သော် ယခုအခါနိုင်ငံတော်အစိုးရမှနေ၍ ဝေးလံခေါင်းပါးဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ စားဝတ်နေရေးပြည့်စုံအောင် ဆောင်ရွက်ပေး နေလေပြီ။ ဝေးလံခေါင်းပါးဒေသတိုင်းရင်းသားများအတွက် စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်းကော်ပိုရေးရှင်းမှနေ၍ “ ဝေးလံခေါင်း ပါး ဒေသလုပ်ငန်းစု ” ကိုဖွဲ့စည်းတည်ထောင်ဆောင်ရွက်ပေးထားသည်။ ဤလုပ်ငန်းစု၏ရည်ရွယ်ချက်မှာ တိုင်းရင်းသားများစည်းလုံးညီညွတ် ရေးအတွက် လူမှုရေးဖွံ့ဖြိုးမှုအထောက်အကူဖြစ်စေရန် ခရီးလမ်းပန်းခက်ခဲသောဒေသများရှိ တိုင်းရင်းသားညီရင်းအစ်ကိုများအတွက် လူမှု ရေးလိုအပ်ချက်များဖြည့်ဆည်းပေးရန်တို့ဖြစ်လေသည်။ ဤလုပ်ငန်းစုသည် ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ နာဂစသည့် ဝေးလံဒေသများသို့ အခြေခံလိုအပ်သော ကုန်ပစ္စည်းများကိုပေးပို့ရောင်းချပေးလေသည်။
ဤလုပ်ငန်းစုသည် တပ်မတော်၊ တပ်စခန်းများရှိရာသို့ ရာသီဥတုသာယာချိန်တွင် ရိက္ခာများကိုဖြစ်သည့်နည်းဖြင့်သိုလှောင်ထားနိုင် သည့်ပစ္စည်းများကို မရောက်မနေပို့ပေးရလေသည်။ ဇန်န၀ါရီလမှ မေလတွင်ရာသီဥတုသာယာသဖြင့် အခြေခံလိုအပ်သော ကုန်ပစ္စည်းများ ကိုပို့ရလေသည်။ တစ်နှစ်စာ မရှိမဖြစ်သော ဆန်၊ ဆား၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ မီးခြစ်၊ နို့ဆီ၊ နို့မှုန့်၊ သကြား၊ ဆေးပစ္စည်းမျိုးစုံ၊ မျက်နှာ သုတ်ပုဝါ၊ ဖလန်နယ်၊ ကျားဝတ် အ၀တ်အထည်၊ အင်္ကျီ၊ စွပ်ကျယ်၊ လုံချည်၊ ထီး၊ ဇင်စ၊ စောင်၊ စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း မျိုးစုံ၊ ဆောက်လုပ်ရေးပစ္စည်း၊ ပန်းကန်၊ အိုးခွက်မှအစ အမျိုးပေါင်း ၂၀၀ ကျော်ကို သက်ဆိုင်ရာ ကုန်သွယ်ရေးကော်ပိုရေးရှင်းများ၏ ပူးပေါင်း ပံ့ပိုးမှုဖြင့် စုဆောင်း၍ တာဝန်ယူထားသော စုပုံဒေသမြို့နယ်များသို့အချိန်မီပို့ပေးရလေသည်။
စုပုံဒေသများမှာ ကရင်ပြည်နယ်တွင် ခုနှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် သုံးမြို့နယ်၊ ရှမ်းပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ် တွင်တစ်မြို့နယ်ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးရာတွင် မြို့နယ်အကြီးအကဲများ၏ ကြီးကြပ်မှုဖြင့်ကျေးရွာအုပ်စုအလိုက် ဖြန့်ဖြူးပေးလေသည်။ ထိုသို့ဖြန့်ဖြူးနိုင်ရန်သက်ဆိုင်ရာဒေသများတွင် သမ၀ါယမအသင်းများ ဖြန့်ဖြူးခြင်း၊ သမ၀ါယမအသင်းမဖွဲ့ရသေးသော ဒေသများတွင် ကုန်စည်ဖြန့်ဖြူးရေးအဖွဲ့များမှတစ်ဆင့် ဖြန့်ဖြူးပေးလေသည်။
စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်းမှ ခဲခဲယဉ်းယဉ်းဖြင့် ကြိုးပမ်းပြီး ဝေးလံခေါင်းပါးဒေသများရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများ စားဝတ်နေရေးဖူလုံမှုအတွက် ပစ္စည်းများအရောက်ပို့ပေးနေလေပြီ။ ထို့ကြောင့်လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်စီးပွားရေးဖွံ့ဖြိုးမှုနှောင့်နှေးနေသော ပြည်ထောင်စုဖွားတိုင်းရင်းသားတို့အတွက် ၀မ်းသာအားတက်စရာပင်ဖြစ်လေသည်။

ခွန်မောင်နွယ်(အင်းလေး)၏ ပအိုဝ်း - အခန်း(၄)
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။