« »

လူမှုရေး

စိတ်နေသဘောထား
ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်တန်းကိုဖက်၍ အသက်မွေးသူများဖြစ်ကြသည်။ တောင်ကုန်းမြေမြင့်ကိုခင်တွယ်သည့် တောင်တန်းပျော်များပီပီ၊ ၎င်းတို့၏စိတ်နေသဘောထားမှာ ရိုးသားမှုကိုအရင်းခံပေသည်။ ပအိုဝ်းစကားပုံတစ်ခုတွင် “ ကုန်းမြေမြင့်-ရေမတင်၊ ဂုဏ်မြင့်လျှင်လူမခင် ” ဟု ဆိုထားသကဲ့သို့ပင် ပအိုဝ်းတိုင်းရင်းသားတို့သည် ဥစ္စာပစ္စည်းကြောင့် ဂုဏ်မောက်ခြင်း ပညာမာနကြီးခြင်းတို့မရှိ ကြပေ။ စိတ်နေရိုးသားပြီး အလုပ်ကြိုးစားကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ပင်ကိုဗီဇမှာလည်း ရိုးသားကြသည်။ ပွင့်လင်းသည်။ ခင်မင်တတ်ကြသည်။ မိမိတို့အချင်းချင်းဖြစ်စေ၊ အခြားတိုင်းရင်းသားများနှင့်ဖြစ်စေ၊ ရင်းရင်းနှီးနှီးဆက်ဆံကြလေသည်။ အချင်းချင်းတစ်ဦးနှင့် တစ်ဦးမသိကြသော်လည်း ခရီးလမ်းတွင်တွေ့ပါ က နှုတ်ဆက်ကြသည်။ အခက်အခဲတွေ့လျှင်လည်းကူညီကြ၏။
မြန်မာ့စွယ်စုံကျမ်းအတွဲ (၁)၊ စာမျက်နှာ (၉၄-၉၅) တွင် ပအိုဝ်းတိုင်းရင်းသားများသည် ကိုယ်လက်ကြံ့ခိုင်သည်။ သတ္တိရှိသည်။ ဘာသိဘာသာနေတတ်သည်။ ရှက်ကြောက်ခြင်း၊ တည်လွန်းခြင်းမရှိပေ။ ဖော်ရွေ၍ လွယ်ကူစွာပေါင်းသင်း ဆက်ဆံနိုင်သော တိုင်းရင်းသား များဖြစ်ကြသည် ဟုရေးသားထားလေသည်။
ဦးမင်းနိုင်ပြုစုသော “ တိုင်းရင်းသားစကားပုံများ ” စာအုပ်တွင်လည်း ပအိုဝ်းတိုင်းရင်းသားများသည် ရိုးသား၍ လုံ့လ၀ီရိယရှိကြ သည်။ ယောက်ျား မိန်းမပါအားစိုက်ခွန်စိုက် အလုပ်လုပ်ကြသည်။ စီးပွားရေးမျက်စိရှိကြသဖြင့် ရှမ်းပြည်နယ်တွင် အင်းလေဒေသရှိ အင်းသား မှ လွဲ၍ နိုင်ငံရေး အခြေအနေဖြင့်လည်းကောင်း၊ စီးပွားရေးအနေဖြင့်လည်းကောင်း နောက်မကျသော တိုင်းရင်းသားများဖြင့်ပေသည်ဟု ဖော်ပြရေးသားထားသည်။
ဧည့်သည်လာရောက်လျှင်လည်းနေရဲထိုင်ရဲအောင်ပွင့်ပွင့်လင်းလင်းပြောဆိုကြ၏။ခရီးဦးကြိုပြုသည်မှအစဧည့်ဝတ်ကျေပွန်ကြသည်။ ဧည့်သည်ရှေ့တွင် ရိုသေစွာထိုင်ကာ ရေနွေးကြမ်း၊ အမြီးစာဖွယ်များဖြင့် ဧည့်ခံပြုစုကြသည်။ ဤသို့သောစိတ်ထားများကြောင့် ပအိုဝ်းတိုင်း ရင်းသားတို့ကို အ၀တ်နက်ဝတ်ထားသော်လည်း ရဟန်းစိတ်ရှိကြသည်ဟု ဆိုကြ၏။
အလုပ်ကိုလည်း အထူးတန်ဖိုးထားကြ၏။ အမျိုးသမီးများမှာ အလုပ်ကိုပို၍ခင်တွယ်ကြပြီး အလုပ်လုပ်ခြင်းဖြင့် ဂုဏ်ယူကြလေသည်။ မီးဖွားပြီးစ အမျိုးသမီးများပင်လျှင် ရက်သားအရွယ်ရင်သွေးကို ယာခင်းထဲသို့ခေါ်ဆောင်ကာ သိပ်ထားပြီးအလုပ်လုပ်ကြသည်။ အလုပ်ကို ခင်တွယ်စိတ်ရှိသူများဖြစ်ကြ၏။ ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူများပီပီ ၎င်းတို့၏ စိတ်နေသဘောထားမှာလည်း ဘာသာတရားနှင့် နွယ်သော အကြင်နာတရား၊ မေတ္တာတရားများဖြင့်ပြည့်ဝကြသည်။

အစားအစာ
ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းဆန်ကိုအများဆုံးစားကြ၏။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့မှာမူ မြန်မာဆန်ကိုသာစားကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်နေ့လျှင်သုံးကြိမ်ထမင်းစားကြသည်။ နံနက်စာကို ၆ နာရီမှ ၇နာရီအတွင်းတွင် လည်းကောင်း၊ နေ့လယ်စာကို နေ့ ၁၃ နာရီတွင်လည်းကောင်း၊ ညစာကို ၇ နာရီလောက်တွင်လည်းကောင်း စားသောက်ကြသည်။ ညနေစာ ကိုလုပ်ငန်းခွင်မှ ပြန်လာသည့်အချိန်မှ ချက်ပြုတ်ကြရသဖြင့် မိုးချုပ်မှစားကြရလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အဓိကဟင်းလျာမှာ ပဲပုပ်ဖြစ်သည်။ ပဲပုပ်သည် အေးမြသောရှမ်းကုန်းပြင်မြင့်ရာသီဥတုနှင့်ကိုက်ညီလေ သည်။ ပဲပုပ်ကို ရှမ်းတိုင်းရင်းသားများသာမက ပအိုဝ်းတိုင်းရင်းသားများပါ စားသုံးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဟင်းချက်ရာတွင် ဆားကိုလည်းကောင်း၊ ငပိအစား ပဲပုပ်ကိုလည်းကောင်း အသုံးပြုကြလေသည်။ ဟင်းတွင် ငရုတ်သီးခပ်များများထည့်တတ်ကြသည်။
ဟင်းသီးဟင်းရွက်ကိုသာ စားသုံးမှုများပြီး သားငါးစားသုံးမှုနည်းလေသည်။ ဟင်းသီးဟင်းရွက်ကိုသာ အစားများခြင်းမှာ ဟင်းသီး ဟင်းရွက်မှာ အလွယ်တကူရရှိနိုင်သောကြောင့်ဖြစ်၏။ သားငါးမှာ ရှားပါးသည့်ပြင် ဘာသာရေးအရ သားငါးစာလျှင်အပြစ်ရှိသည်ဟု ယူဆ သောကြောင့် သားငါးကိုစားသုံးမှုနည်းလေသည်။ ကျေးလက်ဒေသနေ ပအိုဝ်းအမျိုးသမီး ၅၀ ရာခိုင်နှုန်းသည် အများအားဖြင့် သက်သက် လွတ်စားကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့ အစားများသော ဟင်းသီးဟင်းရွက်များမှာ မုန်ညင်း၊ အာလူး၊ ပဲအမျိုးမျိုး၊ ဖရုံသီး၊ ဖရုံရွက်စသည်တို့နှင့် အခြားရာသီ သီးနှံများဖြစ်သည်။ ပအိုဝ်းဟင်းလျာများတွင် ဆီကိုအသုံးနည်း၏။ ယာခင်းထွက်သီးနှံများကိုသာ စားသုံးကြသဖြင့် ကုန်ကျစရိတ် သက်သာပြီး အိမ်ထောင်စုဝင်ငွေကိုတိုးစေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ နှစ်သက်စဖွယ်ကောင်းသော ဓလေ့တစ်ခုမှာ နံနက်စာဖြစ်စေ၊ ညစာဖြစ်စေ “ အမ်းမွန်းဒဲဉ် ” ခေါ် ထမင်းဝိုင်းပွဲစားဓလေ့ပင်ဖြစ်၏။ မိမိအိမ်မှချက်သည့် ထမင်းဟင်းကိုခူးခပ်သွားပြီး တစ်အိမ်နှင့်တစ်အိမ် ၀ိုင်းဖွဲ့စားကြသည်။ ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းသွားသည့်အခါတွင် ဟင်းထမင်းကို ၀ိုင်းဖွဲ့စုပေါင်းစားလေ့ရှိကြသည်။ ဤသို့ဝိုင်းဖွဲ့စုပေါင်းစားကြခြင်းဖြင့် တစ်အိမ်နှင့် တစ်အိမ်၊ တစ်ယောက်နှင့်တစ်ယောက်ပို၍ ခင်မင်ရင်းနှီးစေပြီး စည်းလုံးညီညွတ်မူကိုလည်းရစေနိုင်လေသည်။
ပအိုဝ်းသွားရေစာများအနက် “ ဟံလမ်း ” ခေါ် ဟင်းထုပ်နှင့် အမဲသားရေဖြင့်ပြုလုပ်ထားသော “ နံပေါင် ” ခေါ် သားရေခြောက်တို့ မှာ လူသိများပြီးလူကြိုက်များသည်။ ဖီးကြမ်းငှက်ပျောနှင့် ကောက်ညှင်းကို ငှက်ပျော်ဖက်ဖြင့်ထုပ်၍ပြုတ်ထားသည့် “ ထထီလွမ် ” ခေါ် ကောက်ညှင်းကျည်တောက်နှင့် မုန့်ကျည်တောက်တို့မှာလည်း လူကြိုက်များလှသည်။ ပင်လောင်းမြို့နယ် တီကျစ်ဈေးမှ မုန့်ကျည်တောက် သည် လူကြိုက်များ၏။
ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် “ မုန့်ညင်းစော ” ခေါ် “ မုန်ညင်းချိုချဉ် ” ကိုပြုလုပ်စားကြသေး ၏။ ပြုလုပ်ပုံမှာ မုန်ညင်းကို မန်ကျည်းသီးမှည့်နှင့်ထည့်၍ပြုတ်ရ၏။ မန်ကျည်းသီးမှည့်ကို ထည့်၍ပြုတ်ခြင်းမှာ မပြဲစေရန်ဖြစ်သည်။ ထို့နောက် ကြံသကာကိုထည့်ပြီး နှပ်ထားခြင်းဖြင့် စားရန်အသင့်ဖြစ်သည်။ “ မုန်ညင်းစော ” ခေါ် “ မုန်ညင်းချိုချဉ် ” ကို နှမ်းထောင်းဖြင့်ဖြစ်စေ၊ မြေပဲထောင်းဖြင့်ဖြစ်စေ ထည့်ပြီး ငရုတ်ဆီချက်၊ ကြက်သွန်ပင်တို့ဖြင့်လုပ်စားနိုင်ပေသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် ကန်စွန်းရွက်ချိုချဉ်နှင့် ကသပိုးငါးထမင်းနယ် တို့ကို ပြုလုပ်စားလေ့ရှိကြသည်။ ကန်စွန်းရွက်ချိုချဉ်ပြုလုပ်ရန်အတွက် ကန်စွန်းရွက်၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ မန်ကျည်းသီး၊ ငရုတ်သီး၊ ဆီချက်စသည်တို့လိုလေသည်။ ပထမဦးစွာ ကန်စွန်းရွက်ကို ရေစင်စွာဆေး၍ ပြုတ်ပြီးလျှင် ရေငှဲ့ရ၏။ ထိုနောက်ထန်းလျက်နှင့်မန်ကျည်းသီး ကို ရေနှင့်ထည့်၍ကျိုရသည်။ ဤသို့ရေထည့်၍ ကျိုရာတွင် ကျိုပြီးသားအရည်သည် ကန်စွန်းရွက်ထည့်လိုက်လျှင် အနေတော်ဖြစ်အောင်ခန့် မှန်း၍ ထည့်ရသည်။ ထန်းလျက်နှင့် မန်ကျည်းသီးကို အရည်ကျိုပြီးသောအခါ ကန်စွန်းရွက်ကိုထည့်ရသည်။ ထို့နောက်မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ဆီချက်အနေတော်ထည့်ပြီးရောနယ်ရသည်။ ဤသို့နယ်ပြီးသော ကန်စွန်းရွက်ချိုချဉ်ကို ငရုတ်သီးတောင့်ကြော်ဖြင့် တွဲဖက်စားသုံး နိုင်ပေသည်။
နောက်အစားအစာတစ်မျိုးမှာ ကသပိုးငါးထမင်းချဉ်ဖြစ်၏။ ကသပိုးငါးထမင်းချဉ်ကိုပြုလုပ်ရန်အတွက် ကသပိုးငါးကို ရေစင်စင်ဆေး ရသည်။ ထိုနောက် ကသပိုးငါးကိုစင်းပြီး ဆားဖြင့်နယ်ကာ တစ်ညသိပ့်ရသည်။ နောက်နေ့တွင် ယင်းကိုထမင်းနှင့်ပြန်နယ်ပြီး ၀ါးပိုးရွက်ဖြင့်ပြန် ထုတ်ကာ တစ်ညသိပ်ရသည်။ နောက်နေ့တွင် ကသပိုးငါးထမင်းချဉ်ကိုသုပ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးနိုင်ပေသည်။ ကသပိုးငါးထမင်းချဉ်ကိုပြုလုပ်ရာတွင် ကွမ်းမစားရပေ။ အကယ်၍ ကသပိုးငါး ထမင်းချဉ်ပြုလုပ်စဉ်တွင် ကွမ်းသွေးစင်ပြီးအညစ်အကြေးပါ သွားပါက ပျက်တတ်လေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ကွမ်းစား၊ ကွမ်းငုံသည်ကိုကြိုက်ကြ၏။ သွားလေရာတွင် ကွမ်းအစ်လေးများကိုလွယ်အိတ်ထဲတွင် ထည့်၍ ယူဆောင်သွားလေ့ရှိကြသည်။ ဆေးလိပ်ကိုလည်း လူကြီးလူငယ်မရွေးသောက်ကြသည်။ ထမင်းစားပြီးချိန်နှင့် အခြားလက်ဆုံကြ သောအခါများတွင် ရေနွေးကြမ်းခပ်ခါးခါးကိုသောက်လေ့ရှိကြသည်။
အရက်ခေါင်ရည်များကို သောက်ကြသော်လည်း မူး၍ရမ်းကားခြင်းကိုလုံးဝမလိုလားမနှစ်သက်ကြပေ။ အအေးဒဏ်ခံနိုင်ရန်နှင့် အလုပ်တွင်ကျယ်စေရန်အတွက် သောက်ကြသည်။

ခေါင်ရည်
ပအိုဝ်းတိုင်းရင်းသားတို့တွင် ခေါင်ရည်သောက်သည့်ဓလေ့ရှိသော်လည်းနည်း၏။ ခေါင်ရည်ပြုလုပ်ပုံမှာ ဆန်ကိုပြာပြီး ထမင်းအဖြစ် ခပ်မာမာချက်ရ၏။ ထမင်းနပ်ပါက အအေးခံပြီး ဖွယ်အောင်လုပ်ရ၏။ ထိုနောက်ဒေသအခေါ် “ တမီး ” ဖြင့် သမအောင်ရောမွှေပြီး စဥ့်အိုးထဲ တွင် ထည့်သိပ်လိုက်ရ၏။ လေလုံအောင်ဖွဲကြမ်းဖြင့် စဥ့်အိုးကို ဖုံးအုပ်ထားရ၏။ တစ်ပတ်လောက်ကြာသောအခါ ထိုအိုးထဲသို့ပွက်နေသော ရေနွေးဖြင့် လောင်းထည့်ရ၏။ နာရီဝက်ခန့်ကြာသောအခါ ထိုစဥ့်အိုးထဲမှ အရည်ကိုငဲ့၍သော်လည်းကောင်း၊ စဥ့်အိုးထဲတွင် ပိုက်သေးသေး ဖြင့်ထည့်ကာစုပ်၍သော်လည်းကောင်းသောက်ကြ၏။ ထိုအရည်ကိုဦးရေဟုခေါ်၏။ ၀ိုင်းဖွဲ၍သောက်ရာတွင်ကျော်၍မသောက်ရပေ။ ကျော် သောက်က မူးတတ်သည်ဟုဆိုသည်။ ခေါင်ရည်သောက်ခြင်းအားဖြင့် ရင်းနှီးခင်မင်မှုကိုရစေသည်။

တစီးထီး
“ တစီးထီး ” မှာ ပအိုဝ်း စကားဖြစ်၏။ ဆေးရည်ဟု အဓိပ္ပာယ်ရသည်။ အခြားတိုင်းရင်းသားများက “ ဆေးတော်ဝါး ” ဟု တင်စားခေါ် ဝေါ်ကြသည်။ တစီးထီးသည် ဆေးရည်ဟု အဓိပ္ပာယ်ရသည်ကို ထောက်ခြင်းအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဆေးအဖြစ်မှီဝဲ၍သောက် ကြကြောင်းထင်ရှားသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဤဆေးစိမ်ရည်ကို မှီဝဲခြင်းအားဖြင့် ဆီးနှင့်ဝမ်းမှန်စေသည်။ အကြောအခြင်ကောင်း စေသည်ဟု ယူဆကြသည်။ အသက်ရှည်စေသည့် အာယုဝဎုနဆေးတစ်ပါးဖြစ်သည်ဟုယူဆကြ၏။
“ တစီးထီး ” ခေါ် ဆေးရည်စိမ်နည်းမှာ လက်ပံပင်အမြစ်၊ ညောင်မြစ်၊ ကြံမဲပင်အမြစ် (၀ါ) အရိုး၊ ထင်းရှုးနှစ် (၀ါ) အမြစ်၊ ဇာတိပ္ဖိုလ် သီး ဇာတိပ္ဇိုလ်ပွင့်၊ လေးညှင်း၊ ကုက္ကရာ၊ လိပ်ကျောက်ဆူး၊ ကြွေ၊ ပန္နု၊ ပမ္မ၊ သမန်းမြက်ပင်အမြစ်၊ ဂမုန်း၊ ဥပါသကာ ခပ်များများတို့ကို တစ်ကျပ်စီစုရသည်။ ဥပါသကာကို နှစ်ကျပ်သားခန့်ထည့်ရသည်။
ဤပစ္စည်းများကို စုဆောင်းရရှိပြီးသောအခါ မကြမ်းမနုလှီးဖြတ်ရသည်။ ထိုနောက် ဖျင်ကြမ်းဖြင့်ထုပ်၍ စဥ့်အိုးထဲတွင် ထန်းလျက် ခပ်များများကို ထည့်ကာစိမ်ရ၏။ ရက်ကြာကြာစိမ်လေလေ၊ ပို၍ကောင်းလေလေဖြစ်သည်။ ဤဆေးရည်စိမ်နည်းကို ကျန်စစ်သားဆေးရည်စိမ် နည်းဟုခေါ်သည်။
“ တစီးထီး ” ခေါ်ဆေးတော်ဝါး၏ အာနိသင်မှာ ဆီးရွှင်စေ၏။ ထို့ကြောင့်တချို့က “ ပအိုဝ်းဘီယာ ” ဟုကင်ပွန်းတပ်ကြသည်။ ဆားနှင့်ရောသောက်ပါက ၀မ်းသက်စေသည်။ များများသောက်ပါက ယစ်လာ၏။ တောင်ကြီးမြို့၊ အရှေ့ဘက်ရှိ ထီသိမ်ရွေးရွာတွင် “တစီးထီး” ခေါ် ပအိုဝ်းဘီယာများကို တောင်ကြီးမြို့ပေါ်မှ လူများ၊ အတော်များများလာသောက်ကြသည်။ အချို့ကပို၍ မူးစေအောင် အရက် များများနှင့်ရောစပ်၍သောက်ကြ၏။
“ တစီးထီး ” ခေါ် ဆေးတော်ဝါး၏ အရသာမှာ ရက်ကြာကြာမစိမ်ပါက ချိုသောအရသာရှိ၏။ ရက်ကြာကြာစိမ်ထားပါက ချဉ်စုတ်စုတ် အရသာရှိ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဤဆေးရည်ကို အလုပ်ခွင်မှပင်ပင်ပန်းပန်းပြန်လာချိန်တွင်လည်းကောင်း၊ ထမင်းမစားမီတွင် လည်းကောင်း အမျိုးသားရော အမျိုးသမီးပါ မှီဝဲလေ့ရှိကြသည်။

နာမည်မှည့်ခြင်း

ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် နာမည်မှည့်ခေါ်ဓလေ့ရှိ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ မွေးဖွားလာသော ကလေးကိုနာမည်မှည့်ခေါ်ရာတွင် အဘိုး၊ အဘွား၊ မိဘက ဖြစ်စေ၊ ကျေးရွာတွင်းရှိ သက်ကြီးရွယ်အိုမှဖြစ်စေ၊ ဆွေမျိုး သားချင်းကဖြစ်စေ၊ ဘုန်းတော်ကြီးကဖြစ်စေ၊ မွေးဖွားသည့်နေ့နံကိုလိုက်၍ မှည့်ခေါ်ပေးကြသည်။ ကလေးများ ကင်းပွန်းတပ်ပွဲရှိသော်လည်း နာမည်ပေးခြင်း၊ နတ်တင်ခြင်းမရှိပေ။ ကင်ပွန်းတပ်ပွဲတွင် ဧည့်သည်များကိုကျွေးမွေးသည်။ ကင်ပွန်းတပ်သည့် အိမ်တွင်ငွေဖလား၌ ထည့်ထား သော ကင်ပွန်းသီးရည်ကို ဧည့်သည်များက ဆီးဖြူခက်၊ သစ်သျှားခက်၊ သပြေခက် စသည်တို့ဖြင့်တို့ပြီး၊ မင်္ဂလာယူသည့်အနေဖြင့် မိမိတို့ မျက်နှာကိုသစ်ကြသည်။ ရွာတွင်းရှိ သက်ကြီးရွယ်အိုတစ်ဦးဦးသည် ကလေး၏လက်ကိုချည်ခင်ဖြင့်ပတ်၍ ဆုတောင်းပေးလေသည်။ ဧည့်သည်များက ကလေးအတွက် ငါးမူးတစ်ကျပ်စသည်ဖြင့် လက်ဖွဲ့ကြ၏။ ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်သို့ ရောက်သောအခါ၊ နေ့သင့်နံသင့် နာမည်မှည့်ခေါ်ကြပြန်သည်။
ဓနုလူမျိုးတွင် ယောက်ျားလေး၏နာမည်ကို မသိပါက “ အောင်နီ ” ဟူ၍လည်းကောင်း၊ မိန်းကလေး၏နာမည်ကို မသိပါက “ မိနီ ” ဟုလည်းကောင်း ခေါ်ကြသကဲ့သို့ပင်၊ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း အသက်အရွယ်ငယ်သူယောက်ျားလေးကိုဖြစ်စေ လူလတ်ကိုဖြစ် စေ၊ လူကြီးများက နာမည်မသိလျှင် “ မောင် ” ဟုလည်းကောင်း၊ “ မောင်ပေ ” ဟုလည်းကောင်း၊ ခေါ်ကြ၏။ လူလတ်ကို “ မောင် ” ဟုခေါ် သည်က များလေသည်။ “ မောင် ” မှာ မြန်မာလို “ မောင်ရင် ” ဟုလည်းကောင်း၊ “ မောင်ပေ ” မှာ မြန်မာလို “ လူလေး ” ဟုလည်းကောင်း အဓိပ္ပာယ်ရသည်။ မိန်းကလေးကို “ မူ ” ဖြစ်စေ၊ “ မူပေ ” ဖြစ်စေခေါ်ကြ၏။ “ မူ ” မှာ မြန်မာလို “ မိန်းကလေး ” ဟုလည်းကောင်း၊ “ မူပေ ” မှာ မြန်မာလို “ ကလေးမ ” ဟုလည်းကောင်း အဓိပ္ပာယ်ရသည်။
တောရွာတွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးရာဓလေ့ကိုပို၍ခုံမင်၏။ နာမည်မှည့်ခေါ်ရာတွင်လည်း ကျေးတောရွာ ဆန်ဆန်မှည့်ခေါ်ကြသည်။ ကျေးလက်တောရွာတွင် ယောက်ျားလေး၏နာမည်ရှေ့၌ “ တ” ကိုထည့်၍ခေါ်ကြ၏။ ဥပမာအားဖြင့် တလို၊ တကိုး၊ တဗုတ်၊ တဗဲ စသည်တို့ဖြစ်၏။ မိန်းကလေးနာမည်ရှေ့တွင် “ မီ ” ကိုထည့်၍ခေါ်ကြ၏။ ဥပမာအားဖြင့် မီဘောင်၊ မီဟွံ၊ မီဗို၊ မီမြ စသည်ဖြင့်ခေါ်ကြ၏။ ကျေးလက်တောရွာတွင်နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားလူငယ်လူရွယ်တို့၏ရိုးရာနာမည်များသည် တစ်လုံးတည်း သာ မှည့်ခေါ်ကြသည်ကို ထူးခြားစွာတွေ့ရပေသည်။
ကျေးလက်တောရွာတွင်ရှိစဉ်က မိမိတို့တိုင်းရင်းသားအချင်းချင်းနာမည်မှည့်ခေါ်ရန် လွယ်ကူသော်လည်း မြို့ပေါ်သို့ရောက်သော အခါတွင် မိမိတို့၏ ရိုးရာနာမည်မှာ အခြားတိုင်းရင်းသားများ အခေါ်ရခက်သည့်ပြင် ပအိုဝ်းဘာသာအသံထွက်အတိုင်းမှတ်သားရန် ရေးသား ရန်လည်းခက်သဖြင့် မြန်မာအမည်သို့ ပြောင်းလဲမှည့်ခေါ်ကြသည်လည်းရှိသည်။ အချို့က မိမိတို့ရိုးရာအမည်ကိုပင် ခုံခုံမင်မင်ခေါ်ဝေါ်သုံး နှုန်းကြသည်လည်းရှိ၏။ မြန်မာအမည်သို့ပြောင်းလှဲမှည့်ခေါ်ရာတွင် နေ့သင့်နံသင့်ဖြင့်မှည့်ခေါ်ကြသည်ကများလေသည်။
မြန်မာအမည်သို့ပြောင်းလဲမှည့်ခေါ်ရာတွင် ယောက်ျားလေး၏နာမည်ရှေ့၌ “ ခွန် ” ထည့်၍ခေါ်ကြ၏။ ဥပမာအားဖြင့် ခွန်ဝေးခို၊ ခွန်စိန်ဝင်း၊ ခွန်ခန်ထိုစသည်တို့ဖြစ်၏။ “ ခွန် ” ထည့်၍ခေါ်ခြင်းမှာ မိမိတို့သည့် မြင့်မြတ်သောအမျိုးအနွယ်မှပေါက်ဖွားဆင်းသက်လာသူ၊ ဇွဲ သတ္တိရှိသူ၊ ယောက်ျားပီသသူဟု ဂုဏ်ယူသည့်သဘောနှင့် ပအိုဝ်းလူမျိုးဖြစ်ကြောင်းသိစေလိုသည့်သဘောဖြစ်ပါသည်။ ပဒေသရာဇ်ခေတ် တွင် “ ခွန် ” ပါတိုင်း ပအိုဝ်းတိုင်းရင်းသားဟုယူဆ၍မရပေ။ မိန်းကလေး၏နာမည်ရှေ့တွင် “ နန်း” (နာင်) ကိုထည့်၍ခေါ်ကြ၏။ “နန်း” (နာင်) မှာ မြင့်မြတ်သူ၊ နူးညံ့သိမ်မွေ့သူ၊ ဣနြေ္ဒရှိသူ၊ တည်ငြိမ်သူဟု အဓိပ္ပာယ်ဆောင်လေသည်။ ဥပမာအားဖြင့် နန်းခင်သန်းတင့်၊ နန်းခင်သန်းထွေး နန်းခမ်းလော၊ နန်းသန်းနုစသည်တို့ဖြစ်၏။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို လွန်မင်စွာသက်ဝင်ယုံကြည်ကြသူများပီပီ သားယောက်ျားလေးများ အရွယ်ရောက်လာ သောအခါ စုပေါင်းရှင်ပြုကြ၏။ ရဟန်းခံကြ၏။ ထို့ကြောင့် ရှမ်းပြည်နယ်ရှိ စာသင်တိုက်နှင့်ရန်ကုန်၊ မန္တလေးနှင့်အခြားမြို့ကြီးများရှိ ပရိယတ္တိ စာသင်တိုက်များတွင် ပအိုဝ်းသာမဏေနှင့် ရဟန်းများပရိယတ္တိစာပေကြိုးစားလေ့လာဆည်းပူးကြသည်ကို တွေ့နိုင်ပေသည်။ ထိုသာမဏေ နှင့် ရဟန်းများသည် သာသနာဘောင်၌ မမွေ့လျော်တော့၍ ရှင်လိင်ပြန်လူဝတ်လဲလိုက်ပါက သူတို့နာမည်များကို သာမဏေဘ၀၊ ရဟန်း ဘ၀မှ နာမည်များဖြင့်ခေါ်ကြသည်လည်းရှိ၏။ ဥပမအားဖြင့် သောနဥာဏ၊ နေမိန္ဒ စသည်တို့ဖြစ်၏။ ရဟန်းဘ၀မှ ထွက်လာသူတို့နာမည်ရှေ့ တွင် “ ထွက်” ကိုထည့်ခေါ်လေ့ရှိ၏။ “ ထွက်” ကိုငယ်နာမည်ရှေ့တွင်ထား၍ ခေါ်လေ့ရှိကြသည်။ ဥပမာအားဖြင့် ထွက်ယော်၊ ထွက်ခစ်၊ ထွက်မောင် စသည်တို့ဖြစ်၏။ ထို့ကြောင့်နာမည်ရှေ့တွင် “ ထွက် ” ပါလျှင်၊ “ ထွက် ” ကိုထည့်၍ခေါ်ကြလျှင် ထိုသူသည် ရဟန်းဘ၀မှ ထွက်လာသည်ဟုခွဲခြားသိနိုင်သည်။ လူပျိုကာလသားများကိုလည်း တစ်ခါတစ်ရံ “ ထွက် ” ဟုခေါ်လေ့ရှိကြသည်။ ဤနေရာတွင် “ ထွက် ” မှာ “မောင်ရင်” ဟု အဓိပ္ပာယ်ရသည်။
အလှူဒါနကိုလိုက်၍ နာမည်မှည့်ခေါ်ကြသေး၏။ ဥပမာအားဖြင့် ကျောင်းလှူဖူးသူကို “ ကျောင်ကာ ”၊ ရဟန်းဒကာခံဖူးသူကို “ စာင်ဖာ ” ဟုခေါ်ကြ၏။ အမျိုးသမီးများကို “ မဲ့ကျောင်၊ စာင်မိုး ” ဟုခေါ်ကြ၏။ “ ကျောင်ကာ ” နှင့် “ စာဖာင် ” မှာ မြန်မာလို ကျောင်းဒကာ၊ ရဟန်းဒကာမဟုအဓိပ္ပာယ်ရပြီး၊ “ မဲကျောင် ” နှင့် “ စာင်မိုး ” မှာ ကျောင်းဒကာ၊ ရဟန်းဒကာမဟု အဓိပ္ပာယ်ရသည်။ မိမိ၏ ဒါနအမည်ကို အမည်ရင်းရှေ့တွင် ထည့်၍ခေါ်ကြသည်။
အကြီးဆုံးသားသမီးသည် ယောက်ျားဖြစ်ပါက သားယောက်ျား၏အမည်ကိုလည်းကောင်း၊ သမီးဖြစ်ပါက သမီး၏အမည်ကိုလည်း ကောင်း၊ မိဘ၏အမည်ရှေ့တွင်ထည့်၍ခေါ်ကြ၏။ မိဘ၏အမည်ရင်းကိုခေါ်လေ့မရှိပေ။ အကြီးဆုံးသားသမီးသည် “ တပျို ” သို့မဟုတ် “ နန်းပျို ” ကြီး၊ ဖခင်၏အမည်သည်ဦးထွန်းဖြစ်ပါက ထွန်း၏ရှေ့တွင် “ ပျိုဖာ ” ထည့်၍ “ ပျိုဖာ ” ဟုလည်းကောင်း၊ “ ပျိုဖာထွန်း ” ဟုလည်း ကောင်းခေါ်ကြသည်။ တပျို၊ သို့မဟုတ် နန်း၏ပျိုဖခင်ဟု အဓိပ္ပာယ်ရသည်။ မိခင်ကိုမူ “ ပျိုမိုး ” ဟုခေါ်သည်။ တပျို၊ သို့မဟုတ် နန်းပျို၏ မိခင်ဟု အဓိပ္ပာယ်ရသည်။ မိခင်၏အမည်ရင်းကိုမူထည့်၍ခေါ်လေ့မရှိပေ။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသူများပီပီ မိမိတို့ထက်ကြီးသူကို ရိုသေလေးစားကြသည်။ ထို့ပြင်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေရပ်ရွာသူကြီးကို ခေါ်ရာတွင်ရွာသူကြီးဟုလည်းကောင်း၊ ရွာသူကြီး၏အမည်ရင်းကိုလည်းကောင်း ခေါ်လေ့မရှိပေ။ ရွာသူကြီးကို “ ဖြားဒုံ ” ဟု မြတ်မြတ်နိုးနိုးတင်စားခေါ်ဝေါ်၏။ “ ဖြားဒုံ ” မှာ ရွာ့သခင်၊ ရပ်ရွာကလေးစားအားကိုယုံကြည်ရသူ၊ ရွာကိုစောင့်ရှောက်သူဟု အဓိပ္ပာယ်ရသည်။ ရွာသူကြီးထက် ပို၍သြဇာရှိသူ၊ လူအများကယုံကြည်လေးစားအားကိုးရသူကိုမူ “ ဖြားတန် ” ဟု ခေါ်၏။ “ ဖြားတန် ” မှာ ဂုဏ်သရေရှိလူကြီးမင်း လူအများကလေးစားယုံကြည်သူဟု အဓိပ္ပာယ်ရသည်။
သွေးချင်းပအိုဝ်းတိုင်းရင်းသားတို့၏နာမည်မှည့်သည့်ဓလေ့သည်ငယ်ရာမှကြီးသည်အထိအရွယ်ကိုလိုက်၍လည်းကောင်း၊သာမဏေ ဘ၀ ရဟန်းဘ၀မှ လူဝတ်လဲလာသည်ကိုအစွဲပြု၍လည်းကောင်း၊ အလှူဒါနကိုလိုက်၍လည်းကောင်း၊ သိက္ခာသမာဓိကိုလိုက်၍လည်းကောင်း အကြီးဆုံးသားသမီး၏ အဟုန်ကိုလိုက်၍လည်းကောင်း အဆင့်အမျိုးမျိုးဖြင့်နာမည်မှည့်ခေါ်ကြသည်ကို စိတ်ဝင်စားဖွယ်လေ့လာတွေ့ရှိရပေ သည်။

ဆွေမျိုးတော်စပ်ပုံ
ပအိုဝ်းတိုင်းရင်းသားတို့၏ လူမူရေးစနစ်မှာ ရှမ်း-မြန်မာတို့နှင့်ဆင်တူသည်။ အိမ်ထောင်ဦးစီးမှာ ဖခင်ပင်ဖြစ်သော်လည်း မိခင်သည် အိမ်တွင်းမှုတွင်ပို၍ သြဇာညောင်းသည်။ အခြားပြည်ထောင်စုတိုင်းရင်းသားများကဲ့သို့ပင် လူမူရေး၊ စီးပွားရေးများတွင် ယောက်ျားနှင့်မိန်းမ တန်းတူအဆင့်အတန်းရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ထောင်စုတွင်ရှိသော သက်ကြီးရွယ်အိုများကို ရိုသေကိုင်းရှိုင်းကြ၏။ သက်ကြီးရွယ်အိုတို့ကို ဗဟု သုတပြည့်စုံကြွယ်ဝသူများဟု သဘောထားပြီး အိမ်ထောင်သားတို့နာခံကြသည်။ ဆွေသားမျိုးသား အသိုင်းအ၀ိုင်းနှင့် တစ်အိမ်ထောင်တည်း တွင် စုပေါင်းနေတတ်သည်။ အချို့မှာ အိမ်ထောင်ပြုပြီးသောအခါ သီးခြားခွဲနေကြ၏။ အမျိုးအနွယ်အလိုက် သီးခြားနေတတ်ကြသည်။
မိန်းမ၏ မောင်နှင့်အစ်ကိုအား “ မတ် ” ဟုခေါ်သည်။ ညီမ၏ ယောက်ျားကိုလည်း “ မတ် ” ဟုပင်ခေါ်သည်။ ညီမနှစ်ယောက်၏ ယောက်ျားများတွင် အစ်မ၏လင်ယောက်ျားအား ညီမ၏လင်ယောက်ျားက “ ဘကြီး ” ဟုခေါ်သည်။ ညီမ၏လင်ယောကျာ်းကို အစ်မ၏ ယောက်ျားက “ ဦးလေး ” ဟုခေါ်သည်။
အဖေ၏ညီကိုလည်း ဦးလေးဟုခေါ်ပြီး၊ အဖေ၏အစ်ကိုကိုဘကြီးဟုခေါ်သည်။ အမေ၏မောင်နှင့်အစ်ကိုအားယောက်ခမဟုခေါ် သည်။ အဖေ၏ညီမနှင့် အစ်မကိုလည်း ယောက်ခမဟုခေါ်သည်။ အမေ၏ညီမကိုဒွေးတော်ဟုခေါ်သည်။ အမေ၏ အမကို “ ကြီးတော် ” ဟု ခေါ်သည်။ ထို့ပြင် ဇနီးသည်၏ညီမကိုလည်း ဒွေးတော်၊ ဇနီးသည်၏အစ်မကို “ ကြီးတော် ” ဟုပင်ခေါ်ကြသည်။

ဆွေမျိုးတော်စပ်ပုံ

ပအိုဝ်း မြန်မာ
မွိုး အမေ
ဖာ အဖေ
မွိုးဖာ မိဘ
ပိုခို သား
ပိုမူ သမီး
ဖာဖြား(ဖာဖရား) အဘိုး
မွိုးဖြား (မိုးဖရား) အဘွား
ဖာနန် ဦးလေး
မွိုးနန် ဒေါ်လေး

အမွေဆက်ခံခြင်း

ပအိုဝ်းတိုင်းရင်းသားတို့၏ မိသားစုတွင် အမွေပစ္စည်းခွဲဝေခြင်း၊ ဆက်ခံခြင်း ဓလေ့လည်းရှိပေသည်။ မိဘနှစ်ပါးစလုံးကွယ်လွန်သည် ဖြစ်စေ၊ ရှိသည်ဖြစ်စေ သားသမီးများအမွေခံစားခွင့်ရှိလေသည်။ သားသမီးများအိမ်ထောင်ပြု၍ အိမ်ထောင်ခွဲသွားပါကမိဘသည် ထိုသားသမီး ကို ယာဖြစ်စေ၊ လယ်ဖြစ်စေ၊ ရွှေ၊ ငွေဖြစ်စေ ခွဲဝေပေးလေသည်။ မိဘတစ်ဦးဦးကွယ်လွန်၍ နောက်အိမ်ထောင်ပြုပါက မိခင် သို့မဟုတ် ဖခင် သည် အိမ်ထောင်ဦးစီးအဖြစ် အိမ်ထောင်တာဝန်ကိုဆက်လက်ယူရသည်။ မိဘနှစ်ပါးစလုံးကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူအစ်ကို သို့မဟုတ် အစ်မဖြစ်သူက ဦးဆောင်ကြည့်ရှုထိန်းသိမ်းခြင်း၊ ကျန်ရစ်သော မိဘပစ္စည်းများကို ညီအစ်ကိုမောင်နှစ်မတို့အား ခွဲဝေပေးခြင်းတာဝန်ယူရ သည်။ အိမ်နှင့်နီးသောခြံ လယ်ယာကို အထွေးဆုံးဖြစ်သူကိုပေးလေ့ရှိသည်။ အထွေးဆုံးသည်ကျန်အစ်ကို အစ်မများထက်အမွေပိုရ၏။ အထွေးဆုံးကို ညှာတာထောက်ထားသည့် သဘောပင်ဖြစ်သည်။ အကယ်၍မိဘနှစ်ပါးအသက်ထင်ရှားရှိနေပါက အိမ်တွင်ကျန်ရစ်သူ အထွေး ဆုံး သားသမီးသည် မိဘကိုတာဝန်ယူစောင့်ရှောက်ရသည်။ အိမ်ကိုအထွေးဆုံးသားသမီးကပင်ရ၏။ အမွေခွဲရာတွင် မကျေနပ်မှုဖြစ်လေ့ဖြစ် ထမရှိပေ။ အကယ်၍ မကျေနပ်မှုဖြစ်လာပါက “ ဖြားဒုံ ” ခေါ် ရွာသူကြီးနှင့် ရပ်မိရပ်ဖတို့က အညီအမျှခွဲဝေဆုံးဖြတ်ပေးကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အမွေဆက်ခံခြင်းနှင့်ပတ်သက်၍ မည်သည့်သားသမီးမဆို မိဘအမွေခံစားခွင့်ရှိသည်။ သို့ရာတွင် တစ် အိမ်တည်းအတူနေသူနှင့် အိမ်ခွဲနေသူတို့ ခံစားခွင့်ခြင်းမတူပေ။ အတူနေသူများကို ပြုစုသူအဖြစ်ပိုမိုခံစားခွင်ရှိသည်ဟု ယူဆကြသည်။
ဥစ္စာပစ္စည်းကိုအမည်တပ်၍ပေးခဲ့လျှင် နာမည်ရှင်ကရ၏။ အမည်မတပ်ခဲ့လျှင် ယင်းပစ္စည်းကို မသေဆုံးခင်ပြုစုစောင့်ရှောက်သည့် အသက်ကုန်ဆုံးသည့်အချိန်တွင်လည်း အနီးအနားတွင်ရှိနေသူ အမွေဆက်ခံပုဂ္ဂိုင်တစ်ဦးဦးက ပို၍ရရှိသည်။ သားသမီးရင်းချာမရှိသော်လည်း မွေးစားသားသမီးရှိပါက မွေးစားသားသမီးကရရှိလေသည်။ သားသမီးများ အိမ်ထောင်ကျသောအခါ မိဘတို့ခြံကိုလည်းကောင်း၊ ရွှေငွေဥစ္စ ပစ္စည်းကိုလည်းကောင်း ခွဲဝေပေးတတ်ကြသည်။ ညီအစ်ကိုမောင်နှမ သုံးလေးယောက်အိမ်တွင် အတူနေထိုင်ပြီး မိဘနှစ်ပါး ရုတ်တရက် ကွယ်လွန်သွားသောအခါမျိုးတွင် အမွေပစ္စည်းကို ညီတူညီမျှခွဲဝေပေးကြသည်။ အများအားဖြင့် ညီအစ်ကိုမောင်နှမထဲတွင် အငယ်ဆုံးအထွေး ဆုံးသားသမီးသည် အခွင့်အရေးပို၍ရတတ်လေသည်။ ပစ္စည်းအမွေ ခွဲဝေရာတွင်အချင်းချင်းနားလည်မှုဖြင့် ခွဲဝေကြသည်။ အမှုဖြစ်ပါက သူကြီးနှင့်ဖြေရှင်းကြသည်။ ခြံမြေကိုအမွေခွဲရာတွင် ကိုယ်ပိုင်ယာမြေမရှိသူ၊ နည်းပါးသူများကိုဦးစားပေးကြသည်။ ဤသို့မှ ပြဿနာဖြစ်ပေါ် လာလျှင် ရွာသူကြီးများ၏၀ိုင်းဝန်းဖြေရှင်းချက်ကိုနာယူကြသည်။
အမွေခွဲရာတွင် သုံးဖြုန်းဆိုးပေသည့် သားသမီးများကို အမွေပေးလေ့မရှိပေ။ သားသမီးများ မရှိတော့လျှင်လည်း မြေးများကိုအမွေ ပေးလေ့ရှိသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အမွေခွဲဝေရာတွင် အထက်ပါအတိုင်းယနေ့တိုင်းလိုက်နာကျင့်သုံးလျက်ရှိသည်ကိုတွေ့ရ သည်။

အုပ်ချုပ်ရေး
ယခင်ပဒေသရာဇ်တို့ အုပ်စိုးစဉ်က ပအိုဝ်းကျေးလက်တောရွာများတွင် “ ဟိန် ” ခေါ် တိုက်သူကြီး၊ “ မေတိုင် ” ခေါ် ရွာသူကြီး ဟူ၍ အကြီးအကဲ အဆင့်ဆင့်ရှိလေသည်။ “ မေတိုင် ” ခေါ် ရွာသူကြီးကို အချို့က “ ကျော့ ” ဟုလည်းကောင်း၊ “ ဖြားဒုံ ” ဟူ၍လည်းကောင်းခေါ် ကြသေးကြောင်းမှတ်သားရသည်။ ယခုအခါ “ ဖြားဒုံ ” ခေါ်ရွာသူကြီးသည် ကျေးရွာ၏ ကိစ္စအ၀၀ကို ဦးစီးခေါင်းဆောင်ညွှန်ကြားရသည့်အပြင် လူမှုရေးအရှုပ်အထွေးများနှင့် တရားစီရင်ရေးတို့ကိုလည်း ဆုံးဖြတ်ပေးရသည်။ “ ဖြားဒုံ ” ခေါ် ရွာသူကြီးကို တစ်ရွာလျှင် တစ်ဦျးက ရွေးချယ် တင်မြှောက်ကြသည်။ “ ဟိန် ” ခေါ် တိုက်သူကြီးသည် ကျေးရွားများနှင့် ကျေးရွာသူကြီးများကိုကွပ်ကဲရသည်။ “ ဟိန် ” ခေါ် တိုက်သူကြီး သည် သြဇာအာဏာရှိသူဖြစ်လေသည်။
ခေတ်စနစ်သည် ပြောင်းခဲ့လေပြီ။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်သည့် ဒေသများတွင် နိုင်ငံတော်ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ဒေသ၊ မိမိတို့ကျေးရွာများကိုသူတို့ကိုယ်တိုင် အုပ်ချုပ်နေကြလေပြီ။ နိုင်ငံတော်၏ အလံတော်အောက်တွင် ပအိုဝ်းတိုင်းရင်းသားလူထုတစ်ရပ်လုံးသည် ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်ကျေးရွာများကို ကိုယ်တိုင်အုပ်ချုပ်နေကြချေပြီ။ မိမိတို့ဒေသ၏ လူမူရေး၊ တရားစီရင်ရေးတို့ကိုသူတို့ကိုယ်တိုင်ဖြေရှင်းနေကြလေပြီ။

တရားစီရင်ခြင်း
တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့နေထိုင်ရာဒေသအလိုက် ရိုးရာဓလေ့ထုံစံများကိုကျင့်သုံးလျက်ရှိကြပေသည်။ ပအိုဝ်းတိုင်းရင်း သားတို့သည်လည်း ရိုးရာဓလေ့ထုံးတမ်းအလိုက် ယနေ့တိုင်အောင်တရားစီရင်နေကြသည်ကိုတွေ့ရပေသည်။ ပအိုဝ်းကျေးရွားများတွင် မှုခင်းတစ်စုံတရာဖြစ်ပါက တစ်ဦးတစ်ယောက်တည်းသဘောဖြင့် စဉ်းစားဆုံးဖြတ်ဖြင်းမရှိပေ။ “ ဖြားဒုံ ” ခေါ် ရွာသူကြီးနှင့် “ ဟိန် ” ခေါ် တိုက်သူကြီးတို့ ပါဝင်သော သမာဓိလူကြီးအဖွဲ့က အမှုကိုကြားနာပြီးစုပေါင်းညှိနှိုင်းစီရင်ဆုံးဖြတ်ခြင်းသည်သာ အမှန်တရားကိုရရှိနိုင်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြလေသည်။
အမှုအခင်းပေါ်ပေါက်လာလျှင် သက်ဆိုင်ရာရွာသူကြီးနှင့်လူကြီးများ၏ရှေ့မှောက်တွင် သစ္စာဆို၍အစစ်ခံလေ့ရှိကြပေသည်။ အပြစ် ပေးရာတွင် ပြစ်မှုကျူးလွန်သူကို လူညွှန့်တုံးစေသည့်ပြင်းထန်သောအပြစ်မျိုးကို ပေးလေ့မရှိပေ။ ပြစ်မှုကျူးလွန်သူသည် ပထမအကြိမ်ဖြစ် လျှင် ပညာပေးပြုပြင်ခြင်းအနေဖြင့် ဆုံးမစကားပြောလေ့ရှိသည်။ အမျိုးသမီးများအတွက်အမှုအခင်းကိုစစ်ဆေးရာတွင်လည်းကောင်း၊ အပြစ် ပေးရာတွင်လည်းကောင်း အားနွဲ့သူအဖြစ်ဖြင့် သက်ညှာစွာစစ်ဆေးအပြစ်ပေးလေ့ရှိပေသည်။ ပအိုဝ်းအမျိုးသမီးများသည် ရိုးသားရည်မွန်သူ များ ဖြစ်ကြသဖြင့် ရာဇ၀တ်မှု၊ တရားမမှုများနှင့်ကင်းရှင်းလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာလုပ်ငန်း၊ ခြံလုပ်ငန်းဖြင့် ရိုးသားစွာလုပ်ကိုင်စားသောက်ကြ၏။ မြေကြီကိုခင်တွယ်ပြီး ကောင်းရောင်း ကောင်းဝယ်ဖြင့် ရိုးသားစွာအသက်မွေးကြသူများပီပီ ရာဇ၀တ်မှုခင်းကျူးလွန်ခြင်းနည်းလှသည်။ ရိုးသားဖြောင့်မတ်ကြသဖြင့် ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ရာ ကျေးရွာဒေသများတွင်အငြင်းအခုံဖြစ်မှုနည်းလှပေသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသဖြင့် ဒေါသရှေ့ထား ၍ ကျူးလွန်တတ်သော လူသတ်မှုကိုကျူးလွန်ရန်ကြောက်ရွံ့ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ လူမှုအဖွဲ့အစည်းများတွင်ပေါ်ပေါက်လေ့ရှိသော အမှုအခင်းများမှာ ကျွဲခိုးမှု၊ နွားခိုးမှု၊ ပစ္စည်းဥစ္စာခိုးယူမှု နှင့် မြေယာလုယက်မှုများဖြစ်ကြသည်။ ဤမှုခင်းများကို “ ဖြားဒုံ ” ခေါ် ရွာသူကြီးပါဝင်သော သမာဓိလူကြီးအဖွဲ့က သက်ဆိုင်သူတို့ကို ဆင့် ခေါ်စစ်ဆေးပြီး အပြစ်ပေးလေသည်။ ဥပမာ ခိုးမှုကျူးလွန်ပါက ကျူးလွန်သူကိုလူကြီးများက ခေါ်ယူစစ်ဆေး၍ ၀န်ခံလျှင်ခိုးယူထားသော ဥစ္စာ ပစ္စည်းကိုပြန်ပေးရသည်။ ကျွဲ၊ နွားကိုခိုးပါကလည်း ခိုးသူကပြန်ပေးရသည်။ ခိုးယူထားသောပစ္စည်းကိုပြန်မပေးနိုင်ပါက ပစ္စည်း၏တန်ဖိုး ကိုလျော်ရသည်။
ပြစ်မှုတစ်ခုကို ပထမအကြိမ် ကျူးလွန်လျှင် ဆုံးမစကားပြောခြင်းဖြင့်ပြီးလေ့ရှိသည်။ သုံးလေးကြိမ်ဆက်၍ ကျူးလွန်ပါက “ လုပ်အား ပေးရသောအပြစ်ဒဏ် ” ကိုပေးလေ့ရှိသည်။ ကျူးလွန်သူသည် ဘုရားကျောင်းသွားလမ်း၊ လူသွားလမ်းတို့ကို သဲခင်းခြင်း၊ ကျောက်ခင်းခြင်း၊ မြက်ရှင်းခြင်း၊ ရေတွင်းရေကန်သန့်ရှင်းအောင်အမှိုက်ဆယ်ယူစေခြင်းစသည့်အများအကျိုးရှိစေမည့် အလုပ်များကိုလုပ်ရသည်။ ဤနည်းသည် ပြစ်မှုကျူးလွန်သူကို ပညာပေးရာရောက်သည့်အပြင် အများအတွက်အကျိုးရှိစေသောနည်းလမ်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် လမ်းခင်း ခြင်း၊ မြက်ရှင်းခြင်းပြုနေရသဖြင့် လမ်းကိုဖြတ်သန်းသွားလာသူများတွေ့ရှိပါက “ ဤသူသည်ပြစ်မှုကျူးလွန်သူ ” ဟု ပြစ်တင်ရှုတ်ချကြလေ သည်။ ပြစ်မှုကျူးလွန်သူသည်လည်းအရှက်ရကာနောင်တရစေသည်။
စာရိတ္တပျက်၍ အပြစ်တစ်စုံတစ်ရာကို နှစ်ကြိမ်သုံးကြိမ်ဆက်တိုက်ကျူးလွန်ပါက ကျူးလွန်သူအား “ ယားလမ်းငန်း ” ခေါ် အိမ်ခေါင် မိုးကိုအနည်းငယ်ဖျက်ခြင်းဖြင့် အပြစ်ပေးလေ့ရှိသည်။ ထိုနည်းမှာ ပြစ်မှုကျူးလွန်သူ၏ အိမ်ခေါင်မိုးမှ သက်ငယ်နှစ်ချပ်၊ သုံးချပ်ကိုခွာယူလှပ် ထားခြင်းဖြစ်သည်။ မိုးအခါဖြစ်ပါက မိုးလွတ်ဘေးအကာမှ သက်ငယ်ချပ်အချို့ကို လှပ်ထားလေ့ရှိသည်။ ဤအပြစ်ကိုလည်းလူတိုင်းကြောက် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ဘေးမှဖြတ်သွားသူတိုင်းက သက်ငယ်လှပ်နေခြင်းကိုကြည့်၍ အပြစ်ပေးခံရသူကို ရှုတ်ချကြလေ သည်။
နောက်အပြစ်ပေးနည်းမှာ “ ၀ိုင်းပယ်ခြင်း ” သို့မဟုတ် “ အကြင်ခံရခြင်း ” ဖြစ်သည်။ ပြစ်မှုနှစ်ကြိမ်သုံးကြိမ်ကျူးလွန်သူအားပြော၍ မရလျှင် ဤအပြစ်မျိုးကိုပေးလေ့ရှိသည်။ ဤနည်းမှ တစ်ရွာလုံးရှိလူအများစုက ထိုသူအားစကားအခေါ်အပြောမရှိခြင်း၊ အိမ်အ၀င်အထွက် လက်မခံခြင်း၊ သာရေးနာရေး ကိစ္စများတွင် ဖိတ်ခေါ်မှုမပြုခြင်းတို့ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့ ဓလေ့ထုံစံမှာ လူအများနှင့်ဆက်ဆံကြရ ပြီး အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်သွားလာပူးပေါင်းလုပ်ကိုင် စားသောက်ကြလေသည်။ ထို့ကြောင့် လူအများကကြဉ်ထားသော် မနေတတ် မထိုင်တတ်နှင့် အလွန်စိတ်ဆင်းရဲပြီး စိတ်ဒုက္ခရောက်လေသည်။ ဤအပြစ်မျိုးပေးခံရပြီးသော်လည်း ဆက်လက်ကျူးလွန်ပါက ရွာနှင့်ဒဏ်ပေးလေ့ရှိပေသည်။
စိတ်သဘောချင်းမတိုက်ဆိုင်၍ အခိုက်အတန့်အားဖြင့်အငြင်းပွားမှုရှိကြသော်လည်း တစ်ဦးကိုတစ်ဦးနာကြင်ထိခိုက်စေရန် ရိုက်ပုတ် လေ့မရှိပေ။ ဤအမှုမျိုးကိုလူကြီးများဝင်ရောက်ဖြန်ဖြေ၍ ဆုံးမပေးခြင်းဖြင့် နှစ်ဦးနှစ်ဘက်ကျေအေးပြီးကျေနပ်သွားတတ်ကြလေသည်။ ပအိုဝ်း တို့၏အပြစ်ပေးနည်းကို လေ့လာလျှင် ပြစ်မှုကျူးလွန်သူတို့အား ကိုယ့်အမှားကိုယ်မြင်စေသည့်ပြင် လူကောင်းတစ်ယောက်အဖြစ်သို့ပြန် ရောက်စေသော ပညာပေးနည်းများဖြစ်ပေသည်။
အရှုပ်အထွေးဖြစ်ပေါ်လာလျှင် “ ဖြားဒုံ ” ခေါ်ရွာသူကြီးက ဦးဆောင်ပြီးကျေးရွာတွင်းရှိအများကယုံကြည်လေးစားသူ ဖြောင့်မတ် တည်ကြည်သူနှင့် ရှေ့မှီနောက်မှီသက်ကြီးရွယ်အိုတို့ကို သမာဓိလူကြီးများအဖြစ် ပင့်ဖိတ်ကာတရားစစ်ဆေးကြလေသည်။ တရားစစ်ဆေး မည့်နေရာကိုလည်း အတည်တကျသတ်မှတ်ထားခြင်းမရှိပေ။ အများအားဖြင့် “ ဖြားဒုံ ” ခေါ် ရွာသူကြီး၏ အိမ်ရှေ့ဧည့်ခန်းတွင်ခေါ်ယူစုဝေးပြီး စစ်ဆေးကြားနာကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့ တရားစစ်ဆေးဆုံးဖြတ်သည့်ဓလေ့တွင် လာဘ်ယူခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ မိမိတို့မိရိုး ဖလာဓလေ့ထုံစံအရ အမှန်အကန်ဆုံးဖြစ်အောင် စေ့စပ်ဖျန်ဖြေဆုံးဖြတ်ကြလေသည်။
တရားစစ်ဆေးရာ၌ တရားခံတရားလိုနှင့်တကွ အသိသက်သေများကို သစ္စာဆိုစေပြီးမှတရားစစ်ဆေးကြသည်။ သမာဓိလူကြီးအဖွဲ့မူ တစ်ဦးဦးက ပအိုဝ်းဘာသာစကားဖြင့်သစ္စာတိုင်ရွတ်ဆိုသည့်အတိုင်းလိုက်၍ ရွတ်ဆိုရသည်။ သစ္စာမဆိုမီ တရားခံ တရားလိုနှင့်တကွအသိ သက်သေတို့၏ ဦးခေါင်းပေါ်တွင် ဘုရားဖြစ်စေ ဘုရားသောက်တော်ရေဖြစ်စေ တင်ပြီးသစ္စာဆိုလေ့ရှိကြသည်။ သစ္စာဆိုရာတွင် ကျွန်တော် ကျွန်မသည်မှန်ကန်စွာထွက်ဆိုပါမည်။ လိမ်လည်ထိမ်ဝှက်၍ မမှန်မကန်ထွက်ဆိုပါက ဦးခေါင်းပေါ်ရှိဘုရားသည် ကျွန်တော်ကျွန်မအား စူးပါ စေသားဟူ၍သစ္စာဆိုရလေသည်။
လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှုနှင့်အခြားမှုခင်းများအတွက် ဥပဒေများသီးခြားသတ်မှတ်ထားခြင်းမရှိပေ။ ဤမှုခင်းများမှာလည်း ဖြစ်ပွားမှုနည်းလှပေသည်။ ဓားပြတိုက်သူကိုဖမ်းမိပါက သတ်ပစ်တတ်ကြသည်။ သူခိုးကိုဖမ်းမိလျှင် ကျွန်တော်ကျွန်မသည် သူခိုးဖြစ်ပါသည်။ ကျွန်တော်ကျွန်မကဲ့သို့ သူများပစ္စည်းကိုမခိုးကြပါနှင့်ဟု ကိုယ့်ကိုကိုယ့်မိတ်ဆက်ပေးရသည်။ တစ်ခါတစ်ရံခိုက်ရန်ဒေါသကြောင့် လူသတ်မှု ဖြစ်ပွားတတ်သည်။ ထိုအခါမျိုးတွင် ဖြစ်ပြီးသည့်ကိစ္စကိုနောက်ထပ်အရှုပ်အရှင်းမဖြစ်စေလိုသဖြင့် ပြေငြိမ်းသွားအောင်လျော်ကြေးဖြင့်လျော် ပေးသည်လည်းရှိ၏။ သို့သော်နည်းလှ၏။ တရားခံကိုရဲလက်သို့အပ်၍လည်း ဖြေရှင်းကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့ဓလေ့ထုံးစံအရ တရားစီရင်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှု စသည့်အမှုအခင်းများအနက် လူသတ်မှုကိုအကြီးလေးဆုံးပြစ်မှုဟုခံယူကြလေသည်။ လူသတ်မှုဖြစ်ပွားလျှင် ပြန်လည်လက်စားချေခြင်းမျိုးမရှိပေ။ လူသတ်မှုမှာလည်းဖြစ်ပွားခြင်းမရှိသလောက်ပင်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့တွင် စုန်းပြုစားခြင်းကိုအယုံအကြည်ရှိပြီး ယင်းလူတန်းစားကို အလွန်ရွံမုန်းကြသည်။ ထိုလူတန်းစားကို လူထုရန်သူဟုသတ်မှတ်ကြ၏။ ပဒေသရာဇ်တို့အုပ်စိုးစဉ်ကမူလူတစ်ယောက်သည် ပြုစားတတ်သူဟုအများကအပြောများပြီး ယုံကြည်လျှင် ထိုသူကိုသတ်ပစ်ကြသည်။ ထိုကဲ့သို့သတ်ရာတွင် မည်သူကသတ်သူ၊ မည်သူကတရားခံဟုဖော်ထုတ်တရားစွဲမည့်သူကိုလည်းမရှိပေ။ တစ်ရွာလုံးမသိဟန်ဆောင်နေကြလေသည်။ ထိုကြောင့်ပအိုဝ်းကျေးရွာများတွင် ပြုစားဝံ့သူရှားလေသည်။ အချို့ကလည်း ပြုစားသူကိုမသတ် ဘဲ၊ မိသားစုကိုရွာမှနှင်ထုတ်သည်လည်းရှိလေသည်။ မိသားစုတစ်စုသည် စုန်မျိုးဟုသတ်မှတ်ခံရလျှင် ထိုမိသားစုကို ရွာသားများအဆက် အဆံနည်းလေသည်။ ထိုအခါ သတ်မှတ်ခံရသူ အိမ်ထောင်စုသည်ရွာတွင်နေထိုင်ရန်မပျော်မွေ့တော့သဖြင့် တစ်ရပ်တစ်ရွာသို့ မိသားစုအား လုံး ပြောင်းရွှေ့နေထိုင်ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံအရ ဒေသဆိုင်ရာ တရားစီရင်ရာတွင် ရာဇ၀တ်မှုနှင့်တရားမမှုဟူ၍ခွဲခြားနိုင်သည်။ ရာဇ၀တ်မှုတွင် လူသတ်မှု၊ ခိုးမှု၊ လုယက်မှုစသည်တို့ဖြစ်သည်။ တရားမမှုမှာ အမွေခွဲဝေခြင်း၊ လင်မယားကွာရှင်းခြင်း၊ ပစ္စည်းဥစ္စာပေါင်နှံ ရောင်းဝယ်ရာတွင် အရှုပ်အရှင်းဖြစ်ခြင်း၊ ကလေးစရိတ်တောင်းခြင်း၊ လယ်ယာခြံမြေချဲ့ထွင်လုယူခြင်း၊ လယ်ယာခြံများကို ကျွဲနွားဖျက်ဆီးခြင်း စသည်တို့ဖြစ်သည်။
ပအိုဝ်းကျေးလက်တောရွာများတွင် ရာဇ၀တ်မှု၊ တရားမမှုဖြစ်ပွားခြင်းနည်းပါးလှပေသည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းတိုင်းရင်း သားတို့သည် အရှုပ်အရှင်းဖြစ်၍ကျေနပ်မှုမရှိသည့်တိုင် “ တယောင်းဝေ ” ( နေပေစေ )၊ “ ယောင်ခမ်းမွိုင် ” (နေပေစေတော့၊ပြီးပေစေတော့) ဟူ၍ ခွင့်လွှတ်တတ်ကြလေသည်။ မိမိတို့ကို မတရားလုပ်လျှင် ထိုသူလည်းမတရားလုပ်ခြင်းခံရမည်။ “ လိုတထီတောင်းလဲ့လူထီ ” (လူမမြင် သော်လည်း နတ်သိကြားမြင်သည်) ၀ဋ်လည်လိမ့်မည်ဟုယုံကြည်ကြလေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်ယောက်နှင့် တစ်ယောက်အငြင်းပွားမှုကို ရှောင်ကြဉ်ကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အငြင်းပွားမှုကို မလိုလားသဖြင့် ပအိုဝ်းကျေးလက်တော ရွာများတွင် အမှုအခင်းဖြစ်ပွားမှုနည်းပြီး၊ အေးချမ်းပျော်မွေ့ဖွယ်ရာကောင်းလေသည်။
ပအိုဝ်းတိုင်းရင်းသား အပျို၊ လူပျိုတို့သည် တစ်ယောက်နှင့်တစ်ယောက် လွတ်လပ်စွာစကားပြောခွင့်ရှိကြလေသည်။ ခြံ၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ လွတ်လပ်စွာစကားပြောခွင့်ရှိကြလေသည်။ အိမ်တွင် အပျိုလူပျိုစကားပြောနေကြပါက မိဘမောင်ဘွားတို့သည် လွတ်လွတ်လပ် လပ်ပြောကြပေစေဟူသော သဘောဖြင့်ရှောင်ပေးခြင်း၊ မသိဟန်ဆောင်ခြင်းပြုကြလေသည်။ လူကြီးမိဘမောင်ဘွားများရှောပေးသော်လည်း အပျိုလူပျိုတို့သည် အချစ်နယ်ကျွံ့ခြင်းမရှိကြပေ။ ပအိုဝ်းအပျိုလူပျိုတို့သည် လွတ်လပ်စွာစကားပြောခွင့်ရှိကြသော်လည်း ပြစ်မှားကျူးလွန် ခြင်းမရှိကြပေ။ ပြစ်မှာကျူးလွန်မှုမရှိအောင်လည်း၊ မိမိတို့၏ဘိုးဘွားစဉ်ဆက်က ဓလေ့ထုံစံကိုဆက်လက်ထိန်းသိမ်းကြခြင်းဖြစ်ပေသည်။ သို့ သော်လည်း ပုထုဇဉ်လူသားများပီပီ၊ အကယ်၍ အချစ်နယ်ကျွံမိပါက၊ လူပျိုရောအပျိုပါ အများ၏ကဲ့ရဲ့ခြင်းကိုခံရပြီး အရှက်ကြီးရှက်ရလေ တော့သည်။ အချစ်နယ်ကျွံမိကြသူအပျိုလူပျိုတို့သည် ကျေးရွာလူကြီးများနှင့်ရွာမှအပျိုလူပျိုများကို မိမိတို့မှားယွင်းမိကြောင်း ၀န်ခံတောင်းပန် ရလေသည်။ ထို့အပြင်ရွာ၏အရပ်လေးမျက်နှာကို ကျပ်တစ်ရာမှနှစ်ရာအထိရိုသေကြရသည်။ ထို့ကြောင့်အရပ်လေးမျက်နှာကို ရိုသေ ကန်တော့ရန်အတွက် ကျပ်လေးရာမှရှစ်ရာအထိ ကုန်ကျလေသည်။ ကျေးရွာလူကြီးနှင့် အပျိုလူပျိုကာလသားခေါင်းဆောင်တို့ကိုလည်း ရိုသေကန်တော့ကြရသည်။ အရပ်လေးမျက်နှာအတွက် ရိုသေကန်တော့ငွေကို ကျေးရွာ၏ရန်ပုံငွေအဖြစ်ထားရှိကြလေသည်။ သို့သော် အပျို လူပျို အချစ်နယ်ကျွံပြစ်မှား ကျူးလွန်ခြင်းမှာ ရှားမှရှားလေသည်။ မရှိလောက်အောင်နည်းလှပေသည်။
လူပျိုတစ်ဦးသည် မိန်းမပျိုကလည်း မိမိကိုမကြည်ဖြူ မိန်းမပျို၏ မိဘကလည်း သဘောမကျလျှင် မိန်းမပျို၏အိမ်ခန်းအတွင်းသို့ သွားလာဝင်ထွက်ပါလျှင် ထိုလူပျိုကို အိမ်ရှင်ကတရားစွဲနိုင်သည်။ ထိုလူပျိုသည် တရားစွဲခံရလျှင် “ ဖြားဒုံ ” ခေါ်ရွာသူကြီးက ထိုလူပျိုကို အိမ် ရှင်အား ဒဏ်ငွေပေးဆောင်စေသည့်အပြစ်ပေးနိုင်လေသည်။ ပအိုဝ်းကျေးရွာများတွင် အိမ်ထောင်ရှိယောက်ျားနှင့် အိမ်ထောင်ရှိမိန်းမတို့ကျူး လွန်မှုမရှိပေ။ အကယ်၍ ကျူးလွန်မိပါက ကျူးလွန်သူသည် ကာမပိုင်လင်ယောက်ျားကို လျော်ကြေးပေးရသည်။ ကာမပိုင် လင်ယောက်ျားက လည်း၊ မိမိမိန်းမကို စွန့်လွှတ်ကွာရှင်းနိုင်လေသည်။ “ ဖြားဒုံ ” ခေါ်ရွာသူကြီးက၊ ကျူးလွန်သူအား ရွာ၏အရပ်လေးမျက်နှာကို ဒဏ်ငွေဆောင် စေခြင်း၊ ရွာမှနှင်ထုတ်ခြင်း၊ အပြစ်ကိုပေးနိုင်လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးသားဖြောင့်မတ်ပြီး၊ ကတိသစ္စာရှိကြသူများပီပီ၊ အပျို လူပျိုဖြစ်စေ၊ အိမ်ထောင်သည်အချင်းချင်းဖြစ်စေ၊ အိမ်ထောင်သည်နှင့် အိမ်ထောင်မရှိသူဖြစ်စေ ပြစ်မှားကျူးလွန်ခြင်း လွန်စွာနည်းပါးလှပေ သည်။ ပအိုဝ်းရိုးရာဓလေ့ထုံးစံအနေဖြင့်လည်း၊ လုံးဝခွင့်မလွှတ်နိုင်သဖြင့် ပြစ်မှားကျူးလွန်သူနည်းပါးလှပေသည်။
အမျိုးသမီးတစ်ယောက်သည် လင်ယောက်ျားမရှိဘဲ ကိုယ်ဝန်ရှိလာလျှင် “ ဖြားဒုံ ” ခေါ်ရွာသူကြီးက ခေါ်ယူစစ်ဆေးရသည်။ ဤသို့ စစ်ဆေးရာတွင် ကလေး၏ဖခင်ကိုမဖော်နိုင်ပါက ထိုအမျိုးသမီးကိုရွာမှနှင်ထုတ်နိုင်လေသည်။ ရွာမှနှင်ထုတ်လျှင်ရွာ၏မနီးမဝေးရွာပြင်တွင် အိမ်ငယ်ဆောက်လုပ်နေထိုင်စေ၏။ ကလေးမွေးဖွားပြီးသောအခါ “ ဖြားဒုံ ” ခေါ်ရွာသူကြီးက ရွာ၏အရပ်လေးမျက်နှာကို ရိုသေကန်တော့စေ ၏။ “ ဖြားဒုံ ” ခေါ်ရွာသူကြီးခွင့်ပြုချက်ရမှသာ ရွာတွင်းသို့ပြန်လည်နေထိုင်နိုင်လေသည်။ ရွာလူကြီးများက စစ်ဆေး၍လင်ကောင်ဖော်ပြနိုင် လျှင် ထိုသူနှင့်လက်ထပ်ပေးလိုက်သည်။ အကယ်၍ယောက်ျား သုံးလေးယောက်နှင့် ကျူးလွန်ပါကထိုသူတို့အားမည်သူက တာဝန်ယူထိန်း သိမ်းမည်ကို မေးမြန်းဆန္ဒယူရသည်။ ကျူးလွန်သူယောက်ျားများအနက်မည်သူမျှတာဝန်မယူနိုင်လျှင် ကျူးလွန်သူအားလုံးက ထိုအမျိုးသမီး မီးဖွားရာတွင် ထင်း၊ ရေ၊ ဆေးစသည်တို့ကို တစ်ယောက်တစ်မျိုးကျစီတာဝန်ယူရသည်။ ပအိုဝ်းကျေးရွာများတွင် ဤသို့ကာမပိုင်ယောက်ျား မရှိဘဲ ကိုယ်ဝန်ဆောင်ခြင်းမှာ ရိုးရာဓလေ့ထုံးစံနှင့်ဆန့်ကျင်သဖြင့် ကျူးလွန်မှုဖြစ်ပွားခြင်းနည်းလှပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ရွာကို အေးချမ်းသာယာအောင်လုံခြုံအောင် အထူးဂရုပြုကြလေသည်။ ဧည့်သည်ရောက်လာ၍ ယုံမှားသင်္ကာရှိလျှင် ခေါ်ယူစစ်ဆေးလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ကာယလုပ်အားဖြင့်အသက်မွေးကြသူများပီပီ၊ အရက်ကို အတန်အသင့်သောက်ကြ၏။ သို့သော်အရက်ကိုရွာတွင် မချက်ကြပေ။ အချို့ကျေးရွာများတွင် အရက်သောက်ခြင်း၊ အရက်ချက်ခြင်း၊ ဘိန်း ရှုခြင်း ကို ကျပ်တည်းစွာတားမြစ်ထားသဖြင့် ဘိန်းရှုသူနည်းလေသည်။ ဘိန်းရှုဘိန်းစားကိုရွာမှနှင်ထုတ်လေသည်။ ဘိန်းရှုသူကိုလမ်းပြုပြင်စေ ခြင်း၊ လမ်းဖောက်ခြင်း၊ ကျောက်ထုကျောက်ခွဲခြင်းစသည်ဖြင့်အပြစ်ပေးစေခိုင်းလေသည်။ လောင်းကစားခြင်းကိုလည်း ခွင့်မပြုပေ။ ပအိုဝ်း ကျေးရွာများတွင် မူးယစ်သောက်စား၍ အော်ဟစ်ဆဲဆိုခြင်း၊ လင်နှင့်မယား ရန်ဖြစ်ခြင်းမရှိပေ။ အော်ဟစ်ဆဲဆိုသူကို “ ဖြားဒုံ ”ခေါ် ရွာသူကြီး က ထိုက်သင့်သလို အပြစ်ပေးနိုင်လေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ထကြွနိုးကြားပြီး၊ အလုပ်အလွန်ကြိုးစားကြသဖြင့် ပျင်းရိသူမရှိပေ။ အကယ်၍ရွာတွင်နေထိုင်ပြီး အလုပ်လုပ်ရန်ပျင်းရိသူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ဘာသာရေးကိစ္စမေ့လျော့သူကို “ ဖြားဒုံ ”ခေါ်ရွာသူကြီးက ဆုံးမလေသည်။ ဆုံးမ၍မရပါက ရွာဦး ကျောင်းမှ ဘုန်းတော်ကြီးက ထပ်မံဆုံးမလေသည်။ ဘုန်းတော်ကြီးဆုံးမ၍ မရပါက ထိုသူကိုဘုန်းကြီးကျောင်းတက်ခွင့်မပြုတော့ပေ။ ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုန်းတော်ကြီးကိုရိုသေကြည်ညိုလေးစားကြောက်ရွံ့ကြလေသည်။ ရပ်ရွာ၏အရေးကိစ္စကို မိမိတို့မကျေလည်ပါက ဘုန်းတော်ကြီးကို တင်ပြလျှောက်ထား၍ ဆွေးနွေး၏။ ဘုန်းတော်ကြီး၏ သြ၀ါဒအရဆက်လက်ဆောင်ရွက်ကြလေသည်။ ကြီးသူကို ငယ်သူ က လေးစားရိုသေခြင်း၊ သည်းခံခွင့်လွှတ်တတ်ခြင်း၊ ဦးစီးဦးဆောင်ပြုသူ လူကြီးမိဘ၏စကားကို လူငယ်များက လိုက်နာခံယူခြင်းစသည်တို့ ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့တွင် မြို့ပေါ်တက်၍ တရားစီရင်ရသောအမှုအခင်းများမရှိပေ။

ကန်တော့ ခိုဗန်တန်ဓလေ့

ပအိုဝ်းတိုင်းရင်းသားတို့သည် ကာလသားခေါင်းဆောင်ကို “ ခိုဗန်တန် ” ဟုခေါ်၏။ “ ခိုဗန်တန် ” ၏ အဓိပ္ပာယ်မှာ “ လူပျိုကြီး ” ဖြစ်သည်။ သို့သော်အိမ်ထောင်မပြုရသေးသည့် အသက်ကြီးသူကာလသားကို “ ခိုဗန်တန် ” ဟု ခေါ်သည့်အပြင်၊ ရွာထဲ ရပ်ကွက်ထဲရှိ ကာလ သားခေါင်းဆောင်ကိုလည်း “ ခိုဗန်တန် ” ဟုပင် တင်စားခေါ်ဝေါ်ကြ၏။ ရပ်ကွက်ထဲရှိ ကာလသားခေါင်းဆောင်အား အရိုအသေပြုသည်။ ကန်တော့သည်ကို “ ကန်တော့ခိုဗန်တန် ” ဟုခေါ်၏။
ကာလသားခေါင်းဆောင်အား အရိုအသေပြုကန်တော့သည့် အလေ့အထကိုအောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့၌ တွေ့ရသည်။ တောင်ငူခရိုင် ဇရပ်ကြီးကျေးရွာ၌ နေထိုင်ကြသောပအိုဝ်းတိုင်းရင်းသားတို့သည် ကာလသားခေါင်းဆောင် အား ကန်တော့သည့်ပွဲကိုတစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ကြသည်။ ကန်တော့ ခိုဗန်တန် ခေါ် လူပျိုအပျိုကာလသားခေါင်းဆောင်အား ကန်တော့ သည့်ပွဲကို နှဟ်ဆန်းရက်ပိုင်းတွင် တစ်ကြိမ်၊ ၀ါကျွတ်ရက်ပိုင်းတွင် တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ကြလေသည်။
ဤသို့မိမိတို့ရပ်ကွက်ထဲရှိ ကာလသားခေါင်းဆောင်ကို အရိုအသေပြုကန်တော့ရာတွင် မည်သူကမျှနှိုးဆော်တိုက်တွန်းခြင်းမပြုကြ ရပေ။ မိမိတို့ရပ်ကွက်တွင်းရှိ အပျိုလူပျိုများက မိမိတို့အသိစိတ်ဓာတ်ဖြင့် ပြုလုပ်ကြခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အပျိုလူပျိုများသည် ရပ်ရေးရွာရေးကိစ္စရှိသည့်အခါ၌ ကာလသားခေါင်းဆောင်သည် မိမိတို့အပေါ်တွင် အုပ်ချုပ်သွန်သင်ပြသူဖြစ်ပေရာ မိမိတို့အားသွန်သင်ညွှန်ပြ သူ အကြီးအကဲကို အရိုအသေဂါရ၀ပြုခြင်းသဘောလည်းဖြစ်ပေသည်။
“ ခိုဗန်တန် ” ခေါ်ကာလသား ခေါင်းဆောင်ကို အရိုအသေပြုကန်တော့ရန်အတွက် ရပ်ရွာထဲရှိ အပျိုလူပျိုများထဲမှ တစ်ဦးဦးက ဦးဆောင်၍ အလှူငွေကောက်ခံလေသည်။ အလှူငွေကို ထည့်ရာတွင် အပျိုများသည် လူပျိုများထက်လျော့၍ထည့်ရ၏။ ဥပမာအားဖြင့် လူပျို များကို ၄ ကျပ်ကောက်ခံပါက အပျိုများကို ၃ ကျပ်ကောက်ခံလေသည်။ အသိစိတ်ဓာတ်ဖြင့်ပြုလုပ်ကြသဖြင့် အလှူငွေထည့်ရာတွင်လည်း တာဝန်ကျေပွန်ကြ၏။ အလှူငွေများကောက်ခံပြီးသည့်အခါ ထိုငွေဖြင့် ပစ္စည်းများကိုဝယ်ခြမ်းကြသည်။ ပစ္စည်းများ ၀ယ်ပြီးသောအခါ ဘုန်း တော်ကြီးကျောင်းအတွက်တစ်ပွဲ၊ ရပ်ကွက်လူကြီးအတွက်တစ်ပွဲ၊ “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်အတွက် တစ်ပွဲဖြင့် အလှူပွဲများ ကို ပြင်ဆင်ကြရသည်။
ထို့နောက် နေ၀င်ရီသရောအချိန်တွင်လူစုကြ၏။ အပျိုများစုဝေးရန်အတွက် မောင်းကိုတီးရ၏။ လူပျိုများစုဝေးရန်အတွက်မူ “ ဗြော ” ကို ခေါက်လေသည်။ မောင်းသုံးကြိမ်တီး၍ ဗြောသုံးကြိမ်ခေါက်ပြီးသောအခါ အပျိုလူပျိုများစုံညီစွာစုဝေးရောက်ရှိလာကြသည်။ ထိုနောက် အပျိုလူပျိုတို့သည်မိမိတို့ ကန်တော့မည့် ဘုန်းတော်ကြီးကျောင်းသို့ ညီညီညာညာဖြင့် တန်းစီကာသွားကြ၏။ အရိုအသေပြုကန်တော့ခံကြ ရမည့် “ ခိုဗန်တန် ” ခေါ်လူပျိုအပျိုခေါင်းဆောင်တို့မှာ လိုက်မသွားရပေ။ “ ခိုဗန်တန် ” ခေါ်ကာလသားခေါင်းဆောင်သည် အပျိုလူပျိုတို့က မိမိအား ကန်တော့ကြမည်ဖြစ်သဖြင့် မသိလိုက်မသိဘာသာနေရသည်။ ဘုန်းတော်ကြီးကျောင်းကို ကန်တော့ပြီးသောအခါ ရပ်ကွက်တိုင်းရှိ သူကြီးအိမ်ကို ကန်တော့ကြ၏။ ထို့နောက် မိမိတို့ရပ်ကွက်သို့ပြန်လာကြပြီး မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြ၏။
ရေမိုးချိုးအ၀တ်အစားလဲပြီးသောအခါ အပျိုလူပျိုတို့သည် “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်အိမ်သို့ညီညီညာညာဖြင့်သွား ကြသည်။ “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်အိမ်တွင် ရပ်ကွက်တွင်းရှိလူကြီးသူမများက “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင် ကို လာကန်တော့ကြမည့် လူပျိုအပျိုများကိုကျွေးမွေးပြုစုရန်အတွက်ရေနွေးကြမ်းများဖြင့် ပြင်ဆင်ထားနှင့်ကြ၏။ ကာလသားခေါင်းဆောင်အိမ် တွင် အပျိုလူပျိုများကို မြန်မာ့ဆိုင်းဝိုင်းဖြင့်ဧည့်ခံ၏။ အပျိုလူပျိုများကလည်း မိမိတို့ဆန္ဒရှိသလောက်ကကြလေသည်။ အပျိုလူပျိုတို့သည် ကာလသားခေါင်းဆောင်အိမ်တွင် သီချင်းဆိုကာ ကချင်သလိုကကြသည်မှာ ပျော်စရာတစ်မျိုးပင်ဖြစ်သည်။
မကတတ်သူများမှာလည်း ကတတ်သူများက အနိုင်နိုင်ဆွဲထူ၍ ကစေသောအခါ လက်မြှောက်၍ကကြရ၏။ ဤသို့ကရာတွင် လူပျို များကသည်က နည်းပြီး၊ အပျိုများကသာ ဒိုင်ခံ၍ကကြသည်ကသာ များလေသည်။ လူပျိုကာလသားများသည် အမှောင်ကြားမှနေ၍ “ ဒေါင်း- ဒေါင်း ” ဟုအော်ကြလျှင် အပျိုများသည် တလှည့်စီ ကပြအသုံးတော်ခံရလေသည်။ စိတ်ဆန္ဒရှိသလောက် ပျော်ရွှင်စွာကကြခုန်ကြ၏။ စိတ်ကျေနပ်စွာ ကပြီးကြသောအခါ အပျိုလူပျိုတို့သည် “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်ကို ကန်တော့ကြလေသည်။ ကန်တော့ လာကြသည့် အပျိုလူပျိုတို့အားလည်း ကာလသားခေါင်းဆောင်က ဆုံးမသြ၀ါဒစကားပြောကြားလေသည်။
ကန်တော့သည့်အခမ်းအနားပြီးဆုံးသွားသောအခါ လူပျိုအပျိုများသည် ပစ္စည်းပစ္စယများကို ညီညီညာညာသိမ်းဆည်းကြ၏။ ပစ္စည်း ပစ္စယများ သိမ်းဆည်းစုဆောင်းပြီးသောအခါ ညအချိန်အခါဖြစ်သဖြင့် လူပျိုကာလသားများသည် အပျိုများကို အိမ်တိုင်ရာရောက်လိုက်၍ ပို့ ဆောင်ပေးကြသည်။
ဤသို့ “ ကန်တော့ခိုဗန်တန် ” ခေါ် ပအိုဝ်းတိုင်းရင်းသားတို့၏ လူပျိုကာလသားခေါင်းဆောင်အား ကန်တော့သည့်ဓလေ့အခမ်း အနားကိုနှစ်ဆန်းတစ်ရက်နေ့တွင်တစ်ကြိမ်၊ ၀ါကျွတ်အချိန်များတွင် တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်နှစ်စဉ်နှစ်တိုင်းကျင်းပကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ “ ကန်တော့ခိုဗန်တန် ” ခေါ် လူပျိုကာလသားခေါင်းဆောင်အား အရိုအသေပြုကန်တော့သည် ဓလေ့ကိုလေ့လာ ကြည့်လျှင် ပအိုဝ်းတိုင်းရင်းသားတို့သည် စည်းလုံးညီညွတ်ခြင်း၊ မိမိတို့ထက်ကြီးသူကိုရိုသေတတ်ခြင်း၊ မိမိတို့ထက်ကြီးသူ၏စကားကို နားထောင်ခြင်း၊ ဘာသာတရားကို သက်ဝင်ယုံကြည်သူများပီပီ ယဉ်ကျေးသိမ်မွေ့ခြင်းစသည်တို့ကိုတွေ့ရသည်။
ပအိုဝ်းတို့၏ “ ကန်တော့ခိုဗန်တန် ” ခေါ် လူပျိုကာလသားခေါင်းဆောင်အား အရိုအသေပြု ကန်တော့သည့်ဓလေ့အခမ်းအနားမှာ ပအိုဝ်းတိုင်းရင်းသားတို့၏ ထူးခြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံတစ်မျိုးပင်ဖြစ်၏။ ဤပျော်ပွဲများပြီးဆုံးလျှင် လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြ သည်။

လူပျိုလှည့်ဓလေ့
ပအိုဝ်းတိုင်းရင်းသားတို့တွင် လူပျိုလှည့်သောထုံးစံရှိ၏။ ၎င်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ လည်မူနမ် ” ဟုခေါ်သည်။ “လည်မူနမ် ” ခေါ် လူပျိုလှည့်ခြင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ထူးခြားသောလူမှုရေးဓလေ့ထုံစံတစ်မျိုးပင်ဖြစ်ပေသည်။ လူပျိုလှည့်ခြင်း ၏ အဓိကရည်ရွယ်ချက်မှာ မိမိလက်ထပ်ရန်ရည်မှန်းထားသော အမျိုးသမီးက၊ မိမိ၏မင်္ဂလာကြေးဖြစ်သော လက်ဆောင်ပစ္စည်းကို လက်ခံရန် အတွက်ပင်ဖြစ်၏။ တစ်နည်းအားဖြင့် မိမိစိတ်ဝင်စားသည့် အမျိုးသမီးကို လက်ထပ်ရန် ကမ်းလှမ်းခြင်း၊ လူငယ်တို့ဘာသာပိုးပန်းခြင်းလည်း ဖြစ်၏။
လူပျိုလှည့်ရာတွင် အပေါင်းအသင်းဖြစ်သွားကြည်သည်ကများ၏။ လူပျိုလှည့်ရာတွင် “ ခရာ ” (လက်ဆွဲဘာဂျာ)၊ ကြိုးသုံးချောင်း (၀ါ) လေးချောင်းတပ် မယ်ဒလင်ကိုယူဆောင်သွားလေ့ရှိကြသည်။ အမျိုးသမီး၏ အိမ်ပေါ်သို့မတက်မီ မိမိတို့တွင်ပါလာသော ခရာ (လက်ဆွဲ ဘာဂျာ)၊ မယ်ဒလင်ကို တီး၍အသံပေးကြသည်။ လုလင်ပျိုတို့သည် မိမိတို့စိတ်ဝင်စားသောမည်သည့်ရွာမှ အမျိုးသမီးကိုမဆိုသွားရောက် လူပျိုလှည့်စကားပြောခွင့်ရှိလေသည်။ အမျိုးသမီးသည် မိမိသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လူပျိုလှည့်လာရောက်သည့် မည်သည့် လုလင်ပျိုကိုမဆို လက်ခံစကားပြောရသည်။ အကယ်၍လက်ခံစကားပြောခြင်းမပြုပါက၊ ထိုအမျိုးသမီးကို မာနကြီးသည်၊ ရိုင်းပျသည်ဟုယူဆ ကြ၏။ ထိုအခါ အမျိုးသမီး၏ မိဘများမျက်နှာပျက်ကြရလေသည်။ ရှေးအခါက လူပျိုလှည့်ရာတွင် တစ်ရွာဝင်တစ်ရွာထွက်သွားကြ၏။ အချို့ ကလည်း ညအိပ့်နေကြသည်။
ပအိုဝ်းလုလင်ပျိုတို့သည် စိတ်တူကိုယ်တူ သူငယ်ချင်းရောင်းရင်းများနှင့်ဆိုလျှင်မူ မိမိတို့ရွာနှင့်လေးငါးမိုင်ဝေးသောရွာသို့ပင် သွားရောက်လူပျိုလှည့်ကြလေသည်။ လူပျိုလှည့်ချိန်ကို ကန့်သတ်ထားခြင်းမရှိဘဲ၊ လုပ်ငန်းခွင်မှပြန်လာသော ညအချိန်တွင် မီးတုတ်များ၊ လက်နှိပ်ဓါတ်မီးများဖြင့် လူပျိုလှည့်သွားကြလေသည်။ လူပျိုလှည့်ရာတွင် မိမိသွားရောက်လူပျိုလှည့်မည့် အမျိုးသမီးသည် တစ်ရွာသားခြင်း ဖြစ်ပါက၊ မိမိတစ်ယောက်တည်းဖြစ်စေ၊ အပေါင်းအသင်းသူငယ်ချင်းများနှင့်ဖြစ်စေ လူပျိုလှည့်နိုင်၏။ အကယ်၍ အခြားတစ်ရွာဖြစ်ပါက၊ မိမိ ဆန္ဒအရ သွားရောက်လူပျိုလှည့်ခွင့်မရပေ။ မိမိသွားရောက်လူပျိုလှည့်သည့်ရွာရှိ “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်ကိုဖြစ်စေ၊အခြား ခင်မင်ရာ ကာလသားတစ်ယောက်ယောက်ကိုဖြစ်စေ ကြိုတင်အသိပေးရသည်။ ဤသို့အသိပေးပြီးသောအခါ မိမိတစ်ယောက်တည်းဖြစ်စေ၊ မိမိအပေါင်းအသင်းရောင်းရင်းများနှင့်ဖြစ်စေ၊ သွားရောက်လူပျိုလှည့်နိုင်သည်။
ရွာခံကာလသားခေါင်းဆောင် သို့မဟုတ် ရွာခံကားလသားတစ်ယောက်ယောက်ကိုအသိမပေးဘဲ သွားရောက်လူပျိုလှည့်ပါက အိမ်ပေါ်သို့ တက်ခွင့်မရတတ်ပေ။ အိမ်ပေါ်သို့တက်လျှင်လည်း အမျိုးသမီးက လက်ခံစကားပြောလေ့မရှိပေ။ ထိုလုလင်ပျိုအား ဓလေ့ထုံစံကို မလိုက်နာသူအဖြစ် တစ်ရွာလုံး၏ ၀ိုင်းပယ်ခြင်းကိုခံရတတ်လေသည်။ အမျိုးသမီးကိုလည်း ရွာခံကာလသားများကအပြစ်ဆိုလေသည်။ ထိုသို့ အပြစ်ဆိုခြင်းခံရပါက ထိုအမျိုးသမီးသည် အများအထင်သေးခြင်းကိုခံရလေသည်။ မိမိဆွေမျိုးဖြစ်ပါမူ၊ ရွာခံကာလသားများကို အသိမပေးဘဲ သွားရောက်နိုင်လေသည်။
ရွာခံကာလသားကို အသိပေးပြီးသောအခါ ရွာခံကာလသားက မိမိတို့သွားရောက်လူပျိုလှည့်လိုသော အမျိုးသမီးအိမ်သို့ ပို့ဆောင် မိတ်ဆက်ပေးလေသည်။ ရွာခံကာလသားက ခဏမျှစကားစမြည်ပြောပြီး၊ “ မင်းတို့ချည်းစကားပြောနေရစ်ကြ ” ဟုဆိုကာပြန်သွားလေသည်။ မိမိနှင့်သိကျွမ်းခင်မင်ပြီးသောအခါ နောင်တွင် ရွာခံကာလသားမပါလျှင်လည်း သွားရောက်လူပျိုလှည့်နိုင်ပေသည်။ တစ်ရွာသူအမျိုးသမီးကို သွားရောက်လူပျိုလှည့်ရာတွင် ရွာခံကာလသားခေါင်းဆောင်ဖြစ်စေ၊ ရွာခံကာလသားတစ်ယောက်ယောက်ဖြစ်စေ၊ အမျိုးသမီးအိမ်သို့ ပို့ဆောင်မိတ်ဆက်ပေးရန် ငြင်းပယ်ပါက လူမှုရေးအရရှုတ်ချကြသည်။
အမျိုးသမီး၏ အိမ်ပေါ်သို့တက်သွားချိန်တွင် အိမ်ပေါ်၌ဧည့်သည်များရှိနေပါက လူပျိုစကားပြောခွင့်မရတတ်ချေ။ ထိုအခါမျိုးတွင် စကားခဏပြောပြီးပြန်သွားရ၏။ ပြန်သွားပြီးနောက် တစ်ခေါက်ပြန်လာပါက အမျိုးသမီးသည် ထိုလုလင်ပျိုကို စကားများများမပြောဘဲရှိတတ် လေသည်။ အိမ်ပေါ်တွင် စကားပြောနေပြီးနောက် ကိစ္စတစ်ခုနှင့်အိမ်အောက်သို့ဆင်းသွားပါက အိမ်ပေါ်သို့ပြန်တက်လေ့မရှိပေ။ အမျိုးသမီး သည် လူပျိုလှည့်လာသော လုလင်ပျိုမှာ မိမိမုန်းတီးသူဖြစ်နေပါကလည်း လက်ခံစကားပြောရ၏။ လူပျိုလှည့်လာသူသည် တစ်ယောက်တည်း မဟုတ်ဘဲ သုံးလေးယောက်ဖြစ်နေပါက အမျိုးသမီးသည် မိမိရည်ညွှန်းလိုသူ တစ်ယောက်တည်းနှင့်သာစကားမပြောဘဲ အညီအမျှပြောရ သည်။ လူပျိုလှည့်လာသူ လုလင်ပျိုတို့သည် အမျိုးသမီးစိတ်ဝင်စားသည့် လူကိုအကဲခတ်ရ၏။ အမျိုးသမီးပြောစကားများသည် မည်သူ့ကို ရည်ညွှန်းကြောင်း၊ မည်သူ့ကိုသာစိတ်ဝင်စားကြောင်း သတိပြုမိသောအခါတွင် အလိုက်သိစွာလဲလျောင်း၍ ဂရုမထားဟန်ပြကြရသည်။
ရပ်ဝေးမှ လူပျိုလှည့်လာသူချင်း ကြုံကြိုက်နေပါက အလှည့်ကျစကားပြောခွင့်ရှိပေသည်။ သို့သော်အမျိုးသမီးသည် မိမိသဘောကျ နှစ်ခြိုက်သော လုလင်ပျိုကိုဦးစားပေး၍ပြောတတ်၏။ အမျိုးသမီးသည်သူသဘောကျသော လုလင်ပျိုနှင့်အဆက်မပြတ်စကားပြောနေသော အခါမျိုးတွင် ၀င်ရောက်နှောက်ယှက်၍မကောင်းလေရကား မြန်မြန်ပြန်လျှင်အကောင်းဆုံးပင်ဖြစ်လေသည်။ မိမိသွားရောက်လူပျိုလှည့်သော အမျိုးသမီးအိမ်တွင် ရွာခံကာလသားများလူပျိုလှည့်နေသည်နှင့်ကြုံကြိုက်လျှင် ရွာခံလုလင်ပျိုကာလသားများသည် ရပ်ဝေးမှ လူပျိုလှည့်လာ သူများကို ဦးစားပေးရလေသည်။ အကယ်၍ ရွာခံလုလင်ပျိုများရှောင်မပေးလျှင် မိမိတို့ထိုလုလင်ပျိုတို့ရွာသို့ လူပျိုလှည့်သွားပါက ထိုလုလင် ပျိုများ ရှိခိုက်နှင့် ကြုံကြိုက်လျှင် ထိုလုလင်ပျိုတို့ကလည်း ရှောင်မပေးတတ်ချေ။ လူပျိုလှည့်ချင်း မကြုံလျှင်လည်း မိမိတို့ရောက်ကြောင်း သိသည်နှင့်လိုက်လာပြီး အနှောင့်အယှက်ပေးတတ်၏။
လူပျိုလှည့်ဖန်များ၍ အမျိုးသမီးသည် မိမိ၏အချစ်ကိုလက်ခံလျှင် လုလင်ပျိုသည် အမျိုးသမီးကို မင်္ဂလာကြေးအဖြစ် လက်ဆောင် ပစ္စည်းပေးရလေသည်။ အမျိုးသမီးသည် လုလင်ပျို၏ ပစ္စည်းကိုလက်ခံလျှင် မိမိအချစ်ကိုလက်ခံကြောင်းနားလည်ရ၏။ လက်ဆောင်ပစ္စည်း ပေးခြင်း၊ လက်ဆောင်ပစ္စည်းလက်ခံခြင်းသည် လုလင်ပျိုရော အမျိုးသမီးပါ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိစွာချစ်ကြမည်ဟူသည့် ကတိထားခြင်းတစ်မျိုးဖြစ်ပေသည်။

လူပျိုလှည့်မေတ္တာစကားထာ
ပအိုဝ်းတိုင်းရင်းသားတို့သည် လူပျိုလှည့်သောအခါ ရိုးရိုးစကားများဖြင့် ပြောကြသည်လည်းရှိ၏။ အချို့မှာလူပျိုရော အပျိုပါစကား ပြောကျွမ်းကျင်သူများဖြစ်ပါက မိမိတို့ပြောဆိုသော မေတ္တာစကားများကို စကားထာဝှက်၍ပြောကြလေသည်။
အပျိုကစကားစပြောသည်ဖြစ်စေ၊ လူပျိုကစပြောသည်ဖြစ်စေ စပြောသူ၏စကားကိုနောက်လူက ချေပပြောဆိုရလေသည်။ ၎င်းတို့ ပြောဆိုကြသောစကားများကိုလေ့လာကြည့်လျှင် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ အပျိုလူပျိုတို့ပြောဆိုကြသော မေတ္တာစကားထာများ၊ ၎င်းတို့ ဥပမာများမှာလည်းနှစ်သက်စဖွယ်ရှိသည်ကို လေ့လာတင်ပြပါမည်။
(ပအိုဝ်း) (မ) “ ၀ါးပေကောင် ကွန်အူသိင်တာတွမ်အနုံ၊ ရှာထီး ဟိုပုံအူသိင်တာတွံအနျာ၊ ဖူးဝေးခိုရှန်သီကဒါဒေါ့စမ်မွုံ ”
(မြန်မာ) “ အရှေ့ဘက်တောင်ပေါ်က ငှက်လေးဟာ ဂျိုနဲ့မှုတ်လာတယ်၊ ဟိုပုံးကကြက်ဖက စအိုနဲ့ မှုတ်လာတယ်၊ အစ်ကိုတတ်ရင် ပြောစမ်းပါဦး ”
(ပအိုဝ်း) (ကျား) “ ငါးပေကောင်ကွန်အူသိင်ထာ တွမ်အနုံနောင်အလမ်က မွေးတောင်း၊ ၀မ်ရိုသိင်လျဉ်း ယာ ကင် ဒါ၊ ရှာထီး ဟိုပုံအူသိင်တာ ကွမ် အနျာ နောဝ်၀မ်ရိုသိင်လဉ်းသွူတုံတန်မွေးဘွာနဲ့နော ”
(မြန်မာ) “ အရှေ့ဘက်တောင်ပေါ်က ငှက်ကလေးဟာဂျိုနဲ့မှုတ်လာတယ်ဆိုတာတခြားမဟုတ်ဘူး၊ နေကြတ်တာကိုပြောတာ ဟိုပုံးက ကြက်ဖစအိုနဲ့မှုတ်လာတာတခြားမဟုတ်ဘူး၊ ဗုံရှည်ကိုပြောတာ ”
(ပအိုဝ်း) (မ) “ ထွိုင်သိင်ခန်းလဲုင်းဝေခို၊ ဖူးမူနာင်ခွေယို၊ အုံပေါ သိင်နာစိန်ပေဆလ၊ မူးပလိုင်ဟာနဲနော ”
(မြန်မာ) “ ထတော့လေအစ်ကို၊ ညီမသစ်ပင်အောက်မှာ စောင့်ရတာမိုးတောင်ချုပ်ပြီ ”
(ပအိုဝ်း) (ကျား) “ ကာသိင်ခန်းလဲုင်း ဖူးမူ၊ ဝေခိုးသဖြူအုံပေါသိင်နာစိန်ပေဆလမူ ပလိုင်ပြေနဲ့နော ”
(မြန်မာ) “ လာခဲ့တော့လေညီမ၊ စိတ်သဘောထားဖြူစင်တဲ့အစ်ကို၊ သစ်ပင်အောက်မှာစောင့်ရတာနေတောင်ဝင်ပြီ ”
(ပအိုဝ်း) (မ) “ မူးမဉ်ပြေနောဝ် ဖူးမှုထွမ်းသိင်ဒျာလာ၊ မူးမဉ်ဟာတဲ့ဝေးခိုတွမ်ဖူး မူတွမ်းသိင်ဒျာဆာနဲနော ”
(မြန်မာ) “ နေ၀င်ရင်လဲ၊ ညီမနဲ့အစ်ကိုလကိုစီးပြီးပြန်မယ်၊ မိုးချုပ်ရင်လဲ၊ အစ်ကိုနဲ့ညီမ ကြယ်ကိုစီးပြီးပြန်မယ် ”
(ပအိုဝ်း) (ကျား) “ မဉ်ထွမ်းသိင်လာငမ်း သ တ ဖူ မာ၊ မဉ်ထွမ်းသိင်ဘာတဲ့ ငမ်းသတဖူကွာင် ”
(မြန်မာ) “ လကိုစီးပြန်ရင် လမ်းမှားမှာကြောက်တယ်၊ ကြယ်ကိုစီးပြန်ရင်လဲ လမ်းလွဲတတ်တယ် ”
(ပအိုဝ်း) (မ) “ သဖော်မန်တူခွေ တွမ်ဝေးရှန်နာ ဖြေသိင်ခန်းနိန်းယာ၊ သဖော်မဉ်တွာခွေတွမ်ဆေးရှန်နာ ဖြေသိင်ခန်းထရှာ ”
(မြန်မာ) “ သဘောတူရင် ကျွန်မနဲ့ အစ်ကိုနဲ့ဆေး၊ လက်ဖက်တွေကို ၀ယ်ပြန်ရအောင်၊ သဘောတိုက်ဆိုက်ရင်ကျွန်မနဲ့ အစ်ကို ငါးချဉ်ကိုဝယ်ပြန်ရအောင် ”
(ပအိုဝ်း) (ကျား) “ ဖြေသိင်နိန်းယာ ကန်တော့သိင်လျဉ်ဖူးဝေအမျာတာ ဖြေသိင်တဆျာ၊ ကန်တော့သိင်လျဉ်း ဖူးဝေးအမျာရပ်နဲနော ”
(ပအိုဝ်း) (မ) “ ဝေးရှန်စီသဖော် မဉ်တူလျဉ်း ကန္တောသိင်ခန်း မွိုးတွံဖာ၊ သဖော်မျဉ် ထျာကန္တောသိင်ခန်းဖိတွမ်ဖူ ”
(မြန်မာ) “ အစ်ကိုသဘောတူရင် အဖေနဲ့အမေကို ပြန်ကန်တော့ရအောင်၊ အစ်ကို့သဘောရရင် ယောက္ခမတွေကို ကန်တော့ရ အောင် ”
(ပအိုဝ်း) (ကျား) “ ကန္တော့သိင်လဉ်း ဇီတွမ်ဖူနောဝ်၊ လို့အာသိင်လဉ်းနိန်းယာ၊ ကန္တော့သိင်မွိုးတွဲဖာနောင်လို့အာသိင်လဉ်း ထရှာနဲနော ”
(မြန်မာ) “ ယောက္ခမတွေကို ကန်တော့ခဲ့တဲ့ အတွက်ဆေးတွေ လက်ဖက်တွေအများကြီးကုန်ပြီ၊ အဖေနဲ့အမေကိုကန်တော့ခဲ့တဲ့ အတွက် ငါးချဉ်တွေကုန်ပြီ ”
(ပအိုဝ်း) (မ) “ ဝေးခိုရှန်စီအူသိင် မွန်းကွာလဲုင်း၊ မဲ့ပိုပေတဟီ၊ အူသိင်မွန်းပီလဲုင်းမဲပိုပေဟေထာ ”
(မြန်မာ) “ အပြန်ခရီးမှာ အစ်ကို “ ကွာ ” (တူရိယာတစ်မျိုး) မမှုတ်ပါနဲ့၊ ကလေးချူချာတတ်တယ်၊ ပလွေလည်းမမှုတ်နဲ့၊ ကလေး ချောင်းဆိုတတ်တယ် ”
(ပအိုဝ်း) (ကျား) “ နောင်ပေသွူနဲစ္ဆပိုပေမဉ် တဟေက ရိုသားလဲ့တွန်ယမ်းဒျာကမွိုး နာမ်သီချော်သိင်တွမ်ထထီ၊ ပိုပေမည်တဟီကရို၊ နောဝ် လဲ့တွန်ယမ်း ဒျာတမွိုး နာမ်သီချော်ဖေယမ်းတွမ်တောင်းလိုင် ”
(မြန်မာ) “ အဲ့ဒါပဲပေါ့ ကလေးချောင်းဆိုးရင်လည်း ညီမကိုပဲ ကလေးကို ငှက်ပျောသီးနဲ့ချော့ခိုင်းရမှာပေါ့၊ ကလေးချူချာရင်လည်း ညီမကိုပဲ ကလေးကိုကြံရိုးနဲ့ချော့ခိုင်းရမှာပေါ့ ”
(ပအိုဝ်း) (မ) “ နီတွမ်ဝေးခိုရှန်ကန်တော့ သိမ်မီတွမ်မူနောင်လည်း ညာဒွါကန်တော့သိင်မွိုး တံဖာနောဝ်လဉ်း ညာသူနဲနော ”
(မြန်မာ) “ ညီမနဲ့အစ်ကို ယောက္ခမတွေဆီ ကန်တော့သွားတာသိပ်ဝေးတာပဲ၊ အဖေနဲ့အမေဆီကိုကန်တော့သွားတာလဲဝေးတာပဲ ”
(ပအိုဝ်း) (ကျား) “ နောင်တူနိုင်းကလဉ်း ညာသူနောဝ်ငမ်း စွန်တမွိုးနာင်နာအွန်ကိုင်ချာ၊ ကလဉ်းညာဒွါနောင်ငမ်း စွန်ကမွိုးနာင်နာအွန်ကိုင် ညာ ”
(မြန်မာ) “ ဒီလိုဝေးတဲ့အတွက် ညီမနန်းက နောက်ချန်ရစ်မှာစိုးတယ်၊ အဝေးရောက်သွားရင်လည်း အဝေးမှာချန်ရစ်မှာစိုးတယ် ”
ဤစကားထာတွင် အပျိုက လူပျိုလှည့်လာသူ လူပျိုအားစကားထာဖြင့် ဧည့်ဝတ်ပြုနှုတ်ဆက်လိုက်၏။ ထိုအခါလူပျိုစကားထာကိုဖြေ ရလေသည်။ ဤမေတ္တာစကားထာကိုလေ့လာလျှင် နောက်ဆုံးတွင်အပျိုနှင့်လူပျိုတို့ပြေလည်ကြကာ မေတ္တာခရီးဆက်ကြသည်ကိုတွေ့ရပေ မည်။ ပြောစတွင်စကားထာဝှက်၍ ပြောကြသည်ကိုတွေ့ရ၏။ အများအားဖြင့်အမျိုးသမီးက လူပျိုလှည့်လာသူ လူပျိုအားစကားထာဖြင့်စ၍မေး သည်ကများလေသည်။ အမျိုးသားကလည်း ကြိုးစား၍အမေးနှင့်အဖြေ ကိုက်ညီအောင်ဖြေလေသည်။ ဤစကားထာကိုလေ့လာလျှင် ပအိုဝ်း အမျိုးသားအမျိုးသမီးတို့သည် အများအားဖြင့် စကားပြောကျွမ်းကျင်သူများအဖြစ်သတ်မှတ်နိုင်ပါသည်။
အပျိုလူပျိုတို့နှစ်ဦးချင်းစကားပြောရာတွင်လည်း၊ သူတို့ပေးသော ဥပမာများမှာလည်းချစ်ဖွယ်ကောင်း၏။ နှစ်သက်စဖွယ်လည်းရှိ၏။ ချစ်သူနှစ်ဦး မေတ္တာခရီးဆက်ကြချိန်မှာ မှောင်ရီပျိုးစ၊ နေ၀င်ဖျိုးဖျအချိန်ဖြစ်၏။ နေ၀င်လျှင် တိမ်တောက်လို့ ပျိုကြောက်ပါတဲ့ဒီအချိန်ဆိုသကဲ့ သို့ အပျိုသည်နေ၀င်ချိန်တွင် ချစ်သူနှင့်အတူပြန်ရန် ကြောက်စိတ်ဝင်ဟန်တူ၏။ ထိုအခါ ချစ်သူမောင်က ဤသို့အားပေးရှာသည်။ နှစ်သိမ့်ရှာ သည်။ နေ၀င်လျှင်လကို နှစ်ဦးအတူစီး၍ပြန်မည်။ မိုးချုပ်လျှင် ကြယ်ကိုနှစ်ဦးအတူစီး၍ပြန်မည်ဟူသတည်း။
ချစ်သူနှစ်ဦး အပြန်အလှန်ပြောကြသော မေတ္တာစကားထာများတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ လက်ထပ်မင်္ဂလာပွဲအပြင်အဆင်ကို လည်းတွေ့ရ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် လက်ထပ်မင်္ဂလာပွဲပြုလုပ်သောအခါ၊ ငချဉ်၊ ဆေး၊ လက်ဖက်တို့သည် မပါလျှင်မပြီးသော ပစ္စည်းများဖြစ်၏။ ငချဉ်ထုပ်၊ ဆေးထုပ်၊ လက်ဖက်ထုပ်တို့ကို မိဘစုံလင်သော ကာလသားတစ်ဦးဦးကဖြေပေးရသည်။ ထိုနောက် သတို့သား နှင့်သတို့သမီးတို့ ကန်တော့သွားကြမည့် အိမ်အလိုက်အခြားကာလသားများက ၀ိုင်းဝန်း၍အထုပ်ငယ်ကလေးများကိုထုပ်ပေးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ မင်္ဂလာဓလေ့ထုံစံကိုလည်း ၎င်းတို့ပြောဆိုကြသောမေတ္တာစကားများတွင်တွေ့ရသည်။ သိရသည်။
ချစ်သူနှစ်ဦး ကြည်နူးချစ်ခင်ချစ်တုံ့တင်ကြပြီဆိုသောအခါ တစ်ဦးနှင့်တစ်ဦး မခွဲခွာ၊ မကွဲကွာလိုကြသည်မှာ ချစ်သူတို့သဘာဝပင် ဖြစ်၏။ အထူးသဖြင့် ချစ်စခင်စ ကြင်နာစတွင်ဖြစ်၏။ မိန်းကလေးများမှာ စိုးရိမ်ပိုတတ်သူများဖြစ်သည်။ သို့သော် ဤမေတ္တာစကားထာတွင် အစိုးရိမ်ပိုနေသူမှာ မိန်းကလေးမဟုတ် လူပျိုကာလသားပင်ဖြစ်၏။ သူက သူ့ချစ်သူချန်ထားမည်ကိုစိုးရိမ်နေသည်။ ချစ်သူသည် ချော၍ လည်းကောင်း သို့မဟုတ် သူကမေတ္တာပိုရသူဖြစ်၍ ဤသို့စိုးရိမ်ကြောင့်ကြပူပန်နေရခြင်းဖြစ်ပေလိမ့်မည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ မေတ္တာစကားထာများသည် စိတ်ဝင်စားဖွယ်ကောင်း၏။ နှစ်သက်စဖွယ်လည်းရှိ၏။ ပအိုဝ်းတိုင်းရင်းသား တို့၏ ဓလေ့ထုံးစံကိုလည်းတွေ့ရ၏။ ထို့ပြင်ပအိုဝ်းအမျိုးသား အမျိုးသမီးတို့သည် စကားပရိယာယ်ကြွယ်ဝပုံကိုတွေ့ရပေသည်။

လက်ဆောင်ပစ္စည်းပေးခြင်း
အမျိုးသမီးသည် မိမိအချစ်ကိုလက်ခံလျှင် အမျိုးသားသည် မင်္ဂလာကြေးအဖြစ်လက်ဆောင်ပစ္စည်းပေးရလေသည်။ အမျိုးသမီးသည် အမျိုးသား၏ လက်ဆောင်ပစ္စည်းကိုလက်ခံလျှင် အမျိုးသားက အမျိုးသမီးသည်မိမိ၏အချစ်ကို လက်ခံကြောင်းနားလည်ရ၏။ လက်ဆောင် ပစ္စည်းပေးခြင်း၊ လက်ဆောင်ပစ္စည်းလက်ခံခြင်းသည် အမျိုးသားရော အမျိုးသမီးပါ တစ်ဦးပေါ်တစ်ဦးသစ္စာရှိစွာချစ်ကြမည်ဟူသည့် ကတိ ထားခြင်းတစ်မျိုးပင်ဖြစ်ပေသည်။
ရှေးအခါက မည်သည့်ဒေသမှပအိုဝ်းတိုင်းရင်းသားများမဆို လခြမ်းပုံသဏ္ဍာန်ရှိသည့်ထုံးဘူးကို ပေးလေ့ရှိကြ၏။ ယခုအခါထုံးဘူးဖြင့် လက်ဆောင်ပစ္စည်းပေးခြင်းကို မဲနယ်တောင် ( ဟိုပုံးမြို့နယ် ) ဒေသလောက်တွင်သာ တွေ့ရတော့သည်။ ထုံးဘူးပေးသောဓလေ့မှာ ပအိုဝ်း တိုင်းရင်းသားတို့သည် ကွမ်းကိုအမြတ်တနိုးစားကြသဖြင့် ကွမ်းစားသည့်အခါတိုင်း သတိရစေလိုသည့်ရည်ညွှန်းချက်ပင်ဖြစ်ပေသည်။ ထို့ ကြောင့် ရှေးအခါက ထုံးဘူးကို ရွှေ၊ ငွေ၊ ကြေး၊ ဘော်တို့ဖြင့်ပြုလုပ်၍အမြတ်တနိုးပေးကြသည်။
အမျိုးသားတို့သည် မိမိတို့ထုံးဘူးထဲတွင် ကွမ်း၊ ကွမ်းသီး၊ ရှားစေးတို့ကိုထည့်ထားတတ်ကြသည်။ ထုံးကိုမူအခြားတစ်ဘူးထဲတွင် သပ်သပ်ထည့်ထားတတ်ကြ၏။ ထို့ကြောင့်အချို့လူပျိုလှည့်ရာတွင် ထုံးဘူးနှစ်ဘူး (တစ်စုံ) ပါလေသည်။ ထိုထုံးဘူးနှစ်ဘူးအနက် နှစ်ဘူး စလုံးဖြစ်စေ၊ ကြိုက်ရာဘူးကိုဖြစ်စေပေးနိုင်၏။ ထိုခေတ် ထုံးဘူးများသည် ပန်းကွက်၊ ပန်းပြောက်များဖြင့် စီခြယ်ထားကြသည်။
ပင်လောင်းမြို့နယ်တွင် ရွှေဆံထိုး၊ ရွှေဖက်လိပ်နားတောင်း၊ နားသန်သီး၊ ဆွဲကြိုးစသည်တို့ကို ပေးကြလေသည်။ ဟိုပုံးမြို့နယ်ရှိ ကျောက်တန်းဒေသတွင်မူ၊ ရွှေကိုအဓိကထား၍ ပေးတတ်ကြသည်။ ရွှေချိန်တစ်ဆယ်သားအထိ ငွေကြေးချမ်းသာသည့်အလျောက် ပေးတတ် ကြသည်။
ရွှေကိုပေးရာတွင် ပတ္တမြား၊ နီလာစသည့် ကျောက်မျက်ရတနာများ မပါသောလက်ဝတ်တန်ဆာများကိုသာပေးကြသည်။ အချို့က ကျောက်မျက်ရတနာများသည်အမျိုးသမီးများထက်မြင့်မြတ်၍ ပေးရန်မသင့်လျော်ဟုယူဆကြသည်။ တောင်ကြီးမြို့တောင်ဘက်ရှိ နောင်ကား တိုက်နယ်ဒေသတွင်မူ လက်ဆောင်ပစ္စည်းအဖြစ်ငွေဒင်္ဂါး ဘော်ထည်၊ ရွှေဆံထိုးများကိုပေးကြသည်။
အမျိုးသားသည် အမျိုးသမီးကိုလက်ဆောင်ပစ္စည်းပေးရာတွင် တိုက်ရိုက်ပေးလေ့မရှိပေ။ အများအားဖြင့် အမျိုးသားသည် လူပျို လှည့်ရင်း မီးဖိုနံဘေးတွင်ချထား၏။ အမျိုးသမီးသည် နှစ်သက်သဘောကျပါက ယူရသည်။ ယာတောအလုပ်ခွင်တူမူ အမျိုးသမီးမြင်လောက် သည့် သနပ်ဖက်ပင်အကိုင်း၊ လက်ဖက်ပင်အကိုင်းတွင် ထားပေးရသည်။ အမျိုးသားက လက်ဆောင်ပစ္စည်းကိုတင်နေစဉ် အမျိုးသမီးက မသိ မမြင်ဟန်ပြုကာ အိနြေ္ဒဆောင်နေတတ်ကြသည်။ အမျိုးသားမလှမ်းမကမ်းသို့ရောက်သွားသောအခါ နှစ်သက်ချစ်ခင်ပါကယူရ၏။ မနှစ်သက် ပါက ပြန်ယူသွားရန်ပြောလေသည်။ အမျိုးသမီးသည် အမျိုးသား၏ လက်ဆောင်ပစ္စည်းကို လက်ခံထားပြီးဆိုလျှင် အမျိုးသားသည် ညတိုင်း လာရောက်၍ ချစ်စကားကြိုက်စကားများ ရေပက်မ၀င်အောင်ပြောနိုင်လေသည်။
အကယ်၍ နောင်တွင်မေတ္တာပြယ်လာပါက အမျိုးသားသည် မိမိပေးထားသော လက်ဆောင်ပစ္စည်းကိုပြန်၍တောင်းနိုင်၏။ သို့သော် အမျိုးသားက မေတ္တာပြယ်၍ပြန်တောင်းခြင်းမျိုးကို အမျိုးသမီးများကပြန်၍မပေးချင်တတ်ကြပေ။ အမျိုးသမီးကစ၍ မေတ္တာပြယ်လျှင်မူ “ တို့အိမ်ထောင်ပြုချိန် မရောက်သေးဘူးဟု ” ဆိုကာမူယာမာယာသုံး၍ပြန်ပေးတတ်ကြ၏။
အမျိုးသမီးသည် မိမိတွင် လက်ဆောင်ပစ္စည်းလက်ခံထားသည့် မေတ္တာမျှပြီးသူရှိပြီးဖြစ်သော်လည်း၊ မိမိကြိုက်နှစ်သက်သော အမျိုးသား၏ လက်ဆောင်ပစ္စည်းကို လက်ခံနိုင်သေးသည်။ သို့သော်နည်း၏။ မိမိတွင်ချစ်သူရှိပြီးဖြစ်၍သော်လည်းကောင်း၊ လက်ထပ်တော့ မည့်အချိန်မျိုးတွင်သော်လည်းကောင်း အမျိုးသား၏ပစ္စည်းကိုလက်ခံလေ့မရှိတော့ပေ၊ “ တစ်ယောက်နှင့်တစ်ယောက် မေတ္တာရှိနေကြတာပဲ လက်ဆောင်ပေးစရာမလိုပါဘူး ” ဟူ၍လေချိုသွေးတတ်လေသည်။ အမျိုးသမီးက စတင်စိတ်ဝင်စားလျှင် အမျိုးသမီးကပင်စ၍ လက်ဆောင် ပစ္စည်းကိုတောင်းလေသည်။
အမျိုးသားပစ္စည်းကို လက်ခံထားသောအမျိုးသမီးသည် အိမ်ထောင်ပြုသွားပါက အမျိုးသားကတရားစွဲလျှင် အမျိုးသမီးသည် အမျိုးသားပစ္စည်းတန်ဖိုးသုံးဆကို ပေးလျော်ရလေသည်။ အမျိုးသားကလည်း မိမိချစ်သူအခြားအမျိုးသားတစ်ယောက်နှင့်လက်ထပ်တော့မည် ဟူသော သတင်းကြားလျှင်မိမိပေးထားသော လက်ဆောင်ပစ္စည်းကိုပြန်၍တောင်းလေသည်။ အမျိုးသမီးသည် လက်ဆောင်ပစ္စည်းကို ပြန်မ ပေးမခြင်း လက်ထပ်ခွင့်မရှိပေ။
အိမ်ထောင်ဖက်ရွေးခြင်း
အမျိုးသားသည် မိမိနှစ်သက်စိတ်ဝင်စားသူ အမျိုးသမီးက မိမိထံမှ မင်္ဂလာကြေးအဖြစ်လက်ခံရယူပြီးသည့်နောက်တွင် ထိုအမျိုးသမီး ကိုမိမိဘ၀ကြင်ဖော်အဖြစ် အသိအမှတ်ပြုပြီးဖြစ်လေသည်။ ပအိုဝ်းလူငယ်များသည် မိမိ၏အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင်မိမိတစ်ဦးတည်း ဆန္ဒဖြင့်မပြုလုပ်ဘဲ ပတ်ဝန်းကျင်မိဘဆွေမျိုးများ၏ သဘောတူညီမှုကိုရယူကြလေသည်။ ဆွေမျိုးမိဘများကလည်း သင့်တော်ရာအိမ်ထောင် ဖက်ကို ရွေးချယ်ညွှန်ပြလေ့ရှိကြပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့တွင် အခြားတိုင်းရင်းသားများနှင့်အိမ်ထောင်မပြုရဟူသော တားမြစ်ချက်များမရှိပေ။ မိမိတို့၏အိမ်ထောင် ဖက်သည် လူမျိုးကွဲဖြစ်လျှင်လည်း ဆွေမျိုးအသိုင်းအ၀ိုင်းက၀ိုင်းပယ်ထားခြင်းမရှိဘဲ အတူတကွချစ်ခင်ရင်းနှီးစွာပူးပေါင်းနေထိုင်ကြသည်။ ပအိုဝ်းလူငယ်များသည် မိမိတို့အိမ်ထောင်ရေးအဆင်ပြေစေရန်အတွက် မိမိတို့၏အိမ်ထောင်ဖက်ကို မိမိတို့ကြိုက်သလိုရွေးချယ်နိုင်ကြ သည်။ သို့သော် အိမ်ထောင်ဖက်ရွေးချယ်ရာတွင် အောက်ပါအချက်များကိုသတိပြုရှောင်ရှားတတ်ကြသည်။
(၁) မျိုးနွယ်မသန့်ရှင်းသူဖြစ်ခြင်း။
(၂) အကျင့်စာရိတ္တမကောင်းသူဖြစ်ခြင်း။
(၃) ပျင်းရိသူဖြစ်ခြင်း။
(၄) ကျန်းမာရေးချို့တဲ့သူဖြစ်ခြင်း။
(၅) ဓလေ့ထုံးစံအရ တားမြစ်ထားသူဖြစ်ခြင်း။
မျိုးနွယ်နှင့်ပတ်သက်၍ မိဘဘိုးဘွားအထိ ဆင်းသက်လာမှုကို လိုက်လံစုံစမ်းတတ်ကြသည်။ ထိုသူ၏ မျိုးနွယ်ထဲမှ တစ်ဦးတစ် ယောက်ကဖြစ်စေ မျိုးရိုးထဲမှဖြစ်စေ စုန်း၊ ကဝေစသည်တို့နှင့်ပတ်သက်နေသည်ယူဆလျှင် ရှောင်ကြဉ်ကြသည်။ ဤအယူအဆမျိုးမှာ သဘာ ၀မကျတော့ပြီဖြစ်၍၊ အထင်လွဲခံရသူများအဖို့အစစအရာရာ နစ်နာဆုံးရှုံးကြရသည်။
အကျင့်စာရိတ္တနှင့်ပတ်သက်၍ နောက်ကြောင်းရာဇ၀င်ရှိတတ်သည့် အရက်သမား၊ ဖဲသမား၊ ဘိန်းသမား၊ သူခိုး၊ ဓားပြစသည့် မလို လားအပ်သော အကျင့်ဆိုးများရှိသူကိုလည်း ရှောင်ကြဉ်တတ်ကြသည်။
ပျင်းရိပြီးကျန်းမာရေးချို့တဲ့သော အိမ်ထောင်ဖက်မျိုးကိုလည်း မလိုလားကြပေ။ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ဘ၀ရပ်တည်မှု အတွက် ကာယအားဖြင့်သာ သဘာဝရပ်တည်ကြသူများဖြစ်ကြ၏။ အလုပ်ကိုခင်တွယ်တန်ဖိုးထားသူများလည်းဖြစ်၏။ ထို့ကြောင့်အလုပ်လုပ် ရန်ဝန်မလေးသည့် ကျန်းမာသန်စွမ်းသူ အမျိုးသား အမျိုးသမီးများကိုသာ မိမိတို့အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ကြလေသည်။
ဓလေ့ထုံးစံအရ တားမြစ်ထားသူများဟုဆိုရာတွင် မိမိနှင့်သွေးသားတော်စပ်သူ၊ အခြားအစွဲအလန်းတစ်ခုခုကြောင့် တားမြစ်ထားသူ စသည့် လူမှုရေးအဖွဲ့အစည်းကလက်မခံသည့်သူကိုလည်း အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခြင်းမှရှောင်ကြဉ်ကြတတ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ လေ့လာကြည့်လျှင်၊ ၎င်းတို့ရွေးချယ်သောအိမ်ထောင်ဖက် သည် ဆွေမျိုးတော်စပ်သူမဟုတ်ခြင်း၊ တစ်ရွာတည်းသားဖြစ်ခြင်း၊ အမျိုးအနွယ်ကောင်းခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ကျန်းမာသန်စွမ်း ၍ လိမ္မာရေးခြားရှိသူဖြစ်ခြင်း စသည့်အရည်အချင်းရှိသူများကို အိမ်ထောင်ဖက်ပြုရန်နှစ်ခြိုက်ကြသည်ကိုတွေ့ရပေသည်။
အချို့ကလည်း ဆွေမျိုးတော်စပ်သူကိုအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ကြသည်။ ဆွေမျိုးတော်စပ်သူကို ရွေးခြင်းမှာ “ ဖိတ်ချင်းဖိတ်၊ ကိုယ့်အိတ်ထဲမှာဖိတ် ” ဆိုသည့်သဘောမျိုးပင်ဖြစ်၏။ ဆွေမျိုးတော်သူတိုင်းလည်း အိမ်ထောင်ဖက်အဖြစ်ရွေးချယ်၍မရပေ။ အိမ်ထောင်ပြု အပ်သောဆွေမျိုး၊ မပြုအပ်သော ဆွေမျိုးဟူ၍ရှိသေးသည်။ အစ်ကို၏သမီးနှင့် နှမ၏သား၊ အမ၏သားနှင့် မောင်၏သမီးတို့သည် အိမ်ထောင် ဖက်ပြုနိုင်၏။ သို့သော်ညီအစ်ကို (၀ါ) ညီအစ်မတို့၏သားသမီးများနှင့်မူ အိမ်ထောင်ပြုခွင့်မရှိပေ။ ထို့ပြင်အစ်ကို၏သားနှင့်ညီမ၏သမီး၊ အစ်မ၏သမီးနှင့် မောင်၏သားတို့ကိုလည်း အိမ်ထောင်ပြုခွင့်မရှိပေ။
တစ်ရွာတည်းနေသူကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခြင်းသည် မိမိနှင့်တစ်ရွာတည်းသာဖြစ်သဖြင့် မျိုးရိုး၊ အကျင့်စာရိတ္တ၊ စိတ်နေ သဘောထားတို့မှအစအကြောင်းသိပြီးသားဖြစ်၏။ ထို့ပြင်တစ်ရွာတည်းသားကိုအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခြင်းသည် မည်သူမျှတစ်ရပ် တစ်ရွာသို့လိုက်ပါသွားရန်မလိုဘဲ မိဘလက်ငုတ်လက်ရင်းဖြင့်ဆက်လက်လုပ်ကိုင်နိုင်သည်။
ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ကြသော ကျေးရွာများသည် အများအားဖြင့် လမ်းပန်းဆက်သွယ်မှုညံ့ဖျင်းသဖြင့် မိမိတစ်ရွာတည်း သားချင်း မဟုတ်သော်လည်း အနီးအနားပတ်ဝန်းကျင်ရှိရွာများ၌သာ အိမ်ထောင်ဖက်ကို ရွေးချယ်ကြသည်ကများလေသည်။ အိမ်ထောင်ဖက် ရွေးချယ်ရာတွင် ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုကိုအဓိကမထားဘဲ လုပ်ရည်ကိုင်ရည်ကိုသာ အဓိကထားကြောင်းလေ့လာတွေ့ရှိရလေသည်။

စေ့စပ်ခြင်း
ပအိုဝ်းတိုင်းရင်းသားအမျိုးသား အမျိုးသမီးတို့သည် နှစ်ဦးချစ်ကျွမ်းဝင်လာကြပြီးသောအခါ ခိုးရာလိုက်ပြေးခြင်းမရှိသလောက်ပင် ဖြစ်သည်။ သို့သော်အချို့အရပ်ဒေသများတွင် အနည်းငယ်ကျင့်သုံးမှုရှိ၏။ နှစ်ဦးမေတ္တာ ဂဟေဆက်ကြပြီးသောအခါ လုလင်ပျိုသည် အမျိုး သမီးအားလည်းကောင်း၏ မိဘသဘောတူမတူကို အမေးခိုင်း၏။ ထိုအခါ အမျိုးသမီးသည် မိခင်အား ပထမဆုံး အသိပေးလေသည်။ မိခင် သည် လင်ယောက်ျားအားအသိပေးပြန်၏။ လုလင်ပျိုသည် အမျိုးသမီး၏ မိဘနှစ်ပါးစလုံးသဘောတူကြောင်းသိပြီးသောအခါ လုလင်ပျိုသည် အမျိုးသမီးရွာမှ လူကြီးတစ်ဦးဦးနှင့်စေ့စပ်ကြောင်းလမ်းနိုင်လေသည်။
ချစ်သူဘ၀သို့ရောက်ရှိပြီး အိမ်ထောင်ပြုရန်အခြေအနေများလည်း ပြည့်စုံပါက စေ့စပ်ကြောင်းလမ်းခြင်းစတင်နိုင်လေသည်။ စေ့စပ် ကြောင်းလမ်းရာတွင် အရေးပါသူများမှာ သတို့သားနှင့်သတို့သမီးဘက်မှ လူကြီးမိဘနှစ်ဦးမှ လေးဦး၊ သတို့သားနှင့်သတို့သမီး၏မိဘနှစ်ပါး “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်တို့ဖြစ်ကြသည်။
ထိုပုဂ္ဂိုလ်များ၏ မျက်နှာစုံရာရှေ့တွင် လူငယ်နှစ်ဦးကိုတောင်းရမ်းခြင်း၊ လက်ခံခြင်းဖြင့် စေ့စပ်ကြောင်းလမ်းမှုကိုပြုလေသည်။ ထိမ်းမြားမင်္ဂလာပြုရန် ရက်ကောင်းရက်မြတ်ကိုလည်း ဤသူများကပင် ရွေးချယ်ပေးကြရလေသည်။ “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်မှာစေ့စပ်ကြောင်းလမ်းခြင်း၏ အသိသက်သေဖြစ်၏။
မိဘသဘောတူ၍ စေ့စပ်ကြောင်းလမ်းကြသည်ထက် ကိုယ်စိတ်ကြိုက်ရွေးပြီး လူကြီးမိဘများအား အသိပေးကာစေ့စပ်ခြင်းသည် နှစ်သက်ဖွယ်ရာတိုးတက်သောအတွေးအခေါ်ပင်ဖြစ်သည်။
စေ့စပ်ကြောင်းလမ်းခြင်း သွားရာတွင်ည ၇ နာရီမှ ၈ နာရီအချိန်အတွင်း သမီးရှင် မိဘများထံသို့သွားကြ၏။ အိမ်အလည်လာသလို လိုနှင့်စေ့စပ်ကြောင်းလမ်းမှုကို ပြုရလေသည်။ ညအချိန်ကိုရွေးချယ်ခြင်းမှာ စေ့စပ်ကြောင်းလမ်းမှု မအောင်မြင်လျှင်လူမသိစေရန်ပင်ဖြစ်၏။
ပင်လုံမြို့အနောက်ဘက် ကျန်းစန်းတောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် စေ့စပ်ကြောင်းလမ်းပွဲ ပြုလုပ်လျှင်နှစ်ဘက်မိဘ များက လက်ဖက်ထုပ်ကိုယ်စီကိုင်၍ ရွာလူကြီးအားကျွေးမွေးရသည်။
စေ့စပ်ကြောင်းလမ်းခြင်း ပြီးလျှင်မင်္ဂလာရက်ကိုရွေးချယ်ကြ၏။ မင်္ဂလာရက်ကို ရွေးချယ်ရာတွင်လပြည့်နေ့၊ ပြဿဒါး၊ ၀ါတွင်းသုံးလ နှင့် သင်္ကြန်ကာလကိုရှောင်ကြဉ်ကြသည်။
စေ့စပ်ကြောင်းလမ်းခြင်း ပြီးသည့်နောက် မင်္ဂလာပွဲပြုတော့မည်ဟုဆိုပါက ဈေးထဲတွင်ငါးချဉ်၊ ငါးခြောက်၊ ဆေး၊ ကွမ်း၊ လက်ဖက်၊ ငှက်ပျော၊ ကြံသကာစသည့်ပစ္စည်းများကို ၀ယ်ခြမ်းရလေသည်။ မင်္ဂလာပွဲတွင် ငါးချဉ်၊ ဆေး၊ ငှက်ပျောသည် အဓိကပစ္စည်းများဖြစ်၏။ ကျန် ပစ္စည်းများကို သဘောကျဝယ်နိုင်သည်။
ဝယ်လာသော ငါးချဉ်ထုပ် အိမ်ရောင်လျှင်မိဘစုံလင်သော ကာလသားတစ်ဦးဦးက အထုပ်ဖြေပေးရ၏။ ထိုနောက်သတို့သားနှင့် သတို့သမီးတို့ ကန်တော့သွားကြမည့်အိမ်အလိုက် အခြားကာလသားများက ၀ိုင်းဝန်း၍အထုပ်ငယ်များ ထုပ်ပေးကြသည်။ ထိုသို့ထုပ်ရာတွင် ဖက်နှင့်ရွက်ဖြင့်ထုပ်ရ၏။ နှီးကိုလည်း နှစ်ပင်ချည်နှောင်ရ၏။ ကူညီသူများအား ထမင်းကျွေးကြသည်။ အခြားရွာမှ လာရောက်ကူညီကြပါက ခဲဖိုးအဖြစ် ထိုရွာမှကာလသားခေါင်းဆောင်အား ငွေတတ်နိုင်သမျှပေးတတ်ကြသည်။

မင်္ဂလာအခမ်းအနား
စေ့စပ်ကြောင်းလမ်းခြင်းပြီးသောအခါ သတို့သားနှင့်လူကြီးတို့သည် “ ခိုဗန်တန် ” ကာလသားခေါင်းဆောင်ထံသွား၍ မင်္ဂလာ အခမ်းအနားပြုလုပ်ခွင့်တောင်းခံရသည်။ “ ခိုဗန်တန် ” ၏ ခွင့်ပြုချက်ရမှာသာ ရွာအတွင်းရှိ ကာလသားလူငယ်များသည် မင်္ဂလာအခမ်းအနား ကိုလာရောက်ကူညီမည်ဖြစ်၏။ “ ခိုဗန်တန် ” ၏ ခွင့်ပြုချက်ရရန်အတွက် သူတောင်းဆိုသမျှ လိုက်လျောရသည်။ အချို့က ရပ်ရွာအတွက် အများသုံးပစ္စည်းဝယ်ရန် ရန်ပုံငွေတောင်းကြ၏။ အချို့ကအရက်၊ ၀က်သားစသည်တို့ကိုတောင်းတတ်ကြသည်။
ကာလသားခေါင်းဆောင်၏ ခွင့်ပြုချက်ရပြီးသောအခါ သတို့သမီးအိမ်သို့သွားရောက် အကြောင်းကြားရပြန်၏။ သတို့သမီးဘက်က ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ ကွမ်း၊ ဆေးလိပ်စသည့်တို့ဖြင့် ဧည့်ခံလေသည်။ ဤသို့ပြုပြီးသောအခါ မင်္ဂလာရက်ကိုရွေးချယ်သတ်မှတ်ကြ သည်။
သတ်မှတ်ထားသော ရက်သို့ရောက်လျှင် မင်္ဂလာအခမ်းအနားကို တိတ်ဆိတ်စွာပြုလုပ်ကြ၏။ ငွေကြေးမတတ်နိုင်သူတို့ကမူ လူကြီးမိဘအချို့ကို ထမင်းကျွေးခြင်း၊ ကန်တော့ခြင်းပြုကြသည်။ အချို့ဒေသများတွင် ခိုးပြေးသည့်အလေ့ကိုကျင့်သုံးသူအနည်းငယ်ရှိ၏။ ထိုသို့ခိုးပြေးလျှင် အမျိုးသားသည် ကာလသားခေါင်းဆောင်ကိုလည်းကောင်း၊ အမျိုးသမီးသည် ကာလအမျိုးသမီးခေါင်းဆောင်ကို လည်းကောင်း ကြိုတင်အကြောင်းကြားရသည်။ ဤသို့ခိုးပြေးပြီးမှလည်း မင်္ဂလာပွဲပြုလုပ်ကြသည်။
မင်္ဂလာအခမ်းအနားကို သတို့သားအိမ်တွင်ဖြစ်စေ၊ သတို့သမီးအိမ်တွင်ဖြစ်စေ ပြုလုပ်နိုင်သည်။ အမျိုးသမီးသည် အမျိုးသားအိမ် သို့လိုက်သွားပါက မင်္ဂလာအခမ်းအနားကို အမျိုးသားအိမ်တွင် ကျင်းပကြ၏။ အမျိုးသားလည်း အမျိုးသမီးအိမ်သို့လိုက်သွားပါက မင်္ဂလာ အခမ်းအနားကို အမျိုးသမီးအိမ်တွင်ကျင်းပကြ၏။ မင်္ဂလာအခမ်းအနားကို မနက်စောစောအချိန်၌သာပြုလုပ်တတ်ကြပေသည်။ မင်္ဂလာအခမ်း အနားတွင်ဝတ်ဆင်ရန် သီးသန့်ဝတ်စုံမရှိပေ။ သစ်လွင်သော မိမိတို့တိုင်းရင်းသား ၀တ်စုံကိုသာဝတ်ဆင်ကြသည်။

မင်္ဂလာပွဲတွင် ကန်တော့ပွဲသုံးပွဲကိုပြင်ထားရ၏။ ၎င်းတို့မှာ -
(၁) သက်ဆိုင်ရာနှစ်ဘက်မိဘများကိုကန်တော့ရနတစ်ပွဲ၊
(၂) “ ခိုဗန်တန် ” ခေါ်ကာလသားခေါင်းကို ကန်တော့ရန်တစ်ပွဲ၊
(၃) မင်္ဂလာပွဲသို့ကြွရောက်လာကြသည့် ဧည့်ပရိသတ်များကို ကန်တော့ရန်တစ်ပွဲစသည့်တို့ဖြစ်ကြသည်။

အမျိုးသားအတွက်ကန်တော့ ပွဲကို အမျိုးသမီးအိမ်တွင်ထား၏။
ကန်တော့ပွဲများကို ရွာအတွင်းရှိ အသက်အကြီးဆုံးငယ်လင် ငယ်မယားတို့က ပြင်ပေးရသည်။ မင်္ဂလာအိပ်ခန်းပြင်ဆင်ခြင်း၊ ငွေဖလားအတွင်းရွှေရည်ငွေရည်စိမ်ခြင်း စသည်တို့ကိုလည်းပြုလုပ်ပေးရ၏။ ရွာခံရွာသူရွာသားများ၊ အနီးအနားပတ်ဝန်းကျင်ရှိ ရွာသူရွာသား များသည် ထမင်းဟင်းချက်ပြုတ်ရာတွင် ပါဝင်ကူညီကြသည်။
မင်္ဂလာပွဲတွင်ပါဝင်သော ပစ္စည်းတစ်မျိုးစီကို “ စုံ ” အရေအတွက်ဖြင့်သာ ထည့်သွင်းရသည်။ မင်္ဂလာပွဲတစ်ခုလုံးအတွက် “ စုံ ” အဖြစ်သတ်မှတ်ကြခြင်းသည် သတို့သား သတို့သမီးနှစ်ဦးအတွက်ရာသက်ပန်အိမ်ထောင်တည်မြဲတည်တံ့စေခြင်းငှား ရည်ရွယ်၍ မင်္ဂလာယူ ခြင်းပင်ဖြစ်လေသည်။

အများအားဖြင့် မင်္ဂလာကန်တော့ပွဲတစ်ပွဲတွင် -
(၁) ငါးချဉ်ထုပ် နှစ် ထုပ်၊
(၂) လုံးရေစုံလင်သော ငှက်ပျော နှစ် ဖီး၊
(၃) လက်ဖက်အစို (၀ါ) အခြောက် နှစ် ထုပ်၊
(၄) ဆေး (ကွမ်းစားဆေး) နှစ် ထုပ်ပါဝင်ကြသည်။
ဤလေးမျိုးအပြင် ကွမ်းသီး၊ ကွမ်းရွက်တို့ကိုလည်း ထည့်နိုင်သေးသည်။ ပရိသတ်ကို ရည်စူး၍ ပြင်ထားသည့်ကန်တော့ပွဲတွင် ဆေးလိပ်၊ မီးခြစ်၊ သကြား၊ ကြံသကာ၊ နို့ဆီ၊ မုန့်စသည်တို့ကိုလည်း ထည့်သွင်းနိုင်သည်။ ဆေးလိပ်ထည့်ရာတွင် ဇနီးမောင်နှံရာသက်ပန် အေးချမ်းသာယာစေရန် ရည်စူး၍ ဆေးလိပ်ထိပ်ကို ဖွင့်ကာလေသလပ်ထားတတ်ကြသည်။
အပျိုလူပျိုတို့ လက်ထပ်ပွဲမျိုး မဟုတ်သော မုဆိုးဖို၊ အိမ်ထောင်ပျက် စသည်တို့၏ လက်ထပ်ပွဲတွင် ငါးချဉ်ထုပ်မထည့်ဘဲဖြစ်စေ၊ အထက်ပါ ပစ္စည်းလေးမျိုးအနက်မှ တစ်မျိုးမျိုးကိုနုတ်လျက်ဖြစ်စေ ပြင်ဆင်ရလေသည်။ မင်္ဂလာစရိတ်ကို သတို့သားဘက်မှ အများဆုံး အကုန်အကျခံလေ့ရှိသည်။ အများအားဖြင့် သတို့သားကချည်းတာဝန်ယူလေသည်။
မင်္ဂလာပွဲစသည့်နေ့တွင် သတို့သားနှင့် သတို့သမီးအရံရွာလူကြီး နှစ်ယောက်တို့သည် အရုဏ်တက်သည်နှင့် “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်ထံသို့ သွားကြ၏။ ခိုဗန်တန်သည် ကာလသားအရံသယ်ဆောင်လာသော ကန်တော့ပွဲမှ လက်ဖက်ထုပ်၊ ငါးချဉ်ထုပ် တို့ကို ဖြေပေးလိုက်လျှင် အခမ်းအနားကျင်းပခွင့်ပြုသည်မည်၏။ ရွာရှိကာလသားလူငယ်များကိုပါ ဖိတ်ပေးမည့်သဘောလည်းပါဝင်ပေသည်။
မင်္ဂလာပွဲကို “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်ရောက်လာမှစရ၏။ ကာလသားခေါင်းဆောင် မရောက်မချင်း မစရပေ။ မင်္ဂလာစလျှင် ကန်တော့ပွဲထဲမှ ငှက်ပျောသီးကို အခွံနွှာရ၏။ ဆေး၊ ငါးချဉ်ထုပ်၊ လက်ဖက်ထုပ်များကိုလည်းဖြေရ၏။ ဆေး၊ လက်ဖက်ထုပ်များ ကို ဖြေရာတွင် မင်္ဂလာပွဲသို့ လာရောက်သော မိဘစုံလင်သည့် သားသမီးကဖြေပေးရသည်။ မိဘစုံလင်သည့် သားသမီးအားလည်း ငွေတစ်ကျပ်၊ ငါးမတ်စသည်ဖြင့်ပေးလေ့ရှိ၏။ ရွာစောင့်နတ်ကိုလည်းပသရ၏။ ရွာစောင့်နတ် ပသသူအားလည်း ငွေတစ်ကျပ်၊ ငါးမတ်စသည် ဖြင့် ပေးကမ်းလေ့ရှိ၏။
မင်္ဂလာပွဲမှ ငါးချဉ်ထုပ်၊ လက်ဖက်ထုပ်တို့ကို ဖြေပြီးသောအခါတွင် အခွံနွှာပြီးသား ငှက်ပျောသီးတစ်လုံး၊ ငါးချဉ်၊ လက်ဖက်အချို့တို့ ဖြင့် တစ်ဦးတစ်ယောက်အား အိမ်စောင့်နတ်ကိုပသစေ၏။ အိမ်စောင့်နတ်ကို ပသသူသည် သတို့သား၊ သတို့သမီးနှစ်ဦးသည် အကြင်လင် မယားအဖြစ်သို့ ရောက်ကြောင်းသိစေအပ်ပါသည်ဟု ပသတိုင်တန်းလေသည်။
သတို့သားနှင့်သတို့သမီးကိုမိဘစုံလင်သူများက လက်ထပ်ပေးရ၏။ အချို့အရပ်ဒေသတို့တွင် စကားအရာ၌လိမ္မာကျွမ်းကျင်သော စာဟောဆရာ “ မော် ” (၀ါ) ရပ်ရွာက လေးစားခြင်းခံရသော လူကြီးလူကောင်းတစ်ဦးဦးက မင်္ဂလာသြဘာစာရွတ်ဖတ်ပြီး အကြင်ဇနီးမောင်နှံ အဖြစ်သို့ ရောက်ကြောင်း ဘိသိက်သွန်းခြင်းပြုပေးလေသည်။ သတို့သားနှင့် သတို့သမီးတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ခိုင်ခိုင်မြဲမြဲသစ္စာ ရှိရှိပေါင်းသင်းပါမည်ဟု မင်္ဂလာမဏ္ဍပ်အတွင်း ပရိသတ်စုံရာရှေ့တွင် အပြန်အလှန် ထမင်းခွံ့ကြရသည်။
ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိသတ်များက လက်ဖွဲ့ချည်မျှင်စွပ်ကြသည်။ ပရိသတ်များ လက်ဖွဲ့ချည်မျှင်စွပ်ခြင်းမပြုမီ သတို့သားနှင့်သတို့သမီးတို့က ရွာလူကြီးများ၊ မိဘများကိုကန်တော့ကြရသည်။ ပထမဆုံးနှစ်ဘက်မိဘတို့က သတို့သားနှင့်သတို့သမီးတို့ အား လက်ဖွဲ့ချည်မျှင်ကို စွပ်ပေးပြီးဆုတောင်းကြသည်။ လက်ဖွဲ့ချည်မျှည်စွပ်ရာတွင် သတို့သား၏ ဘယ်ဘက်လက်ကိုအရင်စွပ်ပေးပြီးမှသာ သတို့သမီး၏ လက်နှစ်ဘက်လုံးကိုစွပ်ပေးရသည်။ ယင်းကို ပအိုဝ်းဘာသာအရ “ လခွင် ” ဟုခေါ်၏။
မင်္ဂလာပွဲတွင် ငွေဖလားနှစ်လုံးထားရှိရာ ထိုငွေဖလားနှစ်လုံးထဲမှ တစ်လုံးတွင်ရေထည့်ထား၏။ ရေထည့်ထားသော ငွေဖလားထဲ တွင် သတို့သား၊ သတို့သမီး၏မိဘတစ်ဦးဦးက ရွှေငွေကိုထည့်၏။ ထို့နောက် ရေကိုသတို့သား၊ သတို့သမီးတို့အား သောက်စေသည်။ ဤသို့ပြုခြင်းကို ရွှေရည် ငွေရည်သောက်သည်ဟုခေါ်၏။
ထိုနောက် သိက္ခာ သမာဓိရှိသော လူကြီးတစ်ဦးဦးက အကြင်လင်မယားအဖြစ် အထမြောက်ကြောင်းကြေညာသည်နှင့် မင်္ဂလာပွဲသို့ လာရောက်ကြသော ဧည့်ပရိသတ်များက လက်ဖွဲ့ချည်မျှင်များစွပ်ပေးကြ၏။ ရာသက်ပန်ရိုးမြေကျပေါင်းကြရပါစေဟုလည်း ဆုတောင်းကြ လေသည်။
လက်ဖွဲ့ချည်မျှင်စွပ်ပြီးလျှင် သတို့သား၊ သတို့သမီးရှေ့ရှိ ငွေဖလားထဲတွင်ငွေထည့်ကြသည်။ ငွေထည့်ထားသော ငွေဖလားထဲတွင် အကြွေကိုထည့်ပြီး၊ အခြားဖလားတစ်လုံးထဲ ငွေစက္ကူကိုထည့်သည်။ ငွေလက်ဖွဲ့ရာတွင် အချို့က တစ်ကျပ် မှ နှစ်ဆယ်၊ သုံးဆယ်၊ တစ်ရာ အထိ ထည့်တတ်ကြသည်။ လက်ဖွဲ့၍ရသမျှငွေများကို သတို့သမီးကရလေသည်။
ဤအမှုများပြုပြီးသောအခါ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ငါးချဉ်၊ လက်ဖက်တို့ဖြင့် ဧည့်ခံကျွေးမွေးလေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏လက်ထပ်ပွဲကို “ ငါးချဉ်စားပွဲ ” ဟုလည်ေးကာင်း၊ “ လက်ဖက်စားပွဲ ” ဟုလည်းကောင်း ခေါ်ကြသည်။ ပအိုဝ်းတို့၏ ဓလေ့ထုံးစံအရ ငါးချဉ်သည် ပအိုဝ်းတို့၏မင်္ဂလာပွဲတွင်မပါလျှင်မပြီးသော ဧည့်ခံပစ္စည်းဖြစ်၏။ အချို့က ထမင်းကျွေးကြ၏။ ထမင်းမကျွေးပါက မုန့်၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ငါးချဉ်ထုပ်များကို ပေးကမ်းကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ လက်ထပ်ခြင်းဆိုင်ရာ လူမှုရေးတွင် ခဲဖိုးတောင်းသည့်ဓလေ့ရှိ၏။ သတို့သား၊ သတို့သမီးသွားမည့် လမ်း တစ်လျှောက်တွင် ကလေးမှအစ အဖိုးကြီးအဆုံး ရွှေကြိုးဖြင့်တားကြသည်။ ထို့နောက်တစ်စုံတစ်ခုသော ပစ္စည်ကိုတောင်းကြသည်။ ခဲဖိုးရမှ လမ်းဖယ်ပေးပြီးဖြတ်သန်းခွင့်ပြုလေသည်။
သတို့သား၊ သတို့သမီးပြန်ရာလမ်းတစ်လျှောက်တွင် လူသာမက တုတ်ဖြစ်စေ၊ ကြိုးဖြစ်စေ အတားအဆီးသဖွယ်ရှိနေပါက ယင်းတားဆီးမှုကိုတွေ့ရာနေရာတွင် ပစ္စည်းတစ်ခုခုထားရစ်ပြီးမှသာကျော်၍သွားကြလေသည်။ ထို့ကြောင့်လည်းတောင်းသည့် ခဲဖိုးကိုပေး ကြရ၏။ ခဲဖိုးမပေးဘဲ အတားအဆီးတွေ့လျှင် ပစ္စည်းတစ်ခုခုမထားရစ်ဘဲကျော်သွားပါက သားသမီးမွေးဖွားရာတွင် အခက်အခဲတွေ့တတ် သည်ဟုယူဆကြလေသည်။
အိမ်ထောင်သစ်ဖြစ်သော နှစ်ရက်သုံးရက် အတွင်းတွင်သတို့သား၊ သတို့သမီးတို့သည် သက်ဆိုင်ရာဆွေမျိုးမိဘများကိုကန်တော့ ကြရ၏။ သူတို့နှစ်ဦးတိုင်ပင်ညှိနှိုင်း၍တတ်နိုင်သမျှ ကန်တော့ကြလေသည်။ ကန်တော့ပြီးသောအခါတွင် ကန်တော့ခံရသူက လက်ဖွဲ့ပြန်၏။ ဤအကြိမ်လက်ဖွဲ့ရာတွင် မင်္ဂလာဆောင်စဉ်က လက်ဖွဲ့သည်ထက်ပို၍လက်ဖွဲ့ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် လက်ထပ်ပြီးသည်နှင့် အိမ်ခွဲနေလေ့ရှိကြသည်။ လက်ထပ်ပြီးစတွင်မူ တစ်ဘက်ဘက်သောမိဘအိမ် တွင်နေ၏။ အိမ်ထောင်တစ်ခုအတွက်အရေးကြီးသော ပစ္စည်းများဖြစ်သည့် ခြံ၊ ယာ၊ နွား၊ မျိုးစပါးစသည်တို့ကို စုမိသောအခါမှသာ အိုးသစ် အိမ်သစ်တည်ထောင်ကြလေသည်။
ဤကား ပအိုဝ်းတိုင်းရင်းသားတို့၏ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာနိဂုံးဖြစ်၏။ သို့သော် ဘ၀နိဒါန်းမျှသာဖြစ်သည်။

ကိုယ်ဝန်ဆောင်ခြင်းနှင့် သားဖွားခြင်း
ပအိုဝ်းတိုင်းရင်းသားတို့တွင် အမျိုးသမီးများ သားဖွားလျှင် မီးဖိုကိုသတ်သတ်ပြုလုပ်လေ့ရှိ၏။ အနှီးကိုလည်း စုံလင်စွာစုဆောင်းထား လေ့ရှိသည်။ အမျိုးသားသည် မိမိအမျိုးသမီးဝမ်းနာနေစဉ် ကလေး၏ချက်ကြိုးကိုလည်း ကျစ်ထားတတ်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် နံနက်စောစောဈေးမသွားရပေ။ အခြားလူများက နှုတ်ဆက်မှမိမိကပြန်လှန်နှုတ်ဆက်ရသည်။ မိမိကစ၍ နှုတ်မဆက်ရပေ။ စပြီးနှုတ်ဆက်မိပါက နှုတ်ဆက်ခံရသူအတွက် လာဘ်ပိတ်တတ်သည်ဟုယူဆကြသည်။ အသုဘလိုက်ပို့ခြင်း လည်းမရှိပေ။ ကိုယ်ဝန်ရှိနေစဉ် ခေါင်းလျှော်ခြင်းကိုလည်းရှောင်ကြဉ်ကြသည်။ ကိုယ်ဝန်ရှိနေစဉ် ခေါင်းလျှော်ပါက ကလေးပျက်တတ်သည်ဟု အယူရှိသည်။ သားဖွားခန်းကို အိမ်၏အနီးတွင်ပင်ပြုလုပ်တတ်ကြသည်။ သားဖွားခန်းအတွင်းသို့ အမျိုးသားများမ၀င်ရပေ။ မီးနေစဉ် မီးဖိုတွင် ယောက်ျားများဝင်ရောက်ပြီးဆေးလိပ်မီးပင်မညှိကြချေ။
သားဖွားရာတွင် “ မော်မူ ” ခေါ် လက်သည်တောသားဖွားဆရာမကို ခေါ်ကြ၏။ ကလေးကိုထို “ မော်မူ ” ခေါ်လက်သည် သားဖွား ဆရာမကပင် ဖွားပေးသည်။ ကလေး၏ ချက်ကြိုးကိုလည်းဖြတ်ပေးသည်။ ထိုလက်သည်သားဖွားဆရာမကိုခေါ်လျှင် ရှစ်ကျပ်မှ ဆယ့်ငါးကျပ် အထိပေးကြသည်။ သားဖွားပြီးလျှင်လည်း ဆားတစ်ထုပ်၊ ငရုတ်သီးတစ်ထုပ်၊ ဂျင်းတစ်ထုပ်ကို လက်သည်သားဖွားဆရာမအား ပေးကြသည်။ သားဖွားဆရာမ မရှိသဖြင့် ရှေးအစဉ်အလာများကိုသာကျင့်သုံးနေကြရသည်။
သားဖွားလျှင် မီးဖိုဘေးတွင် ၁၅ရက်မှ တစ်လထိနေတတ်ကြသည်။ သားဖွားလျှင် အမျိုးသမီးသည် ၀ါးဖြင့်ပြုလုပ်ထားသည့် အမြင့် တစ်ထွာခန့်ရှိအိပ်စင်တွင် အိပ့်ကြရ၏။ သားဖွားပြီး လေးငါးရက်အကြာတွင် အငွေ့ခံလေ့ရှိသည်။
အငွေ့ခံပုံမှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရဝေးရွက်၊ ဇာတိပ္ဖိုလ်သီးစသည့် အမွှေးအနံ့သာများကို မြေအိုးထဲတွင်ထည့်၍ကျို၏။ ထွက်လာ သောအငွေ့ကိုပြောင်းဖြင့် သွယ်တန်း၍ခုံလေးပေါ်တွင်ထိုင်ကာ ပြောင်းမှလာသော အငွေ့ကိုရှုကြ၏။ သုံးလေးရက်ကြာအောင် ထိုအငွေ့ကို ရှုကြသည်။ အချို့ကလည်း ထင်းရှုးငွေ့ကိုရှုသည်။ ခေါင်းကိုက်မူးဝေတတ်သူများသည် ထိုအငွေ့ကိုရှုပါက မူးဝေခြင်းပျောက်ကင်းသည်ဟု ယူဆကြသည်။ သားဖွားစဉ်အတွင်း ဂျင်းကိုအရည်ကျိုသောက်ကြ၏။
ရှေးက သမီးမိန်းကလေးဖွားလျှင် ငယ်ရွယ်စဉ်ရက်လအချိန်မှစ၍ နားဖောက်ပေးလေ့ရှိသည်။ နားဖောက်ပြီးလျှင်လည်း ရွှေ၊ ငွေ၊ ကျောက်စသည်တို့ဖြင့် ပြုလုပ်ထားသော နားကပ်များကို တတ်နိုင်သလောက် ၀တ်ဆင်ပေးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် သမီးမွေးသည်ထက် သားမွေးသည်ကို ပို၍လိုလားတောင့်တကြလေသည်။ သားယောက်ျားကို လိုလားကြခြင်းမှာ သားမွေးခြင်းဖြင့် သားကို ရှင်ပြု၊ ရဟန်းခံနိုင်ခြင်း၊ သားသည် သမီးလောက်ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်မကြီးခြင်း စသည်တို့ကြောင့်ဖြစ်သည်။ အထူးသဖြင့် ဖခင်က သားယောက်ျားပို၍လိုချင်ကြသည်။ ဖခင်က သားယောက်ျားကိုလိုချင်ခြင်းမှာ သားကြီးလာလျှင် ဖခင်လုပ်ငန်းကို ကူညီနိုင်သည့်ပြင် အခြားလုပ်ငန်းများတွင်လည်း သားသည်သမီးထက် အစစအရာရာစိတ်ချရသောကြောင့်ဖြစ်သည်။
ရှေးကသားဦးယောက်ျားမွေးလျှင် ဘယ်ဘက်နားကိုအမြဲဖောက်ပေးလေ့ရှိပေသည်။ ကျန်သားများကိုလည်း ဖောက်လိုလျှင် ဖောက် လေ့ရှိကြ၏။ သားကိုနားဖောက်ပေးခြင်းဖြင့် လိမ္မာသည်ဟုလည်းကောင်း၊ ပြောဆိုဆုံးမရလွယ်သည်ဟုလည်းကောင်း၊ မိဘများ လာဘ်ရွှင် သည် စီပွားတိုးတတ်သည်ဟုလည်းကောင်း ယူဆယုံကြည်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် သားသမီးများကို နားဖောက်ရာတွင် မွေးဖွားပြီးလပိုင်းအတွင်းနှင့် အများဆုံးလေးလအတွင်းတွင်ဖောက်လေ့ရှိကြသည်။ အထူးသဖြင့် ဆောင်းရာသီနှင့် ရာသီဥတုအေးသည့် အချိန်တွင် နေ့ကောင်းရက်သာရွေး၍ ဖောက်လေ့ရှိသည်။ အေးသည့်အချိန်တွင် ဖောက်ခြင်းဖြင့် သွေးအထွက်နည်းစေပြီး နားလည်းအနာမ ဖြစ်ပေ။ နားဖောက်ပုံမှာ အမျိုးသမီးတစ်ဦးဦးက နားဖောက်မည့်ကလေး၏ နားကိုနနွင်းမှုန့်နှင့် အုန်းဆီရော၍ နွေးပူသည်အထိပွတ်လိမ်းရ၏။ ထိုနောက် အပ်ချည်နက်ထိုးထားသည့် ချုပ်အပ်ဖြင့် ထိုးဖောက်ပြီး နားပေါက်အတွင်း ချည်စကိုချန်ထားရ၏။ နားဖောက်ပြီးသည့်အပ်ကို ငှက်ပျောပင်တွင် ထိုးစိုက်ထားရသည်။ ဤသို့ပြုခြင်းဖြင့် ကလေးနားအေးပြီး အနာဖြစ်ခြင်းကင်းစေသည်ဟုယူဆယုံကြည်ကြသည်။ နားဖောက်ပြီးလျှင် ရွှေနားကွင်းကိုဝတ်ဆင်ပေးကြသည်။
ကလေးမွေးပြီးခုနှစ်ရက်မြောက်နေ့တွင် ကလေးအတွက်ဧည့်ခံပွဲပြုလုပ်လေ့ရှိသည်။ ထိုနေ့တွင် ရွာရှိအမျိုးသမီးအချို့ကိုဖိတ်ခေါ်ပြီး “ ခေါက်တက် ” ခေါ် ဒေသထွက်ပေါက်ချိုးမုန့်နှင့် ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံကျွေးလေသည်။ ထိုဧည့်ခံပွဲသို့ အမျိုးသားများလာလေ့မရှိပေ။ ဤပွဲကို “ မျက်နှာသစ်ပွဲ ” သို့မဟုတ် “ ကလေးလက်ဖွဲ့ပွဲ ” ဟုခေါ်သည်။
ပွဲနေ့တွင် ဧည့်ခန်း၌ရေအပြည့်ထည့်ထားသော အိုးတစ်လုံးကိုထားပြီး ထိုရေအိုးထဲတွင် ဆီးဖြူကိုင်းအချို့ကို ထိုးထည့်ထားသည်။ ကလေးဖွားသည့်လက်သည်၏လက်ကို ကင်ပွန်းသီးရည်ဖြင့် ဆေးကြောပေးပြီး၊ ဆီးဖြူကိုင်းထည့်ထားသောရေအိုးမှရေဖြင့် ဆေးကြောပေးပြီး၊ ဆီးဖြူကိုင်းထည့်ထားသောရေအိုးမှရေဖြင့် မျက်နှာသစ်ရ၏။ အိမ်ပေါ်ရှိ အိမ်သူအိမ်သားများနှင့် ဧည့်သည်များပါ ဤအတိုင်းပြုလုပ်လေ့ရှိ သည်။ ရေအိုးဘေး၌ချထားသည့်ခွက်တွင် လက်ဖွဲ့သည့်အနေဖြင့်ငွေအကြွေများကိုထည့်ကြသည်။ ကလေးအတွက်လည်း ဆုမွန်ကောင်း တောင်းပေးကြပြီး၊ ကလေးအတွက်သင့်မည့်အမည်ကိုလည်း ရွေးပေးလေ့ရှိကြသည်။ ဧည့်သည်များကလည်း ကလေး၏လက်တွင် “ ခင်းစူ ” ခေါ် ချည်ခင်ဖြင့် လက်ကိုရစ်ပတ်ပေးကြသည်။ ကျန်းမာချမ်းသာစေရန်လည်း ဆုတောင်းပေးကြသည်။ ကလေးကိုနာမည်မှည့်ပေးရာတွင် မိဘဘိုးဘွားကလည်းကောင်း၊ ဗေဒင်နားလည်သူကလည်းကောင်း၊ ရံဖန်ရံခါ ဘုန်းတော်ကြီးကလည်းကောင်းရွေးပေးလေ့ရှိသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် သားအပေါ်တွင်ရော၊ သမီးအပေါ်တွင်ပါ တူညီသောမေတ္တာစေတနာထားကြသည်။ သားသမီးများကို အမွေစား အမွေ ခံအဖြစ်မှစွန့်လွှတ်ခြင်းမရှိပေ။
ကလေးချက်ကြိုးကို ၀ါးဖြင့်သာလှီးဖြတ်ကြ၏။ ဓား၊ ကတ်ကြေးတို့ကိုမသုံးကြခြင်းမှာ သံဆိပ်တက်သည်ဟုအယူရှိခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ပြင်ကလေးချက်ကြိုးဖြတ်ပြီးပါက ၀ါးကိုအလွယ်တကူလွှင့်ပစ်နိုင်ခြင်းတို့ကြောင့် ၀ါးခြမ်းကိုသာ သုံးကြလေသည်။ သားဖွားရာ တွင်လည်းသားဖွားဆရာမများ မရှိသဖြင့် “ မောမူ ” ခေါ် အရပ်လက်သည်ဖြင့်သာ သားဖွားကြရ၏။
သားဖွားပြီးလျှင် တစ်ကိုယ်လုံးကို နနွင်းလူးကာ မီးလှုံလေ့ရှိ၏။ နနွင်းလူးခြင်းအားဖြင့် အသားအရေပိုမိုကောင်းမွန်စေသည်ဟု အယူရှိကြသည်။ အမျိုးသမီးသည် သားဖွားပြီးခုနှစ်ရက်အတွင်းတွင် အခန်းအပြင်သို့ထွက်လေ့မရှိပေ။ ထိတ်လန့်ဖွယ်ရာကိုတွေ့မည်စိုး သဖြင့် သွေးနုချိန်တွင် အခန်းအပြင်သို့ ထွက်ခွင့်မပေးခြင်းပင်ဖြစ်သည်။ သားဖွားပြီးပါက မီးဖိုခန်းကိုပြာမှအစပြောင်အောင်ရေနှင့်ဆေးကြော ကြသည်။

လင်ယောက်ျားအပေါ် သဘောထား
ပအိုဝ်းမိသားစုတွင် လင်ယောက်ျားသည် အိမ်ထောင်စုအပေါ်သြဇာအညောင်းဆုံးသူဖြစ်၏။ သားသမီးများကလည်း ဖခင်ကိုရိုသေ လေးစားကြသည်။ အိမ်ရှင်မများကလည်း လင်ယောက်ျားကိုရိုသေလေးစားကြ၏။
အိမ်ရှင်မများသည် လင်ယောက်ျားအတွက်သောက်ရေကိုသီးသန့်ထားလေ့ရှိသည်။ ထမင်းပန်ကန်၊ ဟင်းပန်ကန်များကိုလည်း သီးသန့်ထားလေ့ရှိသည်။ ထမင်းစားချိန်တွင် လင်ယောက်ျားမရှိပါက ထမင်းဦး ဟင်းဦးကိုခူးခပ်ထားတတ်ကြသည်။
လင်ယောက်ျား ခရီးထွက်ပါကလည်း လင်ယောက်ျား၏အိပ့်ရာကိုသန့်သန့်ပြန့်ပြန့်ပြင်ဆင်ထား၏။ ဘုရားပန်းများအသစ်လဲလှယ် ပြီး ဆုတောင်းခြင်းပြုကြ၏။ နံနက်စာထမင်းကိုလည်း ခူးခပ်ထားတတ်ကြသည်။ လင်ယောက်ျားမပြန်လာပါကလည်း ညစာစားသောအခါ အိမ် သားများပင်စားကြသည်။ ဤသို့ ခူးခပ်ထားရခြင်းမှာ လင်ယောက်ျားပြန်လာပါက အဆင်သင့်စားသောက်နိုင်ရန်ပင်ဖြစ်သည်။

မုဆိုးမအပေါ် သဘောထား
ရပ်ရွာထဲတွင် မုဆိုးမရှိပါက မျက်နှာမငယ်စေရန် စိတ်အားမငယ်စေရန် ရပ်ရွာက၀ိုင်းဝန်းစောင့်ရှောက်ပေးကြသည်။ အလုပ်အကိုင် တောင်ယာများကိုလည်း သားကြီးသမီးကြီးများက ဦးဆောင်လုပ်ကိုင်ပေးသည်။
ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင်မရှိပါက ရပ်ရွာကကူညီစောင့်ရှောက်ကျွေးမွေးထားသည်။ ရပ်ရွာကိစ္စ၊ မင်းမှုကိစ္စ၊ ငွေကြေးအလှူခံ ကိစ္စများတွင်လည်း မုဆိုးမများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေသည်။ မုဆိုးမကို လက်ထပ်သောအလေ့လည်းရှိကြ၏။ သို့သော် လင်နှစ်ယောက်၊ သုံးယောက်သေပြီးသော မုဆိုးမကိုလက်ထပ်ရန်ရှောင်ကြဉ်ကြ၏။

လင်မယားကွာခြင်း
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်ထောင်ရေးစနစ်သည် တစ်လင်တစ်မယားစနစ်ဖြစ်သဖြင့် လင်မယားကွာရှင်းမှုနည်းလှပေသည်။ သို့ သော် ယခုအခါအချို့ကျေးရွာများတွင် လင်မယားကွာရှင်းမှု အတော်အသင့်ရှိသည်ကိုတွေ့ရပေသည်။ လင်မယားကွာရှင်းရာတွင် ကျေးရွာလူ ကြီးများနှင့် ဆွေမျိုးသားချင်းများက ကွာရှင်းပေးရန် ၀န်လေးတတ်ကြသည်။ အမျိုးမျိုးစေ့စပ်ဖျန်ဖြေပေး၍ မရတော့သည့်အဆုံးမှသာကွာရှင်း ပေးလေသည်။ လင်မယားကွာရှင်းရာတွင် လင်ယောက်ျားကစတင်၍ ကွာရှင်းလိုပါက မိမိ၏လက်ဆောင်ပစ္စည်းများကို အဆုံးခံရသည်။ မယားကကွာရှင်းရန်တောင်းဆိုလာလျှင် မယားကလင်ကိုမိမိနှင့်လက်ထပ်စဉ်က လက်ခံထားသည့် လက်ဆောင်ပစ္စည်းများကို ပြန်ပေးရလေ သည်။ ကွာရှင်းရာတွင်လည်း လင်မယားနှစ်ယောက် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာနှင့်လယ်ယာခြံမြေ ကလေးကိစ္စများကိုပါ ခွဲဝေဆုံးဖြတ်ပေးလေ သည်။ ကလေးရှိပါက ကလေးများကိုခွဲဝေယူသည်လည်းရှိ၏။ လင်ကဖြစ်စေ၊ မယားကဖြစ်စေကလေးအားလုံးအတွက် တာဝန်ယူ စောင့်ရှောက်သည်လည်းရှိ၏။ လင်ယောက်ျားက ကလေးစရိတ်ပေးရပါက ကလေးအသက် ၁၅နှစ်အထိပေးရပြီး၊ ၁၅နှစ်ကျော်မှ လွတ်ကင်း ခွင့်ရှိလေသည်။
အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူပေါင်းသင်းနေထိုင်လာရာမှ သဘောချင်းမတိုက်ဆိုင်လျှင် ကွာရှင်းနိုင်၏။ ထိုအခါ “ ဖာ ဖြားဒုံ ” ခေါ် ရွာသူကြီးထံ သွားရောက်ကွာရှင်းကြသည်။ ရွာသူကြီးက ကွာရှင်းခြင်း အထိမ်းအမှတ်အဖြစ် ကွမ်းရွက် (၀ါ) ဆေးရွက်ကို နှစ်ခြမ်း ခြမ်းပြီး တစ်ခြမ်းစီခွဲဝေပေးလေသည်။ တစ်ဦးလျှင် တစ်ဘက်စီကိုင်ထားသော အပ်ချည်မျှင်ကိုရွာသူကြီး ဖြတ်တောက်ပေး၏။ ဤသို့ပြုခြင်း မှာ တစ်ဦးနှင့် တစ်ဦး “ သံယောဇဉ်ပြတ်ပြီ ” ဟူသည့် သဘောပင်ဖြစ်သည်။
နှစ်ဦးသဘောတူကွာပါက အိမ်ထောင်ရှိပစ္စည်းများကိုအညီအမျှခွဲဝေယူကြသည်။ လက်ထပ်ပြီးတစ်နှစ်မပြည့်မီ ခင်ပွန်းသည်ကဖြစ် စေ၊ ဇနီးသည်ကဖြစ်စေ တစ်ဦးဦးကစ၍ကွာရှင်းလိုလျှင် ကွာရှင်းလိုသူသည် ခင်ပွန်းသည်ဖြစ်ပါက မင်္ဂလာစရိတ်များဆုံးရှုံးသည့်ပြင် ချစ်သူ ဘ၀က မိမိပေးထားခဲ့သော လက်ဆောင်ပစ္စည်းများကိုလည်း စွန့်လွှတ်ရလေသည်။ ပြန်တောင်းလျှင်လည်း ဇနီးက “ ကျွန်မမှမမုန်းဘဲ ” ဟု ဆိုကာ မပေးဘဲနေတတ်၏။
ဇနီးသည်ကစ၍ ကွာရှင်းလိုပါက ခင်ပွန်းသည်၏လက်ဆောင်ပစ္စည်းကို ပြန်ပေးတတ်ကြသည်။ မင်္ဂလာစရိတ်ကိုလည်း လျော်ပေး တတ်ကြသည်။ ဤသို့နှစ်ဦးသဘောတူညီမှုမရှိသည့်ကွာရှင်းမူများတွင် ကွာရှင်းလိုသူက ပစ္စည်းများကိုထားရစ်ရသည်။ အကယ်၍ပြန်လည် ပေါင်းသင်းလိုပါမူ ပြန်လည်ပေါင်းသင်းလိုသူက ရွာသူကြီးအား ဒဏ်ကြေးအဖြစ် ငွေခုနှစ်ကျပ်ခွဲပေးဆောင်ရလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏အိမ်ထောင်ရေးစနစ်ကိုလေ့လာလျှင် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသည်ကများ၏။ အိမ်ထောင် သည်တစ်ဦးဦးသည် မိမိအိမ်ထောင်ဖက်ကွယ်လွန်ပြီးမှသာ နောက်အိမ်ထောင်ပြုနိုင်သည်။ လင်ငယ်၊ မယားငယ် နေသူများကို အထူးရွံ့ရှာ မုန်းတီးကြသည်။ ထိုကြောင့် ပအိုဝ်းတိုင်းရင်းသားတို့တွင် လင်ငယ်၊ မယားငယ်နေသူများဟူ၍ လုံးဝမတွေ့ရှိသလောက်ပင်ဖြစ်သည်။
ဓလေ့ထုံးစံအရ တားမြစ်ထားသူများကို အိမ်ထောင်ပြုမိပါက ရွာမှနှင်ထုတ်ခြင်းခံရလေသည်။ ဥပမာအားဖြင့် သမီးကိုပြန်ယူသော ဖခင်မျိုးဖြစ်၏။ သို့သော်မရှိအောင်ရှားသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံအရ တစ်ခုလပ်အမျိုးသမီးတို့သည် တန်ဖိုးမလျော့တတ် ကြပေ။ ပအိုဝ်းတို့၏ ရှေးရိုးအလှဘွဲ့လင်္ကာများတွင် ယင်းတို့ကိုအသားပေးဖွဲ့ဆိုထားသည်ကိုတွေ့ရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ လင်မယားကွာရှင်းခြင်းကို လေ့လာလျှင် လွယ်ကူသည်ဟုထင်ရသော်လည်း ကွာရှင်းမှုများမရှိအောင် နည်းလေသည်။ တစ်ဦးနှင့်တစ်ဦး ကြင်နာယုယစွာဖြင့် ရိုးမြေကျပေါင်းသင်းနေထိုင်ကြသည်။

ခေါချခြင်း
အောက်မြန်မာပြည်က ဘားအံမြို့နယ်တွင် နေထိုင်ကြသောပအိုဝ်းတိုင်းရင်းသားတို့သည် တစ်စုံတစ်ယောက်ဖျားနာလျှင်ဖြစ်စေ၊ ကလေးများ သာမန်ထက် ဖျားနာလျှင်ဖြစ်စေ မကောင်းဆိုးဝါး ကပ်သည်ဟုယူဆကြသည်။ ထို့ကြောင့် အိမ်ရှိသက်ကြီးရွယ်အို တစ်ယောက် ယောက်သည် ဓားမတစ်ချောင်း၊ မီးခွက်၊ ထမင်းထုပ် စသည်တို့ကိုယူကာ ညခုနှစ်နာရီခန့်တွင် အိမ်ပြင်တစ်နေရာသို့သွား၍ ထမင်းဟင်းစွန့် ပစ်ထားရသည်။ နှုတ်မှလည်း နောက်နောင်တွင်လူနာအား၊ ကလေးအား ဒုက္ခမပေးရန် မေတ္တာပို့ပြောဆိုရသည်။ ဤသို့ပြုခြင်းကို “ ခေါချ သည် ” ဟုခေါ်သည်။
ဓားမယူသွားခြင်းမှ ခေါချသူအားမကောင်းဆိုးဝါးတို့ကြောက်စေရန်ဖြစ်သည်။ အချို့ခေါချသွားသူသည် ထမင်း၊ ဟင်းအစား ကြက် အစိမ်းတစ်ကောင်၊ အရက်တစ်ပုလင်း၊ ဓားမတစ်ချောင်းကိုယူ၍ အိမ်နှင့်ခပ်လှမ်းလှမ်းတွင်သွားကျွေးရသည်။ ခဏမျှစောင့်ပြီးစားစရာများကို ပြန်ယူလိုက ပြန်ယူနိုင်သည်။ ဖျားနာသူအတွက် ခေါချကျွေးမွေးပြီးပါက ဖျားနာသူကိုချည်ကြိုးဖြင့် လက်တွင်ရစ်ပတ်ပေးပြီး ကျန်းမာစေရန် ဆုတောင်းပေးလေသည်။

အသုဘ
ရွာတွင်အသုဘရှိပါက ရွာသားအားလုံးက ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။ အလုပ်ကိုခေတ္တနားကာ အသုဘကိစ္စကိုကူညီကြ သည်။ ထို့အပြင် ဆန်၊ ဆီ၊ ဆား၊ ငွေ စသည်တို့ဖြင့်လည်းကူညီကြသည်။
လူမမာအသက်ကုန်သည်နှင့် ရေချိုးပေးရသည်။ လူသေကိုရေချိုးပေးပြီးသောအခါ ပါးစပ်ထဲတွင် ကူးတို့ခထည့်ပေးရသည်။ အချို့ ချမ်းသာသူများမှာမူ ရွှေစငွေစအနည်းကိုထည့်ပေး၏။ လကွယ်နေ့နှင့် သင်္ကြန်အကြတ်နေ့များတွင် ကွယ်လွန်လျှင် ရွာပြင်သို့ချက်ချင်းထုတ် ရသည်။ အချို့ဒေသတွင် ချက်ချင်းသင်္ဂြိုလ်ကြသည်။ နောက်တစ်လသို့ အသုဘမကူးစေလိုသည့်သဘောပင်ဖြစ်သည်။ အချို့ကမူချက်ချင်း မသင်္ဂြိုလ်ပါက ရွာကိုထိခိုက်တတ်သည်ဟုအယူရှိကြသည်။
လူသေကို သရဏဂုံတင်လေ့ရှိ၏။ လူသေအလောင်းကိုတောင်နှင့်မြောက်ထားကြ၏။ မျက်နှာကိုမြောက်ဘက်တွင်ထား၍ ခြေထောက်ကို တောင်ဘက်တွင်ထားလေသည်။ လူသေအလောင်းကို ရေချိုးပြီးမှခေါင်းထဲတွင်ထည့်ကြသည်။ အချို့အသက်ကြီးရွယ်အိုများ သည် မိမိတို့သေဆုံးသည့်အခါထည့်၍သင်္ဂြိုလ်ရန်ခေါင်းကို အဆင်သင့်ပြုလုပ်ထားကြသည်။
ကိုယ်ဝန်ဆောင်များမီးမဖွားနိုင်၍ သေဆုံးခြင်းကို “ စီစိုင် ” ဟုခေါ်၏။ မီးမဖွားနိုင်၍သေဆုံးပါက ချက်ချင်းသင်္ဂြိုလ်ရသည်။ ဖျားနာ၍ သမာရိုးကျသေဆုံးသူများ ရုပ်ကလာပ်ကိုလှပစွာ မွမ်းမံပြင်ဆင်ထားကြသည်။ အစိမ်းသေဖြစ်လျှင်မူ၊ ဘုန်းတော်ကြီးသည် သုဿန်ထိမကြွဘဲ လမ်းတစ်ဝက်လောက်တွင် တရားဟောကြသည်။ အသုဘရှုရန်ကြွရောက်လာကြသော ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ မော်အေးခြင်း (စာဟောဆရာ စာဟောခြင်း)၊ တရားဟောခြင်းစသည်ဖြင့် ပြုလုပ်ကြသည်။
ဖျားနာ၍ သမားရိုးကျ သေဆုံးသူများ၏ အသုဘကိုအများအားဖြင့် သုံးရက်ထားကြ၏။ အသုဘချမည့်နေ့သည် တနင်္ဂနွေနေ့ဖြစ် လျှင် နေ့အခါပင်ဖြစ်သော်လည်း လမ်းတစ်လျှောက်လုံးမီးထွန်း၍ အသုဘချကြသည်။ အသုဘချသည်နှင့်အပူသောကငြိမ်းအေးခြင်းကို ရည် ညွှန်း၍ အိမ်ရှိမီးများကို ငြိမ်းသတ်ရသည်။ အသုဘကို အိမ်ပေါ်မှချသည်နှင့် အိမ်အောင်ရောက်သည်အထိ ရေဖြင့်လိုက်ဖြန်းရ၏။ အသုဘ ထမ်းရန် စင်ကိုရွာပြင်တွင်ပြုလုပ်ထား၏။ လူသေအလောင်းထည့်ထားသောခေါင်းကို ရွာပြင်သို့ချီမ၍စင်ပေါ်တွင်တင်ကာ သုသာန်သို့ထမ်း သွားကြသည်။ ခြင်းတောင်းပေါက်တစ်ခုတွင် ထမင်းကျန် ဟင်းကျန်များကိုထည့်၍ အိမ်မှသုသာန်သွားရာ လမ်းတစ်လျှောက်တွင်ထွက်ကျစေ ၏။ သုသာန်သို့မရောက်မီတွင် အသုဘကို ထမ်းသူများသည် ရှေ့ထမ်းသူနှင့်နောက်ထမ်းသူက အားစမ်းကြသည့်သဘောဖြင့် ရှေ့တိုးနောက် ဆုတ်ပြုလုပ်၍ ပျော်ကြသည်။
အကယ်၍ သေဆုံးသူသည် လူပျို၊ အပျိုဖြစ်ပါက၊ သေဆုံးသူတို့ သုံးဆောင်တတ်သည့်မှန်၊ ဓားလွယ်၊ လက်ဆွဲဘာဂျာစသည်တို့ကို သုသာန်အထိ ယူဆောင်သွားကြ၏။ သင်္ဂြိုလ်ခြင်းပြီးစီးမှ အိမ်သို့ပြန်ယူလာကြသည်။ သေဆုံးသူတွင်ယင်းပစ္စည်းများမရှိလျှင် ခေတ္တငှားရမ်း ၍ အသုံးပြုကြ၏။
ရှမ်းပြည်နယ်တွင်နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် အသုဘကိုမြေမြှပ်သင်္ဂြိုလ်ရာတွင် ဦးခေါင်းကိုမြောက်ဘက်ထား ပြီး၊ ခြေထောက်ကို တောင်ဘက်တွင်ထား၏။ ဤသို့ထားခြင်းမှာ မိမိတို့၏ မူလနေရာမှန်ဖြစ်သောသထုံပြည်ကို ပြန်လည်အောက်မေ့နိုင်စေ ရန်အတွက်ဟုဆို၏။ အသုဘကို မြေမြှပ်သင်္ဂြိုလ်ပြီးသောအခါတွင်လည်း မြေပုံပေါ်တွင် ၀ါးခြမ်းကိုးခြမ်းနှင့် မြေတုံးကိုးတုံးကိုတင်ထားကြ၏။ ဤသို့ပြုခြင်းမှာ ရှမ်းပြည်နယ်သို့ မိမိတို့ကိုးအုပ်စုဖြင့် ထွက်ခွာခဲ့ကြောင်းကိုပြဆိုလိုခြင်းပင်ဖြစ်၏။
အသုဘမြေပုံခြေရင်းဘက်တွင် ၀ါးဖြင့်ကျစ်ထားသည့် ကြိုးတစ်ချောင်း၏ အစကိုထုတ်ထားရသည်။ ထိုကြိုးစကိုနောက်ပြန်ဆွဲထုတ် လွှင့်ပစ်ရ၏။ သင်္ချိုင်းမှအပြန်တွင်လမ်း၌ ဆူးသုံးတန်စိုက်ခဲ့ရသည်။ သေသူ၏၀ိညာဉ်ပြန်မလာနိုင်ရန် တားဆီးသည့်သဘောပင်ဖြစ်၏။ သေဆုံး သူသည် အကြွေးများသူဖြစ်ပါက မြေကြီးမည်မျှပင်ဖို့စေကာမူ မပြည့်နိုင်ဟုယုံကြည်ကြ၏။
ပဒေသရာဇ်အုပ်စိုးမှုအောက်တွင် အသုဘနှင့်ပတ်သက်သောအယူသီးမှုများရှိခဲ့၏။ အလောင်းကို မှောက်လျက်မြုပ်ကြသည်။ မွေးစ ကလေး၏ အချင်းကိုလှေကားအောက်တွင် မြှုပ်ခြင်းစသည့်ဓလေ့များရှိခဲ့သည်။ သို့သော် ပဒေသရာဇ်စနစ်ကိုတော်လှန်လိုက်သည့်အချိန်မှစ ၍၊ ထိုဓလေ့ကို မကျင့်သုံးကြတော့ပေ။ သေသူအတွက် ခုနှစ်ရက်လည်လျှင်ဆွမ်းသွတ်ကြ၏။ အချို့က ငွေကြေးအဆင်ပြေသည့် အချိန်မှသာ ဆွမ်းသွတ်ကြသည်လည်းရှိ၏။

ရက်လည်ဆွမ်း

ကွယ်လွန်ပြီးသောသူကို ဆွမ်းသွတ်ရာတွင် ငွေကြေးချမ်းသာသူများသည် သင်္ဂြိုလ်ပြီးသည့်နောက် ရက်အနည်းငယ်သာခြားသည် နှင့် ဆွမ်းသွတ်ပေးကြသည်။ ပစ္စည်းဥစ္စာချို့တဲ့သူများကမူ တစ်နှစ်၊ နှစ်နှစ်ကြာမှ ဆွမ်းသွတ်ကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရက် လည်ဆွမ်းသွတ်ခြင်းကိုလည်း ပွဲတစ်မျိုးဟုသတ်မှတ်ကြ၏။ ရှင်ပြုပွဲကဲ့သို့ပင်အခြားရွာမှ ဆွေမျိုးမိတ်သင်္ဂဟများကိုဖိတ်ကြားလေသည်။ ထို့ ကြောင့် ကာလကြာငွေကြေးစုဆောင်းပြီးမှ ဆွမ်းသွတ်ကြလေသည်။ ငွေကြေးချို့တဲ့သူများသည် အများအားဖြင့် တစ်နှစ်ကြာလျှင် ဆွမ်းသွတ် ကြသည်ကိုတွေ့ရ၏။
ရက်လည်ဆွမ်းသွတ်ခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ ပွယ်ပန်စွမ် ” ဟုခေါ်သည်။ ရက်လည်ဆွမ်းသွတ်ရာတွင် တစ်ဦးသာမက နှစ်ဦး၊ သုံးဦးပေါင်း၍ ဆွမ်းသွတ်သည်လည်းရှိကြ၏။ အချို့မှာ မသေခင် ကြိုတင်ဆွမ်းသွတ်ထားကြလေသည်။
ဆွမ်းသွတ်ပွဲကို အိမ်အနီးရှိ မြေကွက်လပ်တွင်ဖြစ်စေ၊ ဘုန်းကြီးကျောင်းတွင်ဖြစ်စေ ပြုလုပ်ကြသည်။ အိမ်အနီးတွင်ပြုလုပ်ပါက ရှင်ပြုမဏ္ဍပ်ကဲ့သို့ ဆောက်လုပ်ထား၏။ ဆွမ်းသွတ်ပွဲပြုလုပ်ရန် ဆောက်ထားသောမဏ္ဍပ်ကို “ ကန္နား ” ဟုခေါ်သည်။ မဏ္ဍပ်ထဲတွင် မိမိတို့ ပင့်ဖိတ်သော ကျောင်းအတွက်အလှူပင်များပြင်ဆင်ထား၏။ တံခွန်ကိုလည်းပြင်ဆင်ထား၏။ ဆွမ်းသွတ်ပွဲကိုတစ်ညနှင့်တစ်နေ့ကြာကျင်းပ ကြလေသည်။
ဆွမ်းသွတ်ပွဲပြုလုပ်သည့် မဏ္ဍပ်တွင်ဆွဲထားသော တံခွန်မှာပိတ်ဖြင့်ပြုလုပ်ထားကြ၏။ တံခွန်တစ်ခုတည်းသာရှိပါကဆွမ်းသွတ်သူ တစ်ဦးတည်းသာဖြစ်ကြောင်းသိနိုင်၏။ နှစ်ခု၊ သုံးခုရှိပါက နှစ်ဦး၊ သုံးဦးပေါင်း၍ ဆွမ်းသွတ်ပွဲပြုလုပ်သည်ဟုသိနိုင်သည်။ တရားနာ၍ ဆွမ်းသွတ်ပွဲပြီးသောအခါ ဤတံခွန်ကို ဘုရားစေတီရင်ပြင်တွင် ၀ါးလုံးစိုက်၍ လွှင့်ထူထားလေသည်။
အသေဆိုးဖြင့်သေသူများကို သံဖြင့်တံခွန်ပြုလုပ်ကြသည်။ ငွေကြေးချမ်းသာသူများမှာမူ၊ ဘုရားစေတီရင်ပြင်တွင် သစ်သားတိုင်၊ အုတ်အင်္ဂတေတိုင်ဖြင့် ပြုလုပ်ကြ၏။ သစ်သားတိုင်၊ အုတ်အင်္ဂတေတိုင်တို့ဖြင့် ပြုလုပ်ပါက ဆွမ်းမသွတ်မီကြိုတင်ပြုလုပ်ရ၏။ ပြီးသောအခါ မှသာ ဆွမ်းသွတ်ပွဲပြုလုပ်လေသည်။
ဆွမ်းသွတ်ပွဲဖိတ်ကြားရာတွင်လည်း မြို့ကဲ့သို့နီးစပ်ရာဆွေမျိုး၊ မိတ်သင်္ဂဟများကိုမဖိတ်ဘဲ၊ ရပ်ဝေးဆွေမျိုးမိတ်သင်္ဂဟများကိုသာမ က ဆွမ်းသွတ်ပွဲကျင်းပသည့်ရွာတစ်ရွာလုံးကိုပါ ဖိတ်ကြားလေသည်။ ထို့ကြောင့် ဆွမ်းသွတ်ပွဲကျင်းပရာတွင်လည်းငွေကုန်ကြေးကျများလှ၏။ ဆွမ်းသွတ်ပွဲဖိတ်ကြားရာတွင် ရွာသူကြီးသို့ လက်ဖက်ထုပ် (၀ါ) ဖိတ်စာများပေးပြီး၊ ရွာသူကြီးက နီးစပ်သလိုဖိတ်ကြားပေးလေသည်။
ဆွမ်းသွတ်ပွဲပြုလုပ်မည့် ညတွင် ဆွေမျိုးမိတ်သင်္ဂဟထဲမှဖြစ်စေ၊ အိမ်သူအိမ်သားထဲမှဖြစ်စေ တစ်ယောက်ယောက်သည် သေလွန်ပြီး သောသူကိုမြှုပ်နှံထားသည့် သင်္ချိုင်းသို့သွား၍ သေပြီးသူ၏၀ိညာဉ်လိပ်ပြာကိုသွားခေါ်ရသည်။ ၀ိညာဉ်သွားခေါ်သူသည် သပြေခက် (၀ါ) ဆီးဖြူခက်ဖြင့် သင်္ချိုင်းသို့သွားကာ ဆွမ်းသွတ်ပေးမည်ဖြစ်၍ အတူတကွလာရောက်တရားနာကုသိုလ်ယူပါမည့်အကြောင်း ၀ိညာဉ်ကိုခေါ်လေ သည်။ ထိုနောက် ၀ိညာဉ်ခေါ်လာသော ဆီးဖြူခက်ကို မဏ္ဍပ်ရှိတိုင်တွင် ချည်နှောင်ထားရ၏။ အချို့ကလည်း ထရံကြားတွင်ညှပ်ထားကြ၏။
ရပ်ဝေးမှ မိတ်သင်္ဂဟများသည် ညအိပ်၍လာကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲနှင့် “ ပန်စွမ့် ” ခေါ် ဆွမ်းသွတ်ပွဲဖိတ်ကြားခြင်းခံရပါက၊ မည်မျှပင်ဝေးစေကာမူ ရောက်အောင်သွားကြသည်။ ဆွမ်းသွတ်ပွဲကျင်းပသည့် အကြိုညတွင် ရပ်ဝေး ရပ်နီးမိတ်ဆွေသင်္ဂဟများကို မဏ္ဍပ်တွင် “ မော်အေး ” ခေါ် စာဟောဆရာဖြင့် ဧည့်ခံ၏။ ဤသို့ဧည့်ခံခြင်းဖြင့် ရပ်ဝေးနေဆွေမျိုးမိတ်သင်္ဂဟ များသည် ခရီးဝေးမှလာကြသူများဖြစ်သဖြင့် အချိန်မီရောက်ရှိနိုင်အောင် အချိန်ဆွဲသည့်သဘောပင်ဖြစ်၏။
ပအိုဝ်းတိုင်းရင်းသားတို့၏ ဆွမ်းသွတ်ပွဲတွင် စာဟောဆရာကို ပင့်ဖိတ်ရခြင်းမှာ စာဟောဆရာသည် ပအိုဝ်းဘာသာဖြင့် တရားဓမ္မ ကိုဆွဲဆောင်ဟောပြောနိုင်သူများဖြစ်၍ အလွယ်တကူနားလည်စေ၏။ မနက်သို့ရောက်သောအခါတွင်လည်း သံဃာတော်များအား ဆွမ်းခဲ ဖွယ်ကပ်လှူခြင်း၊ တရားတော်နာယူခြင်းပြုကြ၏။ တရားတော်နာယူပြီးသောအခါတွင်လည်း စာဟောဆရာသည် ပရိသတ်များအားလုံး သင်္ခါရ သဘောတရားကိုသိရှိနားလည်အောင်၊ သံဝေဂရလေအောင် ကျန်ရစ်သူမိသားစုများသည် လွမ်းဆွတ်ပူဆွေးနေလျှင်လည်း “ သြော်… လောကတွင်ရှိသောအရာအားလုံးသည်မမြဲပါလား၊ သင်္ခါရတရားကို မည်သူမျှမရှောင်ကွင်းနိုင်ပါလား ” ဟူ၍ သံဝေဂရစေမည့် တရားများကို ဆွဲဆောင်ဟောပြောလေသည်။ စာဟောသည့်အခမ်းအနားပြီးသောအခါ ရက်လည်ဆွမ်းသွတ်ပွဲလည်းပြီးသွားပြီဖြစ်၏။
ခွန်မောင်နွယ်(အင်းလေး)၏ ပအိုဝ်း - အခန်း(၅)
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။