« »
ယဉ်ကျေးမှုနှင့်စာပေ-၂
ပညာရေး
            ပအိုဝ်းတိုင်းရင်းသားတို့ကို ရှမ်းပြည်နယ်တွင် လူသိနည်းနေသည့်တိုင်းရင်းသားဖြစ်နေရခြင်းမှာ မဖွံ့ဖြိုးသေးသောတိုင်းရင်းသားဖြစ် နေသေး၍ပင်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ရှမ်းပြည်နယ်သည် ပဒေသရာဇ်မြေရှင်စော်ဘွားတို့၏လက်အောက်တွင်နှစ်ပေါင်းရှည်ကြာစွာ နေထိုင်ခဲ့ကြရသောကြောင့်ပင်ဖြစ်သည်။ ပဒေသရာဇ်စော်ဘွားတို့၏ ဓားမိုးအောက်မှ ကျွန်သားပေါက်အဖြစ် သက်ဆိုးရှည်နေခဲ့ရသော ကြောင့်ပင်ဖြစ်ပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသရာဇ်မြေရှင်တို့၏ လက်အောက်ကျရောက်နေရစဉ်အခါတွင် မူလတန်းပညာကို ပင် သင်ခွင့်မပေးခဲ့ပေ။
            ပအိုဝ်းကလေးသူငယ်များမှာ ကျား-မ မခွဲဘဲ အတူနေအတူကြီးပြင်းကြသည်။ ရှေးအစဉ်အလာအရ ပအိုဝ်ကလေးများသည် ကြီးစဉ် ငယ်လိုက်အချင်းချင်း ထိန်းကျောင်းသွားကြသည်။ ထို့ကြောင့်မိဘများအတွက် အကူအညီများစွာရသည်။ ကလေးများသည် မိဘများနှင့်အ တူ ခြံသို့သွား၍မိဘများကိုကူညီလုပ်ဆောင်ကြသည်။ အလုပ်မလုပ်နိုင်သောကလေးများမှာ ခြံထဲတွင်မြေဖြင့်အရုပ်များပြုလုပ်ကာကစားကြ ၏။ အချို့ယောက်ျားလေးများမှာ လေးခွများ၊ လေးကိုင်းများနှင့် ငှက်ပစ်ခြင်းများကိုကစားကြသည်။
            ယခုအခါ ပညာသင်ကြားရေးအတွက် အခွင့်အလမ်းအတော်အသင့်ရရှိနေပြီဖြစ်သော်လည်း သက်ဆိုင်ရာမိဘများ၏ အားပေးခြင်း နည်းပါးမှုကြောင့် ပအိုဝ်းတိုင်းရင်းသား ကလေးသူငယ်များပညာသင်ကြားမှု အလွန်နည်းပေသေးသည်။ မိဘများအမြင်မကျယ်မှုကြောင့် မိမိ တို့သားသမီးများ၏ ပညာရေးကိုအားမပေးချင်ကြပေ။ ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေးကို လောကုတ္တရာပညာရေးနှင့် လောကီပညာရေး ဟူ၍ အကြမ်းအားဖြင့်နှစ်မျိုးခွဲခြားနိုင်ပေသည်။
လောကုတ္တရာပညာရေး
            ယောက်ျားလေးများ ငါးနှစ်၊ ခြောက်နှစ်အရွယ်ရောက်လာသောအခါ ရွာရှိဘုန်းကြီးကျောင်းတွင်အပ်နှံထားကြသည်။ ဘုန်းကြီး ကျောင်းက သွန်သင်ပေးသည်။ ယောက်ျားလေးများသည် ဘုန်းကြီးကျောင်းတွင်ပင်စာသင်ကြရ၏။ ဘုန်းကြီးက လောကီရာ၊ လောကုတ္တရာ စာပေများပါသင်ကြားပေးလေသည်။ စာဖတ်တတ်သောအခါ ဘုန်းကြီးကျောင်းတွင်ပင် ရှင်ပြုပြီးရှင်သာမဏေဘ၀နှင့်ပင် ဘုန်းကြီးကျောင်း တွင် ပျော်သလောက်နေကြသည်။ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးကိုဝတ်ကြီးဝတ်ငယ်ပြုရင်းစာသင်ကြသည်။ ပရိတ်ကြီးလောက်တတ်သော အခါလူထွက်ကြသည်။ အချို့မှာ အရွယ်ရောက်မှလူထွက်လာကြသည်။ အချို့မှာလည်း မိဘများလုပ်ကိုင်သောတောင်ယာခြံကိုကူညီလုပ် ကိုင်ရန်အတွက် သာမဏေဘ၀တွင်တစ်နှစ်၊ နှစ်နှစ်နေပြီးလူထွက်ကြသည်။ အချို့မှာ ရဟန်းဘောင်တွင်မွေ့လျော်သဖြင့် ရာသက်ပန်ရဟန်း ဘ၀ဖြင့် လောကုတ္တရာစာပေကို သင်ယူကြရာမှ အကျော်အမော်ရဟန်းတော်များဖြစ်သွားကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒဘာသာကိုအထူးသက်ဝင်ယုံကြည်ကြသူများပီပီ လောကီပညာရေးထက် လောကုတ္တရာစာပေကို အထူးလိုက်စားသင်ယူကြသည်ကိုတွေ့ရသည်။ အချို့ရဟန်းတော်များ၊ သာမဏေများမှာ မိမိသီတင်းသုံးနေသောကျောင်းမှ ပညာလောက် နှင့် မရောင့်ရဲကြသဖြင့် အခြားမြို့ကြီးများရှိဘုန်းကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့သွားရောက်ကာ လောကုတ္တရာစာပေကို ဆည်းပူးကြလေသည်။ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့ရှိ ပထမတောင်ကျောင်းကြီး၊ အရိယ၀ံသမြို့ဦးကျောင်းတိုက်၊ ညောင်ရွှေမြို့တွင် ကန်ကြီးပရိယတ္တိစာသင်တိုက်၊ အောင်ပန်းစာသင်တိုက်တို့တွင် လောကုတ္တရာစာပေကိုဆည်းပူးနေတော်မူကြသော ပအိုဝ်းသာမဏေရဟန်း တော်များကို တွေ့နိုင်ပေသည်။ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဟင်္သာတစသောမြို့ကြီးများသို့သွားရောက်ကာ လောကုတ္တရာစာပေကို ဆည်းပူးနေ ကြသည့် ရဟန်းတော်များလည်းအများအပြားရှိလေသည်။
လောကီပညာရေး
            ရှမ်းပြည်နယ်တွင် ပဒေသရာဇ်ကြီးစိုးစဉ်အခါက ပအိုဝ်းတိုင်းရင်းသားတို့ ပညာသင်ကြားရန်အခြေအနေမပေးချေ။ ပဒေသရာဇ်စနစ် ၏ လောင်းရိပ်ကြောင့် ပညာသင်ကြားခွင့်မရခဲ့ကြပေ။ ပဒေသရာဇ်ရှမ်းစော်ဘွားများ အုပ်စိုးစဉ်အခါက ပြည်သူလူထုတစ်စိတ်တစ်ဒေသဖြစ် သော ပအိုဝ်းတိုင်းရင်းသားတို့ကိုမျက်စိပွင့်၊ နားပွင့်မည်စိုး၍ အမျိုးမျိုးဖိနှိပ့်ချုပ်ချယ်ခဲ့ကြသည်။
            ပဒေသရာဇ်တို့သည် ပအိုဝ်းကျေးလက်တောရွာများ၌ သုံးဆယ့်ခြောက်ကောင်ထီခေါ် လောင်းကစားမှုကိုဖွင့်ပေးထားခြင်း၊ လောင်း ကစားမှုကို အားပေးအားမြှောက်ပြုခြင်း၊ ဘိန်း၊ ဘင်း၊ ကဇော်တို့ကိုရောင်းခွင့်ပြုခြင်းစသည်ဖြင့် ပအိုဝ်းလူထုကိုမှိုင်းတိုက်ခဲ့ကြသည်။ ပဒေသ ရာဇ်စော်ဘွားတို့သည် ပညာရေးကိုအားမပေးချေ။ ပဒေသရာဇ်စော်ဘွားများလက်ထက်တွင် ပအိုဝ်းကျေးလက်ဒေသ၌ စာသင်ကျောင်းဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ စာပေသင်ကြားလိုလျှင် ရွာရှိဘုန်းတော်ကြီးကျောင်းတွင် သင်ပုန်းကြီးကိုသင်ကြားကြရ၏။ ထို့နောက်မှလောကု တ္တရာစာပေကိုဆက်လက်သင်ကြားကြရသည်။ လောကီစာပေကိုမူကားသင်ယူခြင်း နည်းပါးလှပေသည်။
            ပဒေသရာဇ်အုပ်စိုးမှုအောက်မှ လွတ်မြောက်လာသောအခါ (ပ-အ-မ-ဖ) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ဦးစီးဆောင်ရွက်မှုဖြင့် ကျေး လက်ဒေသတွင် ပညာရေးကိုတိုးချဲ့ခဲ့ရာ တိုးတတ်မှုရှိလာ၏။ နိုင်ငံတော်အစိုးရကလည်း လိုအပ်သမျှတတ်နိုင်သလိုအကူအညီပေးကာ ကျောင်းဆောက်လုပ်ဖွင့်လှစ်ပေးခဲ့၏။ ယခုအခါမူလတန်းကျောင်းများပိုမိုတိုးတက်လာသည်ကိုတွေ့ရသည်။ အစိုးရနှင့်ပညာရေးဌာနကအား ပေးမူကြောင့် တောင်ပေါ်ဒေသရှိပအိုဝ်းကျေးလက်ပြည်သူတို့သည် ပညာရေးကိုလိုက်စားလာကြ၏။ ပညာသင်ကြားမှုများလာ၏။
            မျက်မှောက်ခေတ်ကာလတွင် ပညာမတက်လျှင် အစစအရာရာနစ်နာဆုံးရှုံးကြောင်း ပအိုဝ်းမိဘတိုင်းကသိရှိနားလည်လာ၏။ ထို့ကြောင့် သားသမီးပညာရေးအတွက်ပို၍အားပေးလာကြသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမရှိသောရွာများသည် ကျောင်းရှိသောနေရာဒေသသို့ မိမိတို့သားသမီးများကိုပို့၍ ပညာသင်ကြားစေသည်။ အစိုးရကျောင်းမရှိသော နေရာဒေသတွင်လည်း ကိုယ် ထူကိုယ်ထကျောင်းများ၊ လူထုကျောင်းများကိုဖွင့်လှစ်၍ မိမိတို့သားသမီးများကိုပညာသင်ကြားစေသည်။
            ပအိုဝ်းတိုင်းရင်းသားတို့နေထိုင်ရာဒေသတွင်လူဦးရေနှင့်ယှဉ်လျှင် အစိုးရကျောင်းများနည်းသေးသည်ဟု ဆိုနိုင်သည်။ ယခုအချိန်ထိ ပအိုဝ်းတိုင်းရင်းသားတို့နေထိုင်ရာဒေသများတွင် အထက်တန်းကျောင်း သုံးကျောင်းခန့်သာရှိသေး၏။
ပရဟိတပညာရေး
            ပအိုဝ်းတိုင်းရင်းသားကလေးသူငယ်များ၏ ပညာသင်ကြားရေးနှင့်ပတ်သက်၍ ပရဟိတဆရာတော်များနှင့်တောင်တန်းသာသနာပြု ဆရာတော်ကြီးများက တတ်စွမ်းသမျှကြိုးစားဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရသည်။ ရှမ်းပြည်တောင်ပိုင်းတွင်တောင်ကြီးမြို့၊ မြို့ဦး ပရဟိ တကျောင်းနှင့် အင်းလေးကန်တွင် မိဘမဲ့တိုင်းရင်းသားကလေးသူငယ်များ ပညာသင်ကြားနေသည်ကိုတွေ့နိုင်သည်။
            ပြည်မမှ ပရဟိတဆရာတော်ကြီးများကလည်း ခရီးလမ်းပန်းခက်ခဲသည့်တောကြို တောင်ကြားမှ ပညာမသင်ကြားနိုင်သော ပအိုဝ်း တိုင်းရင်းသားကလေးသူငယ်များကို ပြည်မသို့ခေါ်ဆောင်ကာစားဝတ်နေရေး၊ ပညာသင်ကြားရေးမှအစ အားလုံးတာဝန်ယူဆောင်ရွက်ပေးနေ သည်။ မိဘရှိသူများကလည်း ပြည်မသို့သွားရောက်၍ မိမိတို့ရင်သွေးများကိုဘုန်းကြီးကျောင်း၊ ပရဟိတကျောင်းများတွင်အပ်နှံကာပညာသင် ကြားစေသည်။
            ပရဟိတနှင့်ဘုန်းကြီးကျောင်းများမှမွေးထုတ်သောပအိုဝ်းလူငယ်များသည် အခြေခံမူလတန်းနှင့်အလယ်တန်းလောက်ကိုသာ အောင် မြင်ကြသည်ကိုတွေ့ရပေသည်။ အထက်တန်းပညာရပ်၊ တက္ကသိုလ်၊ ကောလိပ်ပညာရပ်များသင်ကြားနိုင်သည့် အဆင့်သို့ရောက်ရှိသူဦးရေ နည်းနေပေသေး၏။ သို့သော်ပတ်ဝန်းကျင်၏ လှုပ်ရှားမှုနှင့်သက်ဆိုင်ရာမိဘများ၏အားပေးမှုကြောင့် ခေတ်ပညာကိုကြိုးစား၍ဆက်လက်သင် ယူနေကြသည်။ ယခုအခါအထက်ပညာရပ်နှင့် တက္ကသိုလ်ကောလိပ်ပညာရပ်ကို ဆည်းပူးနေသောပအိုဝ်းတိုင်းရင်းသားများ တစ်နှစ်ထက်တစ် နှစ် များလာသည်ကိုတွေ့ရှိပေသည်။ သို့သော်ကျေနပ်လောက်သည့်အဆင့်ကားမရောက်ရှိသေးချေ။
ပညာရေးနှင့်အယူအဆ
            တွေးခေါ်ရှင်ကြီးများ၏ ပညာသဘောနှင့်လက်တွေ့စာအုပ်တွင်“ပညာရေးသည် လူတို့အသက်ရှင်ရေးနှင့် စားဝတ်နေရေး ပြေလည် စေ ရန်အလုပ်လုပ်ကိုင်ခြင်းအတွက် အထောက်အကူကိရိယာဖြစ်၏”ဟု ဖော်ပြထားပေသည်။ သို့သော် ပအိုဝ်းတိုင်းရင်းသားအများစု၏ ယူဆ ချက်ကား ဤသို့မဟုတ်ချေ။ ၎င်းတို့၏အယူအဆမှာ“မြေယာကိုအရင်းပြုပြီး၊အသက်မွေးဝမ်းကျောင်း ပြုသောသူသည် တစ်နေ့သောအခါတွင် မြေယာကိုအရင်းပြု၍ တစ်ဖန်အသက်မွေးရမည်သာ ဖြစ်သည်”ဟု ယူဆနေကြသည်။ထို့အပြင်“ပညာရေးသည် စားဝတ်နေရေးအတွက် အမှု ထမ်းရန်ဖြစ်သည်”ဟု ထင်မြင်ယူဆနေကြသည်။ဤသို့ မိရိုးဖလာအယူအဆများ၊ လှေနံဓားထစ် အယူအဆများ ရှိနေသေးသဖြင့် မိမိတို့ သား သမီးများ၏ ပညာရေးကို အားမပေးချင်ကြခြင်းပင် ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပညာသင်ကြား၍ အောင်မြင်လာသောအခါ အစိုးရအမှုထမ်းရမည်။ တက္ကသိုလ်မှဘွဲ့တစ်ခုခုရ၍ အောင်မြင်လာ သောအခါ အစိုးရအမှုမထမ်းလျှင်သော်လည်းကောင်း၊အစိုးရအမှုထမ်းအလုပ်မရလျှင်သော် လည်းကောင်း ထိုသင်ယူထားသော ပညာသည် အလဟဿပင်ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ပညာတတ်တစ်ယောက်သည်အစိုးရအမှုမထမ်းဆောင်ဘဲ မိမိကျေးလက်တောရွာတွင်ပင် မိရိုးဖလာလုပ်ငန်းဖြစ်သော ခြံ၊တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လျှင် ၀ိုင်းဝန်းကဲ့ရဲ့ပြောဆိုတတ်ကြသည်။ ပညာသင်ရကျိုး မနပ်ကြောင်းဖြင့်လည်း ဝေဖန်ပြောဆိုတတ်ကြသည်။ ထို့ကြောင့် ပညာသင်ရမည့်အစား ခြံ၊ တောင်ယာလုပ်ငန်းကို စိုက်ပျိုးလုပ်ကိုင်ပါက ပညာသင်စရိတ်ပင် ကုန်ရန်မရှိကြောင်း စသည်ဖြင့် မိမိတို့ထင်မြင်ယူဆချက်ကို ဝေဖန်ပြောဆို တတ်ကြသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်း သား တို့၏ပညာရေးအယူအဆမှာ လမ်းမှားနေပေသည်။
ပအိုဝ်းတိုင်းရင်းတို့ နေထိုင်သော ကျေးရွာများသည် မြို့ကြီးနှင့် အလှမ်းဝေးခြင်း မြို့နှင့် အဆက်အသွယ်နည်းပါးခြင်းတို့ကြောင့် ဗဟုသုတနည်း လေသည်။ စာဖတ်သူများကလည်းလုပ်ငန်းခွင်၌်သာ အာရုံစိုက်မှုများနေခြင်း။ စာအုပ်စာတမ်းမရှိသဖြင့် လေ့လာဆည်းပူးမှုမရှိခြင်း၊ပအိုဝ်း ကျေးရွာများတွင် စာကြည့်တိုက်များမရှိခြင်း၊ စာဖတ်သူနည်းပါးခြင်း စသည်တို့ကြောင့် ပညာရေးဗဟုသုတနည်းပါးရလေသည်။ပညာရေးအယူ အဆလွဲမှားခြင်း၊ပညာရေးဗဟုသုတနည်းပါးခြင်းတို့ကြောင့် မိဘများသည် သားသမီးများ၏ ပညာရေးကို အားမပေးကြခြင်းပင် ဖြစ်သည်။အချို့ မိဘအုပ်ထိန်းသူများမှာ မိမိတို့သားသမီးများ ကျောင်းနေချင်၊စာတတ်ချင်၊ စာသင်ချင်သဖြင့် ပူဆာသည်ကိုပင် ပိတ်ပင်တားဆီးတတ်ကြလေ သည်။
            နောက်တစ်ခုမှာ ဘာသာစကား အခက်အခဲပင်ဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပအိုဝ်းဘာသာစကားကိုသာ တတ်ကျွမ်း ကြ၏။ အချို့လည်း ရှမ်းစကားကို တတ်ကြ၏။ မြန်မာစကားပြောတတ်သူ နည်းလေသည်။ ဘာသာစကားမကျွမ်းကျင်ခြင်းမှာလည်း ပညာရေး တွင် အတားအဆီးတစ်ခု သဖွယ်ဖြစ်နေပေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေးအတွက်ဗဟုသုတနည်းပါး၍ ပညာရေးအား မပေးမှု၊ပညာရေးအယူအဆလွဲမှားမှု၊ ဘာသာစကားမတတ်ကျွမ်းမှုစသော အခက်အခဲများကို ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုပေသည်။
            ပအိုဝ်းတိုင်းရင်းသားတို့တွင် စာမတတ်သူဦးရေအလွန်များပြားနေသည်။နိုင်ငံတည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် စာမတတ်ဘဲ နောက်ကျကာ အောက်ကျနောက်ကျ ကျန်ရစ်နေခြင်းသည် မလိုလားအပ်သော အချက်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား အားလုံးလက်တွဲညီညီဖြင့် ရှေသို့ချီတက်နေချိန်တွင် ပအိုဝ်းတိုင်းရင်းသားတို့က ပညာရေးဘက်တွင် နောက်ကျကျန်ရစ်ခြင်းမျိုး မဖြစ်စေသင့် ပေ။တိုင်းရင်းသားလူမျိုးအားလုံးသည် ပညာရေးတွင် တစ်ပြေးညီတိုးတက်မှုရှိရန်လိုပေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေး သည် ယနေ့ခေတ်ပညာတတ် ပအိုဝ်းတိုင်းရင်းသားလူငယ်များတွင် တာဝန်ရှိပေသည်။
            ခေတ်ပညာတတ် ပအိုဝ်းတိုင်းရင်းသားလူငယ်များသည် ပအိုဝ်းတိုင်းရင်းသားတို့၏ မှားယွင်းသောပညာရေးအယူအဆကိုဖျောက် ဖျက်ကာ လမ်းမှန်သို့ရောက်အောင်ကြံဆောင်ဖို့လိုအပ်ပေသည်။ ပညာရေးဗဟုသုတများပြားလာစေရန်အတွက်ပညာပေးရမည်။ ဘာသာ စကားအခက်အခဲကိုကျော်လွှားနိုင်ရန်အတွက်လည်းကျောင်းနေစအရွယ် ပအိုဝ်းကလေးသူငယ်များအား မြန်မာစကားကိုသင်ကြားပေးရန်လို ပေသည်။ ထို့ကြောင့် ကျောင်းပိတ်ချိန်အားလက်ရက်များတွင် အထက်တန်းပညာကိုဆည်းပူးနေကြသော ပအိုဝ်းလူငယ်လူရွယ်များ၊ ဘွဲ့ရပြီး သူများသည် ကျေးလက်တောရွာသို့ဆင်းပြီးပညာပေးဟောပြောပွဲများကျင်းပပေးခြင်း၊ ပညာရေးဗဟုသုတဖြန်ဖြူးပေးခြင်း၊ မြန်မာဘာသာ စကားကိုကျောင်းနေစအရွယ်ကလေးသူငယ်တို့အား အထူးဦးစားပေး၍သင်ကြားပေးခြင်း၊ ကျောင်းနေစအရွယ်ကလေးသူငယ်တို့အားစာ သင်လိုစိတ်ပေါ်လာအောင်၊ ကျောင်းနေပျော်၍စာတော်လာအောင် အားပေးလှုံဆော်ခြင်းပြုလုပ်ပေးရန်လိုအပ်လှပေသည်။
            ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၊ ပညာရေးဌာနက ၁၉၇၄-၇၅ ခုနှစ်မှစ၍ မသင်မနေရ၊ အခြေခံမူလတန်းပညာရေးစနစ်ကို အကောင်အထည်ဖော်နေပေသည်။ ပအိုဝ်းတိုင်းရင်းသားများကလည်း ဤပညာရေးစီမံကိန်းအကောင်အထည်ဖော်ရာတွင်ပါဝင်ဆင်နွှဲရပေ မည်။
            ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေးအတွက်ခေတ်ပညာတတ်ပအိုဝ်းတိုင်းရင်းသားလူငယ်များအပါအ၀င်၊ အခြားညီနောင်ဖွားတိုင်း ရင်းသားလူငယ်တို့သည် အချင်းချင်းလက်တွဲ၍ခေတ်နောက်ကျကျန်ရစ်နေသော ပအိုဝ်းတိုင်းရင်းသားတို့ကို ကူညီလုပ်အားပေးကြလိမ့် မည်ဟုမျှော်လင့်ကြိုဆိုရပေသည်။
စာဟောဆရာ
            ပအိုဝ်းတိုင်းရင်းသားတို့တွင် “ မော် ” ဟုခေါ်သောစာဟောဆရာရှိ၏။ ပအိုဝ်းစာဟောဆရာသည် မြန်မာစာပြောဆရာ၊ ကွက်စိပ် ဆရာများကဲ့သို့ရှေးနိပါတ်တော်များကိုသံနေသံထားနှင့်ဟောပြောရလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့တွင် မော်ဆရာနှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ ပယောဂ၊ စုန်း၊ တစ္ဆေ၊ သရဲများစွဲကပ်သည့်အခါ ကုသရသော “ မော်တရား ” ခေါ် မော်ဆရာနှင့် “ မော်အေး ” ခေါ်ပအိုဝ်းစာဟော ဆရာဖြစ်၏။ “ မော် ” မှာ ရှမ်းစကားဖြစ်ပြီး “တတ်သည်” ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် မော်ခေါ် စာဟောဆရာကို “ လူတတ် ” ဟုအဓိပ္ပာယ်ပြန်ရပေလိမ့်မည်။
            ပအိုဝ်းတိုင်းရင်းသားတို့က ပအိုဝ်းစာဟောဆရာ စာဟောသည်ကို “ ဟွိုမော် ” ဟုခေါ်၏။ ရှမ်းပြည်နယ်ရှိအခြားတိုင်းရင်းသားတို့က “ မော်အေး ” သည်ဟုပြောကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဘုရားပွဲ၊ အလှူပွဲများ၊ ရက်လည်ဆွမ်းသွတ်သည့်ပွဲများတွင် “ မော် ” ခေါ် ပအိုဝ်းစာဟောဆရာကိုငှားရမ်းပြီးဟောစေသည်။ ပအိုဝ်းစာဟောဆရာတစ်ဦးလျှင် ကျပ် ၅၀၀ မှ ကျပ် ၇၅၀ ထိပေးရ၏။
လိုအပ်သောအရည်အချင်း
            ပအိုဝ်းစာဟောဆရာတစ်ယောက်ဖြစ်လာရန်အတွက် ပညာဗဟုသုတရှိရခြင်း၊ ရဲရင့်ခြင်း၊ သတ္တိဗျတ္တိတို့နှင့်ပြည့်စုံခြင်း၊ အသံကြည် လင်ပြတ်သားခြင်း၊ အသံချိုသာခြင်း၊ ဥာဏ်ပရိယာယ်ဖြတ်ထိုးမှုကောင်းခြင်း၊ ပရိသတ်၏အကြိုက်လိုက်လျောတတ်ခြင်း စသည်များနှင့်ပြည့်စုံ ရလေသည်။
 စာဟောဆရာအဖြစ်သင်ယူခြင်း
            စာဟောဆရာတစ်ယောက်ဖြစ်လာရန်မှာ အခြားစာဟောဆရာစာဟောသည်ကိုကြားဖူးရုံနှင့် မရနိုင်ပေ။ ဆရာနှင့်သင်ယူရ၏။ စာဟော ဆရာဖြစ်လိုသူသည် ဘုန်းတော်ကြီးကျောင်းသို့သွား၍ပထမပရိတ်ကြီး၊ ရှင်ကျင့်ဝတ်၊ လောကနီတိ၊ သဒ္ဒါ၊ သဂြိုဟ်စသည်များကို သင်ယူရလေသည်။ အခြေခံပြည့်စုံပါက ပအိုဝ်းစာဟောဆရာဖြစ်အောင်သင်ယူရန်လွယ်ကူပြီဖြစ်သည်။
            ဤအခြေခံပြည့်စုံပါက ကျော်ကြားသောစာဟောဆရာကြီးထံသို့သွားရောက်သင်ယူရလေသည်။ စာဟောဆရာကြီးထံရောက်သော အခါ တပည့်အဖြစ်ခံယူပြီး၊ ထိုစာဟောဆရာကြီးပြောသမျှကိုနာခံမှတ်သားရ၏။ အလုပ်ရှိလျှင်လည်းအလုပ်ကိုကူလုပ်ပေးရ၏။ ခရီးသွားလျှင် ဖိနပ်ကိုင်၊ ဖိနပ်တိုက်ပေးခြင်းစသည်ဖြင့် အစစအရာရာအပင်ပန်းခံရ၏။ ထို့ကြောင့်စာဟောဆရာအဖြစ်သင်ယူသူသည်ဝါသနာပါလွန်းခြင်း၊ ကြိုးစားမှုရှိခြင်း၊ အမျိုးသားရိုးရာကိုချစ်မြတ်နိုးခြင်း၊ အပင်ပန်းဆင်းရဲခံနိုင်ခြင်းစသည့်စိတ်ဓါတ်ရှိမှသာဖြစ်နိုင်ပေသည်။
            စာဟောဆရာအတတ်ပညာကို မုဆိုးမ၊ တစ်ခုလပ်မ(တစ်လင်ကွာ)တို့၏သား၊ ဆင်းရဲသားများသာအများဆုံးသင်ယူကြသည်ကို တွေ့ရသည်။ သူတို့မှာမိဘ၏အားပေးမှုနည်းခြင်း၊ ပညာသင်စရိတ်မထောက်ပံ့နိုင်ခြင်းစသည်တို့ကြောင့်ငွေအရင်းအနှီးမမြှပ်နှံရသည့် စာဟောအတတ်ပညာကိုသင်ယူကြသည်။ မိမိတို့မှာငွေကြေးချို့တဲ့သဖြင့်စာဟောဆရာကြီးများထံအောက်ကြို့ကာစာဟောပညာကိုသင်ယူ ကြရသည်။ ငွေကြေးချမ်းသာသူသားသမီးများမှာစာဟောပညာကို သင်ယူသူမရှိသလောက်ပင်ဖြစ်ပေသည်။
            စာဟောဆရာကလည်းမိမိတို့ထံ တိုးလျှိုးကာပညာသင်သူတပည့်အား၊ ဆရာကိုချီးကျူးသည့်လင်္ကာများ၊ သူရဿတီနတ်သမီးကို တိုင်တည်သည့်လင်္ကာစာသွားများစသည့်စာများကို ပထမဆုံးသင်ကြားပေးလေသည်။ ဤစာတို့ကိုတတ်ပြီးသောအခါ အသံအနိမ့်အမြင့် အသံ အတတ်အဆင်းကိုလေ့ကျင့်ရပြန်သည်။ ဤစာတို့ကိုရပါက လွယ်ကူသောတရားစာများ၊ ဇာတ်တော်၊ နိပါတ်တော်၊ ငါးရာ့ငါးဆယ်စ သည်များကိုလေ့လာရသည်။ ရတနာသုံးပါးအကြောင်းကိုစာအုပ်ထဲမှကြည့်၍ဟောရသည်။ ဤသို့ကြည့်၍ဟောသည့်အကျင့်ပြုမှသာ အခြေခံ ကိုရနိုင်မည်ဖြစ်ပေသည်။ သို့သော်စာဟောဆရာကားဖြစ်မလာနိုင်သေးပေ။
            ပအိုဝ်းစာဟောဆရာများတွင်စည်းကမ်းရှိ၏။ စာဟောဆရာတိုင်း၊ စာဟောဆရာအဖြစ်သင်ယူသူတိုင်းသည်ငါးပါးသီလကိုကိုင်တွယ် မြဲအောင်စောင့်ရှောက်ရသည်။ ထို့ပြင်ဗြဟ္မစိုရ်တရားလေးပါး၊ အကျင့်စရိတ္တ၊ သစ္စာ၊ အိနြေ္ဒ၊ သိက္ခာတို့ကိုလည်းစောင့်ထိန်းရသည်။ အပြော အဆိုတို့မှအစစောင့်ထိန်းရသည်။ စာဟောဆရာဖြစ်လောက်သည့်အရည်အချင်းပြည့်စုံသောအခါ ဘုရားငါးဆူ၊ သူရဿတီ၊ မေတ္တာပွင့်ဆေး၊ ဒေ၀ီခုနှစ်ပါး၊ မဂ္ဂင်၊ ပိဋကတ်၊ ရဲဆေးစသည့်ဆေးများကိုစုတ်ဖြင့်ထိုးနှံရသည်။ ဘုရားငါးဆူဆေးကိုထိုးပါက ခုနှစ်ရက်အတွင်းကာမဂုဏ် လိုက်စားခြင်း၊ အရက်သေစာသောက်စားခြင်းစသည်တို့ကိုရှောင်ကြည်ရသည်။ အရှောင်ကြဉ်ပါကရူးသွပ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းဖြစ်တတ် သည်ဟုဆိုလေသည်။
            စာဟောဆရာဖြစ်လာသောအခါမြန်မာစာပေများ၊ ရှမ်းဘာသာစာပေများ၊ ပအိုဝ်းဘာသာစာပေများစသည့်ကျမ်းဂန်စာအုပ်များကို ဖတ်ရှုလေ့လာရသည်။ ယခုခေတ်ပအိုဝ်းစာဟောဆရာများသည် မြန်မာစာပေများကိုအထူးဖတ်ရှုလေ့လာကြသည်။ အထူးသဖြင့် ဗုဒ္ဓ၀င်၊ မဟာဝင်၊ ဇိနတ္တပကာသနီ၊ ဓမ္မပဒ၀တ္တုမင်္ဂဒုတ္တဒီပနီ၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ထေရီဘာသာပြန်၊ ထေရာဘာသာပြန်၊ နရသာသနာ့ကျမ်း၊ ငါးရာ့ငါး ဆယ်ဇာတ်၊ နိပါတ်တော်၊ ပရမတ္တစက္ခုကျမ်းသင်္ခါရဘာစနီကျမ်း၊ သဂြိုဟ်အဓိပ္ပာယ်ကောက်၊ ဘာဝနာဒီပနီ၊ အဘိဓမ္မတ္တသဂြိုဟ်ကျမ်း၊ မာတောဝါဒဆုံးမစာ၊ ဓမ္မမာလာတရားစာ၊ ၀ိပဿနာဒီပနီစသည့်ကျမ်းဂန်စာပေများကိုအများဆုံးလေ့လာဖတ်ရှုကြရသည်။ အခြားစာများကို လည်းလေ့လာဖတ်ရှုကြသေးသည်။ မတစ်ထောင်တစ်ကောင်ဖွားဆိုသကဲ့သို့ မိခင်တစ်ရာကမွေးဖွားသောသားများတွင် စာဟောဆရာတစ် ယောက်ဖြစ်လာမည့်သူပါရန်မလွယ်ကူပေ။
အသုံးအဆောင်ပစ္စည်း
            မည်သည့်အလုပ်အကိုင်အတတ်ပညာများတွင်မဆိုအသုံးအဆောင်ပစ္စည်းကိရိယာများရှိစမြဲပင်ဖြစ်သည်။ ပအိုဝ်းစာဟောဆရာများ သည် ယောင်ထုံးကိုထုံးထားရ၏။ ရှေးကပအိုဝ်းစာဟောဆရာများသည် ယောင်ထုံးကိုထုံးထားကြသည်။ ရှေးကကအိုဝ်းစာဟောဆရာများ သည်  ယောင်ထုံးကိုထုံးထားကြသည်။ ယခုခေတ်ကာလတွင်းမူ ယောင်ထုံးထုံးသော စာဟောဆရာနည်းလာသည်ကို တွေ့ရသည်။ ပအိုဝ်းစာ ဟောဆရာတစ်ယောက်တွင်စာဟောရန်အတွက် အ၀တ်အစားကောင်းတစ်စုံ၊ ယောဦးထုပ်တစ်လုံး၊ မျက်နှာသုတ်ပုဝါ၊ ခေါင်းပေါင်းခြေအိတ်စ သည်တို့လို၏။ စာဟောသောအခါခြေအိတ်ကို စွပ်ထားတတ်ကြသည်။ မျက်နှာသုတ်ပုဝါမှာ ချွေးသုတ်ရန်အတွက် ဖြစ်ပြီး၊ယောဦးထုပ်မှာစာ ဟောသောအခါ ကာကွယ်ရန်အတွက်ဖြစ်သည်။
            ဆေးကို ကိုယ်ခါးအထက် ကိုယ်ခန္ဓာတွင် ပွဲခင်း၍ထိုးကြရ၏။ အချို့မှာကန့်လန့်ကာ ခုနှစ်ထပ်ထဲတွင်ထိုးကြ၏။ ဆေးထိုးသည့်နေရာ အပေါ်တွင်လည်း ဆယ့်ခုနှစ်ရာသီခွင်ကို ပြုလုပ်ထားသည်။ ဆေးထိုးသည့် နေရာတွင် အလှူပွဲခုနှစ်ပွဲပြင်ဆင်ထားရပြီး၊ ထိုအလှူပွဲအောက် တွင် ပင်နီအဖြူ အနီကိုခင်းထားရသည်။ ပအိုဝ်းစာဟောဆရာတိုင်း၏ အိမ်တွင် သူရဿတီမယ်တော်ကို ကိုးကွယ်ပူးဇော်ထားကြသည်။ စာ ဟောဆရာတစ်ယောက်ဖြစ်လာရန်မှာ မလွယ်ကူလှပေ။
စာဟောဆရာကိုပင့်ဖိတ်ခြင်း။
            ပွယ်ပါန်ခေါ် ရှင်ပြုပွဲ၊ လက်ထပ်ပွဲဝါတွင်းသုံးလ၊ရေတွင်း ရေကန်စသည့် အလှူများပေးလှူသော အခါတွင် စာဟောဆရာများကို ပင့် ဖိတ်ကြရသည်။ဝါတွင်းသုံးလအချိန်တွင် စာဟောဆရာကို အလုအယက် ပင့်ဖိတ်ကြရ၏။ အချို့မှာ နှစ်လသုံးလကပင်ကြိုတင် ပင့်ဖိတ်ထားကြ သည်။ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ပင့်ဖိတ်ကြသည်။
            ရဟန်းသံဃာတော်များသည်တရားဟောသောအခါ၊ပါဋိဘာသာဖြင့် ဟောသည်ကများ၏၊ တရားလည်း ပို၍တိုပြီး၊ တရားနာပရိသတ် အဖို့ အလွယ်တကူ သဘောမပေါက်မရှင်းလင်းနိုင်ပေ၊ ပအိုဝ်းစာဟောဆရာများမှာ ပအိုဝ်းဘာသာဖြင့်သာ ဟောသဖြင့် စာမတတ်သော်လည်း ပအိုဝ်းစကားတတ်လျှင်ပင် အကုန်လုံးနားလည်းနိုင်၏။ စာဟောဆရာဟောသော တရားမှာ ပို၍လည်းရှည်လေသည်။ ဒါနအကြောင်းကိုအမျိုး မျိုးအဖုံဖုံတင်ပြပြီး၊ဥပမာ၊ဥပမေယျံဓာတ်ကြောင်းလေးများဖြင့် ဟောပြောကြသည်။ ပရိတ်အကုန်လုံးနားလည်သဖြင့် တရားနားပရိသတ်တို့ ကြည်ညိုသဒ္ဓါပွားရ၏။ အလှူဒါနပြုသူကိုလည်း စေတနာထက်သန်စေသည်၊ထို့ကြောင့် အလှူဒါနပြုသောပွဲတွင်ဘုန်းတော်ကြီးများကိုသာမက ပအိုဝ်းစာဟောကိုပါ ပင့်ဖိတ်ကြသည်။
စာဟောခြင်း
            စာဟောမည့်စာဟောဆရာလည် ရှင်ပြုပွဲဖြစ်ပါက၊ ရှင်ပြုပွဲနှင့်ဆိုင်သောတရားတော်၊ ဥပုသ်ဆွမ်းကျွေးပါက၊ ဥပုသ်ဆွမ်းနှင့်သက်ဆိုင် သော တရားတော်စသည်ဖြင့် ဆိုင်ရာဆိုင်ရာ တရားတော်မျာကို စာမဟောမီကြိုတင်လေ့လာထားရသည်။စာမဟောမီ မိမိတို့၏ဆရာကိုရိုသေ သည်သဘောဖြင့် သပြေခက်၊မြေဇာပင်များ ပင့်ဖိတ်သည့် ဒေသမှာ ဆုငွေများကို မိမိအတွက်ပြင်ဆင်ပေးထားသော အလှူပွဲတွင် ထည့်ထားရ သည်။ စာဟောဆရာအတွက် ပြင်ဆင်ပေးသော အလှူပွဲတွင် ပအိုဝ်းတိုင်းရင်းသားစာဟောဆရာတို့သည် စာဟောသောအခါ အနေအထိုင် အပြောအဆိုအ၀တ်အစားမှအစ၊ ပရိသတ်နှစ်သက်ဖွယ်ဖြစ်အောင် ကြိုးစားရသည်။ စာစဟောသောအခါ ပထမဆုံးရတနာသုံးပါးဂုဏ်တော် ကိုးပါးကိုရိုသေကန်တော့ရသည်။ သူရဿတီနတ်သမီးကိုတိုင်တည်ကန်တော့ရသည်။ သူရဿတီနတ်သမီးကိုတိုင်တည်ကန်တော့ခြင်းအား ဖြင့် စာဟောပြောရာတွင် ပြေပြစ်ချောမွေ့ပြီး၊ာဏ်ပို၍သွားသည်ဟု အယူအဆရှိလေသည်။
            တရားဟောပြောရာတွင် အခြေအနေကာလဒေသကိုလိုက်၍ ဟောရသည်။ကျောင်းကိုလှူသော ပွဲဖြစ်ပါက ကျောင်းလှူရခြင်းအကျိုး နှင့် ပတ်သက်သော တရားတော်၊ဇရပ်ကိုလှူပါက ဇရပ်လှူခြင်း၏အကျိုး၊ ရှင်ပြုပွဲဖြစ်ပါက ရှင်ပြုရခြင်း၏အကျိုး၊ အသုဘပွဲဖြစ်ပါက ရက်လည် ဆွမ်းသွတ်ရခြင်း၏အကျိုး၊ စသည်ဖြင့်ဆိုင်ရာ ဆိုင်ရာဟောပြောကြရလေသည်။
            စာစ၍ဟောသောအခါ“အွိုး”ဟူသောအသံကို ရှည်ရှည်ဆွဲပြီးနောက် လင်္ကာကိုသံနေသံထားဖြင့် ရွတ်ဆိုလေသည်။ လင်္ကာဆုံးသော အခါ“ဟွေး”ဟူသောအသံကို ပြေပြေပြစ်ပြစ်ဆွဲ၍အဆုံးသတ်လေသည်။ ထိုနောက်မှ တရားကိုယ်ကိုစ၍ဟောလေသည်။ စာဟောရာတွင် လင်္ကာသွားဖြင့်တစ်လှည့် နှုတ်ဖြင့်ဟောပြော၍တစ်လှည့်ဖြင့် ဟောပြောရလေသည်။   
ပအိုဝ်းစာဟောဆရာသည် ပရိသတ်၏အကြိုက်ကိုလိုက်၍ ဟောပြောရ၏။ သူတော်ကောင်း၏ တရားနာပရိတ်သတ်ဖြစ်စေ၊ လူမိုက် လူဆိုးတရားနာ ပရိသတ်ဖြစ်စေ။ တရားတော်ကိုရှင်းပြ ဟောကြားရလေသည်။ အကောင်း၊အဆိုးကိုပုံပြင်၊ ဥပမာ၊ဥပမေးယျတို့ဖြင့် သာဓက ဆောင်၍ဟောပြောရသည်။ ဟောပြောသောအခါ အသံပီပီသသအသံရှည်ရှည်ဆွဲနိုင်အောင် ကြိုးစားရ၏။ မျက်နှာကိုလည်း ရွှင်ရွှင်လန်းလန်း ထားရသည်။
            ပအိုဝ်းစာဟောဆရာသည် လူဆိုးအခန်းကို ဟောပြောပါက လူဆိုးဟန်ပန်အမူအရာကို လုပ်ပြရ၏။ သူတော်ကောင်း အကြောင်း ဟောပြောလျှင် သူတော်ကောင်းဟန်ပန်၊ မင်းသားမင်းသမီးအကြောင်း ဟောပြောလျှင်မင်းသား မင်းသမီးဟန်ပန်၊ ဘုရင် အကြောင်း ဟောပြောလျှင် ဘုရင်ဟန်ပန်၊သူဌေးခန်းတွင်လည်း သူဌေးဟန်ပန်စသည်ဖြင့် ဆိုင်ရာအခန်းအလိုက်သရုပ်ဆောင်ကာ ဟောပြော ရ၏။ တရားနာပရိသတ် စိတ်ဝင်စားလာစေရန် ဆွဲဆောင်၍ ဟောပြောရလေသည်။
ပအိုဝ်းစာဟောဆရာသည် လွမ်းခန်း၊ဆွေးခန်း၊သောခန်းများတွင်လည်း သရုပ်ပါပါ၊ဟန်ပါပါနှင့် ဟောပြောသဖြင့် လူကြီးလူငယ်လူ လတ်မရွေး နှစ်ချိုက်သဘောကျကြသည်။ လွမ်းခန်းတွင် မျက်ရည်ကျစေပြီး၊ သောခန်းတွင် တ၀ါးဝါးပွဲကျစေပါသည်။ ပျင်းရိငြီးငွေ့ဖွယ်အခန်း တွင်လည်း မငိုက်ရလေအောင် ရယ်အောင်ဖန်တီးနိုင်စွမ်းသော သူများပင်ဖြစ်သည်။ ပညာရည်ဝသော စာဟောဆရာများသည် လေးလုံးတစ် ပါဒကဗျာလင်္ကာများကို လက်တန်းစပ်ဆိုဟောပြောသွားလေသည်။
            ပအိုဝ်းစာဟောဆရာသည် ဒါနအကြောင်း၊အဆိုးအကောင်းကို ဟောပြောသောအခါ တရားနာပရိသတ်သည် သံဝေဂရလာ ၏။ ဗဟုသုတလည်းရ၏။ ဒါန၊သီလ၏အကျိုးတရားကိုလည်း သိလာ၏။ ထို့ကြောင့် အလှူရှင်ကိုစေတနာထက်သန်စေနိုင်သည်။လူမိုက်လူဆိုး လူပေ လူတေများကလည်း ယဉ်ကျေးသိမ်မွေ့လာနိုင်သည်။ ပအိုဝ်းတိုင်းရင်းသားတို့တွင် ပအိုဝ်းလူထုကို မျက်စိဖွင့်ပေးသော ပအိုဝ်းစာဟော ဆရာနည်းနေခြင်း။ စာမဖတ်တတ်ခြင်းတို့ကြောင့် အကြားအမြင့်ဗဟုသုတနည်းနေပေသေးသည်။
ပအိုဝ်းစာဟောဆရာသည် ပင့်ဖိတ်သည့် ပွဲတကာနှင့် တရားနာပရိတ်သတ်ရှိမှသာ တရားဟောနိုင်လေသည်။ ပအိုဝ်းစာဟောဆရာ များသည် ပအိုဝ်းတိုင်းရင်းသားတို့၏ အကြားအမြင်ဗဟုသတတိုးပွားလာအောင် စွမ်းဆောင်ပေးသူများပင်ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်း သားတို့၏ သာသနာထွန်းကားရေး၊တိုးတက်ရေး၊ ပညာရေးတို့အတွက် တတ်နိုင်သမျှစွမ်းဆောင်ရပေသေးသည်။ဤလုပ်ငန်းများသည် ပအိုဝ်း တိုင်းရင်းသားစာဟောဆရာတို့၏ လုပ်ငန်းများပင် ဖြစ်လေသည်။
ဖိတ်ကြားခြင်းခံရသော ပအိုဝ်းစာဟောဆရာသည်တစ်ဦးတစ်ယောက်တည်းလာလေ့မရှိပေ။ မိမိထံတွင်ပညာသင်ယူနေသူအခြား သူတစ်ဦးဦးကိုလည်းကောင်း၊ မိမိထက်ပညာနုသောလက်အောက်စာဟောဆရာတစ်ဦးဦးကိုလည်းကောင်းအတူခေါ်သွားလေ့ရှိသည်။ ဟော ပြောသောအခါတွင်လည်းမိမိနှင့်အတူပါလာသောမိမိထံတွင်ပညာသင်ယူနေသူ (၀ါ) မိမိလက်အောက်စာဟောဆရာကအတွေ့အကြုံယူသည့် အနေဖြင့်အရင်ဆုံးစ၍ဟောရလေသည်။ ထိုသူကို ပအိုဝ်းတိုင်းရင်းသားတို့က“ မော်ပေ ” (စာဟောဆရာငယ်) ဟုခေါ်၏။
စာဟောပြောပြီးသောအခါ ပွဲတကာထံမှဥာဏ်ပူဇော်ခဆုငွေကိုရရှိလေသည်။ မြန်မာဇာတ်၊ အငြိမ့်အဖွဲ့များကဲ့သို့ပင်ပရိသတ်ထဲမှ အချို့နှစ်သက်သဘောကျသူများကဆုငွေအဖြစ်ပေးကြ၏။ စာဟောပြောရင်းခေတ္တခဏရပ်နားချိန်တွင်တရားနာပရိသတ်ထဲမှတစ်ဦးဦးက ကွမ်းအစ်ဖုံးဖြင့် တရားနာပရိတ်သတ်အားလုံးအလှူငွေကောက်ခံခဲ့လေသည်။ တရားနာပရိသတ်ကလည်းစေတနာတတ်အားသမျှထည့်ဝင် လှူဒါန်းကြသည်။ ထိုငွေကိုဥာဏ်ပူဇော်ခဆုငွေတွင်ထည့်ပေး၏။ မြန်မာဇာတ်အငြိမ့်အဖွဲ့များ၌ဆုငွေကိုဆုပေးခံရသည့်မင်းသားမင်းသမီးက ရရှိသော်လည်း ပအိုဝ်းစာဟောဆရာတွင်ထိုသို့မဟုတ်ချေ။ ရသောဆုငွေကိုအလှူပွဲတွင့်ထည့်ပြီး၊ အကယ်၍နှစ်ယောက်ဟောပြောပါက နှစ်ယောက်စလုံးအညီအမျှခွဲယူကြသည်။ သို့သော်ခေါင်းဆောင်ဆရာ စာဟောဆရာကပို၍ရတတ်သည်။
တစ်ခါတစ်ရံတစ်နေ့လုံးတစ်ညလုံးမတ်တပ်ရပ်အညောင်းခံ၍ ဟောပြောရ၏။ ဤသို့ပင်ပန်းသော်လည်းတရားတော်ဆုငွေပေးသူ များထဲမှမသိနားမလည်သူအချို့က “ ဒါလောက်တရားလေးဟောရတာများအများကြီးရတယ် ” ဟူ၍ညည်းတွားသွားကြသေး၏။ တရားပွဲပြီး သောအခါတွင်ပရိသတ်၏တောင်းဆိုချက်အရအလှူဒါနကိုချီးမြှောက်သောလင်္ကာကိုလက်တန်းရွတ်ဆိုပြရသေး၏။ အချို့လူငယ်လူရွယ်များ ကတရားတော်နှင့်ပတ်သက်သောလင်္ကာကိုမကြားချင်သဖြင့် အပျိုလူပျိုချစ်ရေးဆိုဟန်လင်္ကာများကိုရွတ်ဆိုခိုင်းတတ်ကြ၏။ စာဟောဆရာ သည်မငြီးငြူဘဲ သက်ဆိုင်ရာပရိသတ်အကြိုက်ကိုလိုက်၍ရွတ်ဆိုရလေသည်။
သာသနာပြုပုဂ္ဂိုလ်များ
အချို့အမျိုးသမီးများသည်“ဆရာနှင့်ယူလျှင် ခွဲအိပ်ရသည်။ စာဟောဆရာနှင့်ယူလျှင် အေးအေးဆေးဆေးအိပ်ရသည်။ လူပျင်းကိုယူ လျှင် နွေးနွေးထွေးထွေးအိပ်ရသည်”ဟူ၍ စာဟောဆရာ၏ ဂုဏ်သိက္ခာကို နှိမ့်ချ၍ ပြောတတ်ကြ၏။ အချို့သိတတ်နားလည်သူ အမျိုးသမီးများ ကမှု“လက်ဆတ်သော သပြေပန်းနုနုကိုတွေ့ပါက လင်ယောက်ျားဆရာကိုသတိရသည်”ဆို၏“နေဇာမြက်ကိုတွေ့ပါက လင်ယောကျာ်းတရား ဟောဆရာကို သတိရ၏။ သံချေစတက်နေသော သံကိုတွေ့ပါက ပန်းဘဲလုပ်သော လင်ယောက်ျားကိုသိရ၏”ဟူ၍ စာဟောဆရာကို ချီးမွမ်း သည့်အမျိုးသမီးများလည်း ရှိလေသည်။ စာဟောဆရာကို ချီးမွမ်းသည့် အမျိုးသမီးများကား လင်ယောက်ျားစာဟောဆရာ၏ ပါရမီကို ဖြည်း ဆည်းပေးသူ အမျိုးသမီးကောင်းများပင်တည်း။
ယခုအခါ လောကီစာပေကိုသာ အသင်များလာသဖြင့် လောကုတ္တုရာစာပေကို သင်ယူသူမရှိသလောက်ပင် ဖြစ်သည်။ထို့ကြောင့် နောင်တွင် စာဟောဆရာများပပျောက်သွားဖွယ်ရှိပေသည်။ပအိုဝ်းတိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုသည် ပအိုဝ်းစာဟောဆရာများ၏ လက်တွင်ရှိသည်ဟုဆိုက ဆိုနိုင်ပေသည်။ ပအိုဝ်းစာဟောဆရာများ မတိမ်ကော့မပပျောက် စေရေးအတွက်“ပအိုဝ်းစာဟောဆရာအသင်း”ကို ဖွဲ့စည်းတည်ထောင်ထားသင့်ပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏စာပေတွင်တွေ့ရသော ကဗျာလင်္ကာအရေးအသားများသည် ပညာတတ်ရဟန်းသံဃာတော်များ၊ ပအိုဝ်းစာဟောဆရာများက ရေးဖွဲ့သည်ကများ၏။ ထို့ကြောင့် ပအိုဝ်းစာဟောဆရာများသည် မြတ်စွာဘုရား၏တပည့်ရဟန်းသံဃာတော်တို့၏ ကိုယ်ပွားများဟုဆိုနိုင်ပေသည်။ တစ်နည်းအားဖြင့်ပအိုဝ်းစာဟောဆရာများသည်မြတ်စွာဘုရား၏ပေးအပ်ထားသည့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပေးနေကြသောသာသနာ့ဝန်ဆောင်များပင်ဖြစ်ကြသည်။ မြတ်စွာဘုရား၏သာသနာတော်ပြန့်ပွားစည်ပင်ရေးအတွက်သာသနာပြု ပုဂ္ဂိုလ်များဟုဆိုကလည်းဆိုကောင်းရာပါသည်။
မော်တရား
            ပအိုဝ်းတိုင်းရင်းသားတို့တွင် အောက်လမ်းဟုခေါ်မည့်ကုနည်းဖြင့်ဆေးကုသူများကို “ မော်တရား ” ဟုခေါ်သည်။ မော်တရားခေါ် ဆရာသည်ပအိုဝ်းဘာသာလည်းမဟုတ်သောဂါထာကိုရွတ်ဆိုပြီးလူနာကိုကုသလေသည်။ထိုသို့ကုသရာတွင်အရက်လည်းပါ၏။
            ပယောဂမကင်းသူဟုယူဆသောညောင်းညာကိုက်ခဲခြင်း၊ အဆိပ့်ရှိသည့်မြွေ၊ ကင်းသတ္တ၀ါများကိုက်ခြင်းစသည့်ရောဂါများကိုကုသ ပေးလေသည်။ ထိုဆရာသည်လူနာကုသရန်အတွက် ၀က်စွယ်၊ တစ်လန်လောက်ရှိသောတုတ်စသည်များပါလေသည်။
            ယခုအခါဤကုသနည်းမျိုးမှာ ပပျောက်သလောက်ရှိသွားပြီဖြစ်သည်။ အင်းလေးကန်ရှိ ပအိုဝ်းတိုင်းရင်းသားတို့နေထိုင်သောအင် လျားရွာတွင်တစ်ဦးစ နှစ်ဦးစသာကျန်တော့သည်။
ထိုးကွင်းထိုးခြင်း
            ရှမ်းပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးလိုလိုပင် ယောကျာ်းများ၏ကိုယ်ပေါ်တွင်ထိုးကွင်းမင်ကြောင်ကိုထိုးနှံ ထားလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း ထိုးကွင်းမင်ကြောင်ထိုးသည့်ဓလေ့ရှိခဲ့သည်။ ရင်ဘတ်၊ ကျော၊ လက်မောင်း၊ ပေါင်၊ ခြေသလုံး စသည့်နေရာများတွင်အနီရောင်ဆေးမင်ကြောင်နှင့် အနက်ရောင်ဆေးမင်ကြောင်ကိုထိုးလေ့ရှိကြသည်။ ရှေးကအမျိုးသားများ သည်ကသောအခါ ဘောင်းဘီကိုပေါင်ရင်းလောက်ပင့်၍ဆေးမင်ကြောင်ကိုပြကာကကြလေသည်။
            ရှေးအခါကအမျိုးသားများသည် ပေါင်တွင်ထိုးကွင်းထိုးထားခြင်းမရှိပါက မိန်းမဟုခေါ်ဝေါ်သမုတ်ခြင်းခံရသည်။ ထို့ကြောင့်ထိုးကွင်း ထိုးခြင်း၏ရည်ရွယ်ချက်မှာယောက်ျားပီသစေရန်ပင်ဖြစ်သည်။ ထို့အပြင်အချို့ထိုးကွင်းများသည်တုတ်ပီး၊ ဓါးပီး၊ ပီယဆေးစသည့်စွမ်းကြောင်း ဖြင့်အယူအဆအချို့ရှိလေသည်။ ယခုခေတ်လူငယ်များတွင်မူပေါင်တွင်ထိုးနှံခြင်းမရှိတော့ဘဲ အလှအပသဘောအဖြစ်လက်မောင်းတွင် အနည်းငယ်သာထိုးကြတော့သည်။
တူရိယာနှင့်သီချင်း
            ပအိုဝ်းတိုင်းရင်းသားတို့တွင် ရိုးရာတူရိယာဂီတများရှိ၏။ ပအိုဝ်းရိုးရာတူရိယာဂီတများအနက် “ မောင်းမွူး ” ခေါ် မောင်းကြီး၊ “ မောင်းလောင်း ” ခေါ် မောင်းဆိုင်း၊ “ ထုံရောပဲ ” (ရှမ်းအိုးစည်)၊ တုံထိန်းအိုးစည်တို့မှာထင်ရှားလှသည်။ “မောင်မွူး” ခေါ်မောင်ကြီးအကကို သိုင်းကွက်များနင်း၍ လူကြီးပိုင်းသာကကြသည်ကများ၏။ “ မောင်လောင်း” ကို၊ မောင်းဆိုင်းကိုလူငယ်များစုပေါင်းကခုန်လေ့ရှိကြသည်။ ရှမ်းအိုးစည်ကိုလည်းလူကြီးရော လူငယ်ပါသိုင်းကွက်ဖြင့်ကကြ၏။ ဤအကများကိုသိုင်းကွက်နှင့် ဟန်ပန်အမူအရာပြ၍လည်းကောင်း၊ ဓားရေး လှံရေးပြသည့်အသွင်ဖြင့်ဓားများကိုင်ဆောင်လှုပ်ရှား၍လည်းကောင်းကကြလေသည်။
            “မောင်မွူး” ခေါ်မောင်းကြီးနှင့် “ မောင်လောင်း ” ခေါ် မောင်းဆိုင်းကိုမိရိုဖလားပွဲလမ်းသဘင်များဖြစ်သည်။ ၀ါကျွတ်ပွဲ၊ ရှင်ပြုပွဲများ တွင် တီးမှုတ်ကြကခုန်ကြသည်။ ထုံးထိန်းအကမှာ ပျောက်ကွယ်လုပြီဖြစ်၏။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မ တီကပြန်လည်ဖော်ထုတ်လျက်ရှိသည်။ ရှမ်းအိုးစည်ကို “ပွယ်လုဖိုင်” ခေါ် ဒုံးလွှတ်ပွဲ၊ ဥပုသ်ဆွမ်းကျွေးပွဲ၊ ရှင်ပြုပွဲစသည့်ပွဲလမ်းသဘင်များတွင် တီးမှုတ်ကခုန်ကြသည်။ ရှမ်းအိုးစည်တွင် အမျိုးသမီးများပါဝင်ရောက်ကခုန်ကြသည်ကိုတွေ့ရသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဤတူရိ ယာများကိုတီးမှုတ်ကခုန်ကြသောအခါ လင်္ကာကိုရွတ်ဆိုကြသည်။ လင်္ကာကိုတစ်ဦးဦးကတိုင်ပေးပြီး အများကလိုက်၍၀ိုင်းဆိုကြရသည်။ အချို့လည်းတစ်ဦးစီသီဆိုမှုပြုကြသည်။
            “တယော် (တယော) နှင့်တင်ဘင်ဂျို(ဘင်ဂျို)” တို့မှာ မြန်မာတယော၊ ဘင်ဂျိုနှင့်ဆင်ပြီး တီးမှုတ်ပုံသာကွာလေသည်။ ပအိုဝ်းတို့၏ တယော်မှာသစ်သားဖြင့်ပြုလုပ်၍ ကြိုးလေးကြိုးမှ ငါးကြိုး၊ ခြောက်ကြိုးအထိရှိသည်။ “တင်” ခေါ် မယ်ဒလင်နှင့်လက်ဆွဲဘာဂျာလည်းရှိသေး ၏။ “တင်” ခေါ် မယ်ဒလင်မှာလည်းသစ်သားကိုထွင်း၍ပြုလုပ်ကြသည်။ ကြိုးသုံးချောင်းတပ်ထား၏။ “တကွာဝါ” နှင့် “တကွာပစီ” မှာ ပါးစပ် ဖြင့်မှုတ်လေ့ရှိကြသည်။ “ တကွာဝါ ” မှာဝါးဖြင့်ပြုလုပ်ထား၍ “တကွာပစ်” မှာ သံခွေကောက်နှင့်ကြေးပြားတပ်ထား၏။ အမျိုးသမီးများယာ လုပ်ငန်း၊ ခြံလုပ်ငန်းဆင်းချိန်တွင်လည်းကောင်း၊ ကာလသားများ လူပျိုလှည့်ချိန်တွင်လည်းကောင်း မှုတ်လေ့ရှိပြီး၊ “၀ီ-၀ီ” ဟုမြည်၏။ မှုတ်သူ၏လေအလျော့အတင်း၊ နှုတ်ခမ်းအဖွင့်အပိတ်ကိုလိုက်၍အသံတိုရှည်ထွက်လေသည်။
            “ပီပလွီ”၊ “တောင်လစ်”၊ “ပီပထုံ” တို့မှာ ၀ါးဖြင့်ပြုလုပ်ထားသော တူရိယာများဖြစ်၏။ “ပီပလွီ” မှာ မြန်မာပလွေနှင့်ဆင်၏။ သို့သော် အသံကွာခြားသည်။ နွားကျောင်းချိန်၊ ခြံယာဆင်းချိန်၊ အားလပ်ချိန်တို့တွင် အမျိုးသားများမှုတ်လေ့ရှိသည်။ “တောင်းလစ်” မှာ တဆစ်ဝါးခေါ် ၀ါးရှည်ဖြင့်ပြုလုပ်၍ ထိပ်အစွန်းပိုင်း၌ဘူးသီးခြောက်တပ်ထား၏။ “ပီပလွီ” ထက်အသံပိုစုံသဖြင့်နားထောင်၍ပိုကောင်း၏။ လူပျိုများနှစ်သက် ကြသည်။ ညဘက်လူပျိုလှည့်သောအခါ ညသန်းခေါင်းတိတ်ဆိတ်ချိန်တွင် မှုတ်လေ့ရှိသည်။ “တောင်လစ်” မှာလည်းတဆစ်ဝါး ခေါ် ၀ါးရှည် ဖြင့်ပြုလုပ်ပြီးလူပျိုကာလသားများ နွားကျောင်းချိန်တွင် မှုတ်လေ့ရှိသည်။ ကလေးများလည်း မှုတ်လေ့ရှိကြသည်။ အထက်ပါရိုးရာတူရိယာများ မှာ တဖြည်းဖြည်းပျောက်ကွယ်သွားလေပြီ။
            ပအိုဝ်းတိုင်းရင်းသားတို့တွင်တူရိယာနှင့်တွဲဖက်ပြီးသီဆိုသော သီချင်းဟူ၍မရှိသလောက်ပင်ဖြစ်သည်။ သီဆိုသောသီချင်းမှာ သီချင်း ဟုခေါ်ရငြားသော်လည်း “ငေါင်းတွယ်” ခေါ်လင်္ကာများပင်ဖြစ်သည်။ မယ်ဒလင်၊ ဘာဂျာတူရိယာများကို လူပျိုလှည့်သောအခါမှသာတီးမှုတ်  လေ့ရှိသည်။ ယခုခေတ်အခါတွင်ကားမယ်ဒလင်တူရိယာဖြင့်လူပျိုလှည့်ခြင်းကိုမတွေ့ရသလောက်ပင်ဖြစ်သည်။ ဘာဂျာဖြင့် လူပျိုလှည့်ခြင်းကို အချို့ကျေးလက်တောရွာများအနည်းငယ်သာရှိနေပေသေးသည်။
 အက
            ပအိုဝ်းတိုင်းရင်းသားတို့၏ အကတွင် သိုင်းအကနှင့် ရိုးရိုးအကဟူ၍ခွဲခြားနိုင်သည်။ “မောင်းဆိုင်း” တီးသည့် အခါတွင် အမျိုးသား များက သိုင်းကွက်နင်း၍ကလေ့ရှိကြသည်။ “ထုံထိန်း” အိုးစည်နှင့် “ထုံရောပဲ” ခေါ် ရှမ်းအိုးစည်ကိုတီးသည့်အခါတွင် အမျိုးသားရော အမျိုးသမီးပါ ဒူးတစ်ညွတ်ပြီးလက်ကလေးမြောက်ကာမြောက်ကာနှင့် ကလေ့ရှိကြ၏။ ဤအကမှာ ရိုးရိုးနှင့်တစ်မျိုးယဉ်သည့်အပြင်အခြားက ချင်သည့် မည်သူမဆိုဝင်ရောက်၍ ကနိုင်လေသည်။ အချို့အမျိုးသားများမှာ တစ်ယောက်နှင့်တစ်ယောက်သိုင်းကွက်များဖြင့်ကလေ့ရှိကြ၏။ ယခုပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများက ကြီးမှူး၍ခေတ်ငယ်များသည် မိမိတို့ဓလေ့ရိုးရာကိုအခြေခံပြီးခေတ်နှင့်ညီ အောင် ခေတ်သစ်အကများကိုတီထွင်၍ကကြလေသည်။
ရှမ်းအိုးစည်
            ရှမ်းရိုးမသည်လွမ်းမောဖွယ်ရှိလှ၏။ ရှမ်းပြည်သို့ရောက်ဖူးသည့် မြေပြန့်မှစာရေးဆရာတို့သည် ရှမ်းရိုးမအလှကိုစာသကြကုန်၏။ ရှမ်းရိုးမကလည်းတကယ်လှသည်။ ထို့ထက်ပိုလှသည်ကား ရှမ်းရိုးမတွင်နေထိုင်ကြသည့်ရှမ်းကလေး၊ ပအိုဝ်းမလေး၊ ဓနုမလေးတို့၏ အလှမဟုတ်။ ရှမ်းရိုးမတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုတို့၏ “လုပ်အားအလှ” ပင်ဖြစ်၏။ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနုစသည့်တိုင်း ရင်းသားလူမျိုးစုတို့သည် မိမိတို့၏လုပ်အားအသီးအပွင့်များကိုမိမိတို့ရာသီပွဲတော်များတွင် ဒါနအသီးအပွင့်များအဖြစ်သီးပွင့်စေကြသည်။ ထို့ကြောင့်ပင် “တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ (ပအိုဝ်း)တူနိုင်ရိုးလား” ဟုစာဆိုခဲ့ကြခြင်းဖြစ်၏။ ဆွတ်ပျံကြည်နူးဖွယ်ကောင်းသော ရှမ်းရိုးမတောင်တန်းတွင် ကျင်းပလေ့ရှိသောရာသီပွဲတော်များဆီမှ ပျံလွင့်လာတတ်သော အသံသည် “ထုံဗေ-ထုံဗေ” ဟု မြည်သည့်အိုးစည် သံပင်ဖြစ်၏။ “ထုံဗေ-ထုံဗေ” ဟုအိုးစည်သံကြားလျှင် ပျော်ပွဲရွှင်ပွဲသော်လည်းကောင်း၊ အလှူဒါနပြုပွဲသော်လည်းကောင်းတစ်ခုခုဖြစ်ပေသည်။ အိုးစည်သံသည် ရှမ်းပြည်သူပြည်သားတို့၏ ပျော်ရွှင်စိတ်ကိုလည်းကောင်း၊ ဒါနပြုလိုစိတ်ကိုလည်းကောင်းလှုပ်နှိုးနေသကဲ့သို့ရှိတော့၏။ ရှမ်း ပြည်သူပြည်သားတို့သည် အိုးစည်သံကြားလျှင်ပျော်ချင်၊ ကချင်၊ လှူချင်၊ ဒါန်းချင်ကြသည်။ ထုံဗေညံသည့်အိုးစည်သံသည် ရှမ်းပြည်သူပြည် သားတို့၏ ရိုးရာဓလေ့အစဉ်အလာကိုလှစ်ဟဖော်ထုတ်ပြသနေပေသည်။
            ရှမ်းအိုးစည်ကို ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့်ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသားလူမျိုးများခုံခုံမင်မင်တီးကြသည်ကိုတွေ့ရ သည်။ အထူးသဖြင့်ပအိုဝ်းတိုင်းရင်းသားများပို၍ ခုံမင်နှစ်သက်စွာတီးကြသည်ကိုတွေ့ရ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် “ပွယ်ပန်” ခေါ် ရှင်ပြုပွဲ၊ “ဒုံး” ခေါ် မီးကျည်လွှတ်ပွဲ၊ “ပန်စွမ်” ခေါ်ဆွမ်းသွတ်ပွဲ၊ “စာဂ” ခေါ် ဥပုသ်ဆွမ်းကျွေးပွဲစသည့်တို့တွင် ရှမ်းအိုးစည်တီး၍ပျော်ကြသည် ကို “ထုံဗေ-ထုံဗေ” မြည်သည့်ရှမ်းအိုးစည်သံသည်ပအိုဝ်းတိုင်းရင်းသားတို့ဒါနပြုရာတွင် ပအိုဝ်းတို့၏စေတနာကိုနိုးကြွအောင်နှိုးဆွပေးနေသ ကဲ့သို့ရှိတော့၏။ ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှမ်းအိုးစည်တီးသည့်ဓလေ့သည်ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ဒေသမှဆင်းသက်ခဲ့သည်ဟု သက်ကြီးရွယ်အိုများက ပြောဆိုကြသည်။
အိုးစည်ပုံပြင်
            ရှေးကတောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် ပါဝင်သည့်ဆန်းယဉ်နယ်တွင် ဘယကုမ္မာမင်းသားစိုးစံလျက်ရှိ၏။ ထိုအချိန်၌ တောင်ကြီး မြို့မြောက်ဘက် ၆ မိုင်အကွာအုံအားဒေသတွင် ပျားကြီးများမင်းမူလျက်ရှိသည်ဆို၏။ ထိုပျားကြီးတို့သည် ဆန်းယဉ်နယ်သို့တစ်လတစ်ခါပျံ သွား၍ လူတို့ကိုကိုက်ချီစားလေ့ရှိ၏။ ပထမလတွင် ယောက်ျားကိုစားပါက ဒုတိယလတွင် မိန်းမကိုစား၏။ ဘယကုမ္မာမင်းသားသည် ပြည်သူ တို့အားအိုးစည်တစ်လုံးကိုလုပ်ခိုင်း၏။ အိုးစည်တစ်နေရာတွင် မြားတစ်စင်းဝင်သာထွက်သာသည့်အပေါက်ကိုဖောက်ထား၏။ ထို့နောက်အိုး စည်အတွင်းသို့လေထက်မြန်သည့်သူတစ်ယောက်၊ ရေထက်အေးသည့်သူတစ်ယောက်၊ မီးထက်ပူသည့်သူတစ်ယောက်၊ ဆားထက်ငန်သည့် သူတစ်ယောက် စုစုပေါင်းလူလေးယောက်ကို ခိုအောင်းစေ၏။
            ဘယကုမ္မာမင်းသားသည်အမဲသတ်သမားတို့ထံမှ အမဲသွေးကိုယူစေ၍ ယင်းအမဲသွေးဖြင့်အိုးစည်ကိုသုတ်လိမ်းစေ၏။ တစ်နေ့ သောအခါတွင် ပျားကြီးတို့သည် လူကိုကိုက်ချီရန်ပျံဝဲလာကြ၏။ ထိုအခါသွေးဖြင့်နီရဲနေသော အိုးစည်ကိုမြင်လေရာလူဟုထင်မှတ်၍ ကိုက်ချီ သွားလေ၏။ အုံအားဒေသသို့ရောက်သောအခါပျားကြီးတို့သည် အိုးစည်ကိုလှည့်ပတ်၍အမဲသွေးကိုစားကြ၏။ ဤသို့အမဲသွေးကိုလှည့်ပတ် စားရင်းဖြင့် အပေါက်နားသို့ရောက်သောအခါအိုးစည်အတွင်း၌ ရှိနေသည့်လူတစ်ယောက်ကမြားဖြင့်ပျား၏ရင်ဝကိုပစ်လေရာ ပျားကြီးသေ သွား၏။ ထိုဒေသတွင် ပျားကြီးလိမ့်ကျသည့်နေရာယနေ့တိုင်ရှိနေသေးသည်ဟုဆို၏။
            ပျားကြီးသေသွားသောအခါ အိုးစည်အတွင်းမှလူလေးယောက်တို့သည် အိုးစည်ကိုဖောက်၍ထွက်လာကြ၏။ လေထက်မြန်သည့်သူ သည် အိုးကိုယူပြီးထိုအိုးကို ရေထက်အေးသည့်သူက ကိုင်သောအခါအိုးထဲတွင်ရေရှိလာ၏။ ထို့နောက်ဆားထက်ငန်သည့်သူက အိုးတွင်းသို့ လက်ဖြင့်နှိုက်သောအခါ ဆားဓာတ်ကိုရလေ၏။ မီးထက်ပူသည့်သူကအိုးတွင်းသို့လက်ဖြင့်နှိုက်ပြန်သောအခါ ရေပွက်လာ၏။ ထို့နောက်ပျား ၏အသားကိုထည့်၍ပြုတ်ကာပျား၏ အသားကိုစားကြသည်ဟူ၏။ ဤသို့ပျားကြိး၏ရန်ကိုနှိမ်နင်းရာမှ အိုးစည်ပေါ်ပေါက်ခဲ့သည်ဟုပအိုဝ်းတိုင်း ရင်းသားတို့ပြောစမှတ်ပြုကြသည်။
အိုးစည်အမျိုးမျိုး
            ရှမ်းပြည်နယ်တွင်အိုးစည်ကို ယမနေသစ်သားဖြင့်ပြုလုပ်ကြသည်။ ယမနေသစ်သားဖြင့်ပြုလုပ်ရခြင်းမှာ ယမနေသစ်သားသည့်ပျော့ သဖြင့် ထွင်းရလွယ်ကူသောကြောင့်ဖြစ်၏။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့တီးကြသောအိုးစည်များမှာ ရှမ်းအိုးစည်၊ ဓနုအိုးစည်၊ ထုံထိန်းအိုးစည်၊ အိုးစည်ကူး(အိုးစည်ကြီး) စသည်တို့ဖြစ်ကြသည်။ ရှမ်းအိုးစည်ကိုရှမ်းပြည်နယ်ရှိတိုင်းရင်းသားလူမျိုးတိုင်းလိုလို တီးလေ့ရှိကြ ၏။ ဓနုအိုးစည်မှာ တောင်ကြီးမြို့ရှိ ရပ်ကွက်တိုင်းလိုလို၌ရှိကြသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ပါဝင်မြဲဖြစ်သည်။ မီးပုံးပျံပြိုင် ပွဲများ၌ ဓနုအိုးစည်သံများဖြင့် တစ်မြို့လုံး ဖုံးလွှမ်းလျက်ရှိသည်။
            ရှမ်းအိုးစည်မှာ ရှမ်းနှင့်ပအိုဝ်းတိုင်းရင်းသားတို့ အတီးများ၏။ ရှမ်းအိုးစည်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ ထုံကွန်ယောင် ” ဟုခေါ် သည်။ “ ထုံကွန်ယောင် ” မှာ ရှမ်းဘာသာစကားဖြစ်ပြီး၊ “ ဗုံဖင်ရှည် ” ဟု အဓိပ္ပာယ်ရပြီ ဆီလျော်အောင်မူ “ကိုယ်ထည်ရှည်သောဗုံ” ဟုပြန်ဆို ရပေမည်။ ပအိုဝ်းတိုင်းရုးသားတို့သည် ရှမ်းအိုးစည်သာမက ထုံပတ်၊ ထုံထိန်းကိုလည်းတီးကြသည်။ ထုံပတ်မှာ နှစ်ဘက်ပိတ်အိုးစည်ဖြစ်၍ ရှေးအခါက မောင်းဆိုင်းနှင့်တွဲ၍တီးလေ့ရှိ၏။ ထုံပတ်အိုးစည်သည် အလျား ၅ ပေနှင့် လုံးပတ် ၁၅ ပေခန့်ရှိ၏။ တစ်ဘက်မှာနည်းနည်းကြီးပြီး တစ်ဘက်မှာ နည်းနည်းငယ်၏။
            ထုံပတ်ကိုမောင်းဆိုင်းနှင့်တွဲ၍ တီးရာတွင် ထုံပတ်တီးသူ၏အချက်ပေးအိုးစည်သံကိုလိုက်၍ မောင်းများကိုတီးကြရသည်။ ထုံထိန်းအ တီးမှာ တက်တက်ကြွကြွရှိလှ၏။ ထုံထိန်းအိုးစည်တီးဟန်သည် ဓနုအိုးစည်တီးဟန်နှင့် ဆင်လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာအိုး စည်များအနက် ထုံပတ်မှာပျောက်ကွယ်သွားပေပြီ။ ထုံထိန်းအိုးစည်မှာလည်းပျောက်လုနီးအဆင့်သို့ရောက်နေပေပြီ။
            ဓနုအိုးစည်မှာ ဓနုတိုင်းရင်းသားတို့တီးသော ရိုးရာအိုးစည်ဖြစ်၏။ ဓနုအိုးစည်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ ထုံထိန်းအိုးစည်နှင့် ဆင်လေသည်။ “အိုးစည်ကူး” (အိုးစည်ကြီး) သည်အမည်နှင့်လိုက်အောင်ပင်ကြီး၏။ ယင်းအိုးစည်၏မျက်နှာပြင်သည် နှစ်ပေခန့်ကျယ်၏။ မျက်နှာပြင်ပိုင်းရော ကိုယ်ပိုင်းပါကြီး၏။ အင်းသားတို့ တီးလေ့ရှိသောအိုးစည်ဖြစ်၏။ ဤအိုးစည်တီးသည်ဓလေ့လည်းပျောက်ကွယ်လုပေပြီ။
အိုးစည်နှင့်ပွဲတော်
            ရှမ်းပြည်နယ်တွင်ကျင်းပကြသည့်ရာသီပွဲတော်များတွင် ဝေဟင်ယံ၌အိုးစည်သံများ ဗေထုံ ဗေထုံကိုကြားရမြဲဖြစ်၏။ ရှင်ပြုပွဲ၊ ဒုံးလွှတ် ပွဲ၊ စာရေးတံပွဲ၊ သီတင်းကျွတ်ပွဲတော်၊ ကထိန်ခင်းပွဲစသည့်ပွဲတော်များတွင် အိုးစည်သံများ၊ မောင်းသံများကိုကြားရမြဲဖြစ်လေသည်။ ရှမ်းတိုင်း ရင်းသားတို့က ရှမ်းအိုးစည်နှင့်တွဲဖက်၍ ကိန္နရီအက၊ တိုးနယားအက၊ ဓားသိုင်းအကများဖြင့်ပျော်ရွှင်စွာကလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်း သားတို့ကမူ ဓားသိုင်းအကဖြင့်လည်းကောင်း၊ အမျိုးသားရော၊ အမျိုးသမီးပါကဗျာရွတ်ဆို၍ ကဗျာအဆုံးတွင် “နယ်ထွေး-နယ်ထွေး” ဖြင့် အဆုံးသတ်ကာ ဘယ်လက်မြှောက် ဘယ်ခြေအသာချ၍လည်းကောင်း၊ ညာလက်မြှောက်ကာ၊ ညာခြေအသာချ၍လည်းကောင်းကလေ့ရှိကြ သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏အကသည် အမျိုးသားဟန်ပါပြီး ရင်းနှီးခြင်း၊ စည်းလုံးညီညွတ်ခြင်း သရုပ်ကိုဆောင်၏။ ရှမ်းအိုးစည်တီးခြင်း ကိုရှမ်းပြည်နယ်တွင်နေထိုင်ကြသည့် ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ အင်းသားတို့လောက်သာ တီးမှုတ်ခုံမင်ခြင်းများ၏။ ရှမ်းအိုးစည်ကိုတီးရာတွင် ရှမ်း၊ ပလောင်၊ အင်းသား၊ ဓနုတို့ တီးဟန်မှာသွက်ပြီး၊ ပအိုဝ်းတိုင်းရင်းသားတို့ တီးဟန်မှာနှေးသည်ကိုတွေ့ရ၏။ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသားလူမျိုးတို့သည် ရှမ်းအိုးစည်နှင့်တွဲဖက်၍ မိမိတို့ရိုးရာအများနှင့် ရိုးရာဓားသိုင်းအကများကို သရုပ်ဖော်ကလေ့ရှိကြသည်။ ယခုအခါ တိုင်းရင်းလူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ရိုးရာအကများအပြင်ခေတ်သစ်အကများကိုလည်း ရှမ်းအိုးစည်နှင့်တွဲ ဖက်၍ တီထွင်ကလာကြသည်ကိုတွေ့ရ၏။
အိုးစည်၏အင်္ဂါ
            ရှမ်းအိုးစည်၏မျက်နှာပြင်သည် တစ်ပေခန့်ရှိပြီး၊ အရှည်မှာလူတစ်ရပ်သာသာရှိ၏။ ရှမ်းအိုးစည်တီးဝိုင်းတွင် အိုးစည်တစ်လုံး၊ လင်းကွင်းတစ်စုံနှင့် မောင်းခုနှစ်လုံးမှ ကိုးလုံး၊အထိပါလေ့ရှိ၏။ ဤပစ္စည်းများပါမှ ရှမ်းအိုးစည်ဝိုင်း၏ အင်္ဂါပြည့်စုံသည်။ အိုးစည်အကြီး၊ အငယ်ပေါ်တွင်မူတည်၍ မောင်းကိုထည့်ကြ၏။ အိုးစည်ကြီးပါက အိုးစည်သံနှင့်လိုက်ဖက်အောင် မောင်းကိုးလုံးအထိပါ၏။ ပအိုဝ်းတိုင်းရင်း သားတို့တီးသောအိုးစည်သည် အခြားတိုင်းရင်းသားတို့တီးသောအိုးစည်ထက်ပို၍ကြီး၏။ ပအိုဝ်းတိုင်းရင်းသားတို့ အိုးစည်တီးရာတွင် အခြား တိုင်းရင်းသားတို့ကဲ့သို့ မမြန်ဘဲ နှေးနှေးတီးသည်ကိုတွေ့ရ၏။ ထို့ပြင်ပအိုဝ်းတိုင်းရင်းသားတို့သည် လင်းကွင်းငယ်ကိုလည်းမောင်းသံနှင့် အညီထည့်၍ တီးသည်ကိုတွေ့ရသည်။
            ရှမ်းအိုးစည်သည် ရှမ်းပြည်နယ်တိုင်းရင်းသားလူမျိုးတို့၏ အဓိကအတီးအမှုတ်အဖြစ်ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်။ နောင်တွင် လည်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအကများနှင့်တွဲဖက်လျက် “ထုံဗေ-ထုံဗေ” ဖြင့်တီးနေကြဦးမည်သာဖြစ်ပေသည်။
ကဗျာလင်္ကာရွတ်ဆိုခြင်း
            ကဗျာလင်္ကာရွတ်ဆိုသော အလေ့အထသည် တိုင်းရင်းသားတိုင်းတွင်ရှိသော ရှေးကျသည့်အလေ့အထတစ်ခုဟုဆိုနိုင်၏။ မောတောင်တန်းပျော် တိုင်းရင်းသားတို့ဖြစ်ကြသော ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသားအစရှိသည့် တိုင်းရင်းသားများတွင်လည်းကဗျာ၊ လင်္ကာရွတ်ဆိုပွဲများကျင်းပလေ့ရှိကြသည်။ ရွတ်ဆိုကြသောအခါတွင် အမျိုးသားများကတစ်ဘက်၊ အမျိုးသမီးများကတစ်ဘက်ဖြင့် အနိုင်လု သည့်သဘောနှင့်ရွတ်ဆိုကြသည်။ ကဗျာလင်္ကာများကိုမရွတ်ဆိုမီ ဥာဏ်သွက်၊ စကားသွက်စေရန် သူရဿတီနတ်သမီးကို တိုင်တည်တတ် ကြသည်။
            ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်းရှင်ပြုပွဲများ၊ ဆွမ်းလောင်းပွဲများတွင် လူပျိုအပျိုများသည် တစ်ဘက်နှင့်တစ်ဘက်အပြိုင်အဆိုင် စကားပြောသည့်သဘောဖြင့် ကဗျာလင်္ကာများကိုရွတ်ဆိုကြသည်။ တစ်ယောက်ကတိုင်ပေးလျှင်အများက “နယ်-ဟွေး-ဟွေ” ဟူ၍ တညီတ ညာတည်းလိုက်၍ဆိုကြသည်။ လူပျိုလှည့်သောအခါတွင်လည်း တစ်ဦးနှင့်တစ်ဦးစကားရည်သာအောင် မေတ္တာရှိပုံအစုံအလင်ကိုချစ်သာဓက ပုံတင်၍ ကဗျာလင်္ကာသွားဖြင့်ရွတ်ဆိုကြသည်။ ပြောဆိုကြသည်။
ကလေးချော့ကဗျာများ
            ပအိုဝ်းတိုင်းရင်းသားတို့တွင် ကလေးချော့ကဗျာများရှိ၏။ ကလေးချော့ကဗျာများကို မိဘနှင့်ညီအစ်ကိုမောင်ဘွားများက မိမိတို့ ညီလေး၊ နှမထွေးများကို ချော့သိပ့်သောအခါတွင် ရွတ်ဆိုတတ်ကြသည်။ အထူးသဖြင့်မိခင်ကကလေးကိုရင်ဝယ်ပိုက်၍ ကဗျာရွတ်ဆိုကာ ချော့သိပ့်ကြသည်။
            ပအိုဝ်းကလေးချော့ကဗျာများကို ကျေးလက်တောရွာဒေသများ၌သာတွေ့ရတော့၏။ အချို့ကျေးရွာများတွင် ပျောက်ကွယ်လုနီးပါးရှိ နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရပေသည်။ ပအိုဝ်းကလေးချော့ကဗျာများ နောင်တွင် ပျောက်ကွယ်သွားမည်ကိုစိုးရိမ်နေမိ၏။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသား ကလေးချော့ကဗျာများကိုအခြားတိုင်းရင်းသားများ မရွတ်ဖတ်သည့်တိုင် ပအိုဝ်းကလေးငယ်တိုင်းကိုရွတ်ဖတ်စေချင် သည်။ ရွတ်ဖတ်နိုင်လျှင်ကောင်းသည်။ မရွတ်ဖတ်နိုင်သည်ဘဲထားဦး မပျောက်ကွယ်၊ မတိမ်သွားစေရန်အတွက်ထိန်းသိမ်းကြရမည်သာဖြစ် ပေသည်။
            ပအိုဝ်းကလေးချော့ကဗျာများသည် ပအိုဝ်းသရုပ်ကိုဆောင်၏။ ပအိုဝ်းတို့၏ပတ်ဝန်းကျင်ကို ဖွင့်လှစ်ပြဘိသို့ရှိ၏။ ကဗျာ၏အသွင်မှာ လည်း ပအိုဝ်းတို့၏အသွင်ပင်ဖြစ်လေသည်။ ဤကလေးချော့ကဗျာများကို မည်သည့်စာဆိုကမျှရေးသားပြုစုခြင်းမဟုတ်။ ပအိုဝ်းတိုင်းရင်း သားမိခင်များကနှုတ်ဖြင့် လက်တန်းရွတ်ဆိုကာ ကလေးကိုချော့သိပ်ရာမှပေါ်ပေါက်လာခဲ့သည်။ ကလေးချော့ကဗျာဟုဆိုရသော်လည်း ပအိုဝ်းတိုင်းရင်းသားတို့၏လူနေမှုဘ၀တစ်စိတ်တစ်ဒေသကိုလည်းသိမြင်ခွင့်ရလေသည်။ ကလေးချော့ကဗျာများအနက် လက်လှမ်းမီသမျှကို မြီးစမ်းကြည့်ကြပါအံ။
            “ ဦဦနီမွိုင်းပိုဝ်၊ တေိ့လှဲခွန်ဖြူတဆံထီ၊ မိုဝ်တန်လောင်းကီမောင်ခံရာ၊ သီကျသြာစာမိုဝ်းဂိန်မင်း၊ ဗွာလေဗွာလင်းနွေဖိုဝ်းနုံ၊ ၀တိန်အဒုံ ဤလင်လွန်၊ ရဿာအွီဟွံဗိန်မင်းအံ၊ တေိ့လှဲခွန်ခံမိုဝ်းထွာမောင်၊ ထွေခံအလေ၀င်းတီပါကီ၊ ညာယန်ဖူဖီဖူးဝေးရပ်၊ အောဝ်ဒွါတောင်ထပ်ခံး တော်တွင်၊ ကံငိုဝ်းနှဲဝင်ပါမှဲထီ၊ ကံယီနှဲဝင်ပါမှဲဟိုန်၊ ဖူးဝေးစိုဝ်းတိုန်မအောဝ်ဗေါ့၊ ကငိုင်းကကော့စောင်းဝင်သေ၊ မိုဝ်းရွံနေနေထွာဦးယင်၊ ငါထောင်စိုင်းနှင့် ဤတူးနေး၊ ငါထောင်းဖူးဝေးဤယိုဝ်ကိုဝ်၊ တော်တွင်လုံချိုဝ်ငါထောဝ်းဒုံ၊ သိန်အိုမ်တနိုင်ငါထောင်းဝိန်၊ အောင်ရောင်အောင်ပြိန် ယူးဝါးဒွါ၊ ကုက္ကူကူကာဗိုင့်သိန်ပင်၊ တေိ့ဗင်းကဆင်ထွာမှဲခွန်၊ အိုန်ဗိင်းတဆင်ထွာမှဲမောင်၊ ကျောက်ဖျာလုံးလောင်းနာကငိုဝ်း၊ ယပ်သရွမိုဝ်းပင် ပန်ခွေတေိ့လှဲပိုင်ဗွေရွှေလာန်ကျော်၊ သီရိစောစွာလိုဝ်တော်တွင်၊ တီဆူပန်တင်တှဲသိန်လောင်း၊ ကောဝိတောင်တရဗေါင်သိန်နာ၊ တှဲသွံဗွါအောင် စွုံစီ၊ သိန်တန်လောင်းကီစိန်လောင်းရောင်၊ ၀ါးကိင်ဝါးတောင်ဖြိန်ဦဟိုန်၊ ယိုဝ့်ချားကမွန်၊ ကျောက်နောဝ်ထောင်၊ သိန်မိုဝ်းသိန်ပင်လိင်တူတျား တေိ့ဗိင်းတခါဗိန်ခန်းလှဲဦယင်ခွန်စှဲနီမိုင်းပိုဝ်၊ ဟွေနီမိုဝ်းပိုဝ်ဦဦ။ ”
            ဤကလေးချော့ကဗျာသည် ပအိုဝ်းစာဖြင့်ရေးထားသော “ အလောင်စောင်းသိင်ပွို ” ပေစာမှကောက်နုတ်ထားသောကဗျာဖြစ်၏။ ပအိုဝ်းစာဆိုတို့သည် ဘုရားဟောဇာတ်တော်များကို လင်္ကာသွားဖြင့်ရေးကြသည်။ ကလေးချော့ခန်းပါလျှင်မိခင်က ကလေးကိုချော့သည့် အခန်းကိုလွမ်းစဖွယ်ကောင်းအောင်စာဆိုက သူ့ဥာဏ်ဖြင့်ရေးကာထည့်သွင်းထား၏။ ပအိုဝ်းစာဟောဆရာများက ပအိုဝ်းစာရေးဆရာကြီးများ ၏ ပေစာဖတ်ပြီးကလေးချော့ကဗျာများကို အာဂုံဆောင်ထားကြသည်။ အချို့လည်းလက်တန်းစပ်ဆိုကြ၏။ ပအိုဝ်းစာဟောဆရာတို့ဆိုသော ကလေးချော့ကဗျာများကို အချို့ဥာဏ်သွက်သူအမျိုးသမီးများ ချက်ခြင်းအာဂုံဆောင်နိုင်လေသည်။
            ပအိုဝ်းအမျိုးသမီးများသည်ကလေးသိပ့်သောအခါ နှုတ်မှ “ ဦဦ ” ဟုရွတ်ဆိုကြသည်။ အထက်ပါကလေးချော့ကဗျာကိုကြည့်လျှင် ကဗျာ၏အစတွင် “ဦဦ”ဖြင့်စ၍ အဆုံးတွင်လည်း “ဦဦ” ဖြင့်ဆုံးသည်ကိုတွေ့ရမည်ဖြစ်သည်။ ပအိုဝ်းကလေးချော့ကဗျာများကို ဖတ်ရသော အခါ “ဧဧ” ဖြင့်စပြီး၊ “ဧဧ” ဖြင့်ဆုံးသည့် မြန်မာဧချင်းများကိုသွားသတိရမိသည်။ ပအိုဝ်းကလေးချော့ကဗျာများသည် ဧချင်းများနှင့်ဆင်၏။ ထို့ ကြောင့် ပအိုဝ်းကလေးချော့ကဗျာများကို “ပအိုဝ်းဧချင်း” များဟုခေါ်လိုက်ချင်ပါသည်။
            အထက်ပါကလေးချော့ကဗျာ၏မြန်မာလိုအဓိပ္ပာယါမှာ-
            “ ဦဦနှင်းရည်နဲ့တူတဲ့မေမေ့သားရယ်၊ တိတ်ပါတော့၊ မိုးပေါ်ကနေပြီးသိကြားမင်းရဲ့ သြဇာသီးကျလာတယ်လို့ အမေအိပ်မက်တယ်၊ မျောက်ဥတွေကိုလည်း သိကြားမင်းကတာဝတိံသာနတ်ပြည်ကနေ ယူဆင်းလာတယ်၊ အရသာရှိပြီးချိုမွှေးနေတဲ့ ဒီသစ်သီးတွေကိုစားရတယ် လို့ အိပ်မက်မက်တယ်၊ တိတ်ပါတော့၊ ရွှေပုခက်ပေါ်က ရှိတဲ့ကတ္ထီပါပေါ်မှာ အိပ်နေတဲ့အမေ့သားရယ်၊ အမေပုခက်လွှဲပေးနေပါတယ်၊ မိဘ ဆွေမျိုးများနဲ့ဝေးကွာနေတဲ့တောင်အထပ်ထပ်မှ ဒီလောက်ကံဆိုးတာကိုဘယ်သူမြင်မှာလဲ၊ ငိုရတမ်းတရတာတွေကိုလဲ ဘယ်သူကသိမှာလဲ၊ အမေပဲချော့နေရပါတယ်၊ ဘယ်ဆွေမျိုးတွေက သားကိုလာချီမှာလဲ၊ တောထဲမှာ သစ်ပင်ဝါးပင်တွေကထူထပ်သမို့မြို့နဲ့လုံးဝမတူဘူး၊ ခုကြား နေရတဲ့အော်မြည်သံတွေကတော့ကြွက်တွေ၊ ငှက်တွေရဲ့အော်သံပါ။ ခဏလေးတိတ်ပါဦးသားရယ် ဘာဖြစ်နေတာလဲ၊ ခဏလောက်တောင် မအောင့်နိုင်တော့ဘူးလား၊ ကျောက်ဖျာပေါ်ကနေပြီး ငိုနေတာ၊ သားကိုချော့ရတဲ့အမေ့ကိုပဲ ပင်ပန်းနွမ်းနယ်စေတယ်၊ တိတ်ပါအုံးလားသား တော်ရဲ့၊ ဟိုးအပေါ်မှာကြည့်စမ်း၊ သစ်ခွပန်းတွေသစ်ပင်ပေါ်မှာပွင့်နေကြတယ်၊ အပြာရောင်အပွင့်တွေရော၊ အဖြူရောင်အပွင့်တွေရောစုံနေ တော့တာပဲ၊ အောက်ချင်းငှက်တို့၊ ဥဒေါင်းတို့ကလဲ အော်မြည်တွန်ကျူးနေကြတယ်၊ မျောက်တွေကလဲ ပျော်လွန်းလို့ဟိုခုန်ဒီခုန်ကြလို့၊ သစ် ပင်တွေလှုပ်နေတော့တာပဲ၊ ခဏလောက်အငိုတိတ်ပြီး၊ အိပ်ပါဦးလူလေးရယ်၊ အမေ့သားရယ်၊ တိတ်ပါအုံးမေမေ့သားရဲ့။ ဦဦ။ ”
            ပအိုဝ်းကလေးချော့ကဗျာ၏အဆုံးတွင်ပါသည့် “ဦဦ” မှာမြန်မာကလေးချော့သီချင်းအစတွင်ပါသည့် “အို အေး အေး အို” နှင့်တူပါ သည်။ ကလေးအိပ်ပျော်အောင်သိပ်သည့်အသံဖြစ်ပါသည်။ တောကြီးမျက်မည်းထဲတွင် မိခင်ရောသားပါရောက်နေသည့် သားသည်မိခင်သည် အငိုသန်သောကလေးအား အငိုတိတ်စေရန်ချော့နေသောကလေးချော့သီချင်းဖြစ်၏။
            မိခင်သည်အစတွင်သိကြားမင်းချပေးလာသည့် သြဇာသီး၊ မျောက်ဥများကိုစားရသည့်အကြောင်းဖြင့် ချော့၏။ သို့သော်ကလေးအငို မတိတ်ပါ။ ထိုအခါမိမိတို့မှာမိဘဆွေမျိုးများနှင့် အလှမ်းကွာဝေးနေသဖြင့် မည်မျှပင်ဟစ်၍ငိုနေသော်လည်းလူမသိပါ။ ဤသို့ဖြင့်ကလေး၏ မိခင်သည် သနားစရာကောင်းနေ၏။
            ကလေးကအငိုမတိတ်သေး။ မိခင်သည် တောထဲတွင်ကြားနေရသည့် ကျေးငှက်တို့ဖြင့်အော်သံဖြင့်ချော့ရှာ၏။ တောထဲတွင်တွေ့ရ တတ်သောသစ်ခွပန်းများလှပပုံနှင့်ချော့၏။ သစ်ခွပန်းများရောင်စုံဖူးပွင့်လျက်ရှိနေကြပုံ၊ ဥဒေါင်းတို့အောက်ချင်းငှက်တို့တွန်ကြွေးနေကြပုံ၊ မျောက်တို့သစ်ပင်ပေါ်တွင်ပြေးလွှားဆော့ကစားနေပုံတို့ဖြင့်ပြောပြ၍ချော့ရှာ၏။ ကလေးကားအငိုမတိတ်ပါ။ မိခင်သည်သားအငိုတိတ်အောင် ချော့ရမည်မှာသူ၏တာဝန်ဖြစ်သည်။ ချော့၍မတိတ်သောအခါတောင်းပန်သံနှောသည့်အသံဖြင့်ချော့ရှာ၏။ မိခင်ကားစိတ်ရှည်လွန်းပါပေသည်။
            ဤကလေးချော့သီချင်းသည် ဟိမ၀န္တာချီးမွမ်းခန်း၏ အရေးအသားမျိုးနှင့်ဆင်သည်ဟုကျွန်တော်စဉ်းစားမိ၏။ အရေးအသားများ လည်းထိုအရေးအသားမျိုးပင်။ သို့သော်ဤကလေးချော့သီချင်းတွင်ပါသောမိခင်သည်တောအကြောင်းချည်းသက်သက်ချီးမွမ်းသည်ထက် ကလေးအငိုတိတ်ရေးသည်အဓိကဖြစ်၏။ ထို့ကြောင့်တော၏သဘာဝအလှအပတို့ကိုဖော်ထုတ်လှစ်ကျူးကာပုခက်လွှဲ၍ကလေးကိုချော့ရှာ သည်။ သို့သော်ကလေးငယ်သည် ဘာမျှနားမလည်သဖြင့် မိခင်ချော့သိပ်သမျှသည်အလကားဖြစ်ရသည်။
            ပအိုဝ်းအမျိုးသမီးများသည် ပအိုဝ်းစာဟောဆရာများကဟောပြော၍ ကြားနာမှတ်သားခဲ့ရသည့် ကလေးချော့သီချင်းများဖြင့်လည်း ကောင်း၊ မိမိတို့နှုတ်မှထွက်ပေါ်လာသည့်လက်တန်းချော့သီချင်းများဖြင့်လည်းကောင်း၊ မိမိတို့ကလေးများကိုချော့မြူနှစ်သိမ့်ကြသည်ကိုလေ့ လာတွေ့ရှိရပေသည်။
ကျေးလက်ကလေးကဗျာများ
            ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံလုပ်ငန်းကိုခင်တွယ်ကြ၏။ လူကြီးများလုပ်ငန်းခွင်သို့ဝင်သောအခါအိမ်တွင်ကျန်ရစ်နေသော ကလေးများသည်မိမိတို့အပေါင်းအသင်းများနှင့်ရွာထဲတွင်မြူးတူးပျော်ပါးဆော့ကစားကြသည်။  ဤသို့ကစားရာမှနေ၍ပအိုဝ်းရင်သွေးကလေး ငယ်များသည်ကဗျာများကိုရွတ်ဆိုကြသည်။ အချို့သောကဗျာကို သံပြိုင်ရွတ်ဆိုပြီးကစားလေ့ရှိကြသည်။ ထို့ကြောင့်ပအိုဝ်းကလေးကဗျာများ သည် ၎င်းတို့ကစားခုန်စားသန္ဓေတည်ပြီး ၎င်းတို့နှုတ်ဖျားမှမွေးဖွားပေးလိုက်သည်ဟုဆိုနိုင်ပါသည်။
            ပအိုဝ်းတိုင်းရင်းသားကလေးသူငယ်တို့ရွတ်ဆိုကြသောကလေးကဗျာအချို့ကိုလေ့လာကြည့်ကြပါအံ့။
            (ပအိုဝ်း) “ ပအိုဝ်းပိုခို၊ အောဝ်၀ိန်ကို၊
မာတွမ်ခံဖာဝပ်၊ ကဆိုင်ကွတ်
            တဲမ်းသို့တ်မမင်၊ ထိုကွန်ကိုင်
            တလွတကိုင့်မာတောင်းထာ၊
            အမိုးအွမ်ခွမ်ယန်းနမ်၊
            ပိုယန် ဟမ်-ပုတ်-တ် ”။
(မြန်မာ)  ပအိုဝ်းကလေးတစ်ယောက်ဟာ မြို့ပေါ်မှာနေပါတယ်။ သူဟာကုတ်အင်္ကျီကိုဝတ်ထားပြီး ဘွတ်ဖိနပ်ကိုလဲစီးထားတယ်။ သူ့ကုတ်အင်္ကျီမှာလည်းခဲတံထည့်ထားလိုက်သေးတော့တော်တော်ခန့်ပါတယ်။ ဒါပေမယ့်သူဟာစာရေးတဲ့အခါမှာ သတ်ပုံမမှန်တဲ့အပြင်စာ ကြောင်းဖြောင့်အောင်လဲမရေးတက်ဖူး။ ဘာမှမလုပ်ဘူး။ ပျင်းလဲပျင်း၊ ဆိုးလဲဆိုးတယ်။ ဒါကြောင့်မို့သူအမေကရွာကိုပြန်ခေါ်ပြီးပေါက်ပြားပြန် ကိုင်စေတယ်။ မြေကိုပြန်ပေါက်စေတယ်။ သူမြေပေါက်တဲ့အသံက ပုတ်-ပုတ်-မြည်သတဲ့။
ပအိုဝ်းကလေးတို့သည်မြို့ပေါ်တွင်စာသွားသင်ကြပြီး စာမကြိုးစားဘဲပေတေတေနေသောသူတစ်ယောက်၏အကြောင်းကိုလူကြီး မိဘများကပြောကြ၍ နားထောင်ဖူးလိမ့်မည်။ လူကြီးများက ၎င်းတို့အားစာမတတ်၍ဆိုးပေတေနေသောသူသည်တစ်နေ့တွင်ရွာသို့ပြန်၍မြေ ပဲပြန်ပေါက်ရသည်ဟုဆုံးမဖူးလိမ့်မည်။ စာမတတ်၍ပေတေနေသောသူ၏အကြောင်းကို သူတို့လေးတွေကြားဖူးနေရာမှနေ၍ဤကဗျာကိုရွတ် ဆိုခဲ့ဟန်တူပါသည်။
(ပအိုဝ်း) လာမိုင်းမိုင်း၊ ထိုင်းဖေဖွု၊ ဖေဖွုထုံမား၊ ရူးဖာဖြား၊ ဖာဖြားဖင်လမ်ထာ-ပူ-ပူ-။
(မြန်မာ)  လသာတဲ့ညမှာ တလင်းနယ်ကြတယ်၊ ကောက်ရိုးတွေပျောက်တော့ အဘိုးယူတယ်လို့ စွပ်စွဲတယ်။ အဘိုးက “ပု-ပု” လို့ လေလည်တယ်။
            ပအိုဝ်းကလေးတို့သည် ပြည်သူ့အချစ်တော့ဖိုးလမင်းကိုသူတို့လည်းချစ်ကြ၏။ လသာသောညတွင်သူတို့လည်းကစားကြသည်။ လသာသောညများတွင် လူကြီးများတလင်းနယ်ကြသည်ကို သူတို့တွေ့ဖူးမည်၊ ကြုံဖူးမည်။ ဤအတွေ့အကြုံမှနေ၍ ဤကဗျာကလေးသည် သူတို့၏နှုတ်ဖျားမှဖွားသန့်စင်လာခြင်းဖြစ်လိမ့်မည်။
            (ပအိုဝ်း) လာမားလာဗွေ၊ လိုဖြားဗိန်ကျောင်၊ လွေလောင်စာတီ၊ လွေအမ်ထထီ။
(မြန်မာ)  လပြည့်လကွယ်နေ့တွေမှာ သက်ကြီးရွယ်အိုတွေဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ကြတယ်၊ စေတီမှာလဲ ဆွမ်းလောင်းကြ တယ်။ ငှက်ပျောသီးတွေသွားစားရအောင်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကိုအလွန်အမင်းသက်ဝင်ယုံကြည်ကြ၏။ ဥပုသ်နေ့တွင်အလုပ်ခွင်မှ အနားယူကြသည်။ ဥပုသ်နေ့တွင် အလုပ်လုပ်ပါက မကြီးပွားဟုယူဆကြသည်။ လပြည့်လကွယ်နေ့တွင်သက်ကြီးရွယ်အိုများ ဥပုသ်စောင့်ကြ၏။ကလေးများမှာ ငယ်ရွယ်သူတို့ဘာဝပီပီ ပျော်ဖို့ရွှင်ဖို့သာစဉ်းစားကြသည်။ စိတ်ကူးကြသည်။ ငှက်ပျောသီးများစားရလေ့ရှိသည့် လပြည့်လကွယ်ဥပုသ်နေ့ များကိုသာမျှော်နေရှာကြသည်။ ကလေးများဘ၀ပင် မဟုတ်ပါလော။
(ပအိုဝ်း) ဗိုင်တူတနျာနျာ၊ ခုံရှာမည်၊ ခုံရှာတစင်ဒ္ဓိုရော်ခင်၊ စူလောင်ပနင်ခရဲ့၊ အီအိုနီမိုးစီးပိုခိုကွီအံစဉ်။
(မြန်မာ)  ခရမ်းချဉ်သီးမှည့်တွေဟာ ပါးအို့နီနီလေးတွေနဲ့၊ ခရမ်းချဉ်သီးစိမ်းကို ငရုတ်သီးနဲ့ချက်ပြီး လက်မောင်းနွဲ့နွဲ့လေးနဲ့ဟင်းကို မွှေမယ်၊ အမေရဲ့သားစားချင်တယ်။
ပအိုဝ်းကလေးတို့သည် ခရမ်းချဉ်သီးမှည့်ကို ပါးအို့နီနီလေးနှင့်ခိုင်းနှိုင်းသည်။ ငရုတ်သီးချက်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ ထမင်းအမြိန်ဆုံးဟင်းလျာတစ်မျိုးပင်ဖြစ်၏။ ငရုတ်သီးချက်ကို မုန်ညင်းပြုတ်နှင့် တွဲဖက်စားကြသည်။ ငရုတ်သီးမပါလျှင် ထမင်းမမြိန်ကြချေ။ ငရုတ်သီး၊ ပဲပုပ်သည်၎င်းတို့၏အဓိကဟင်းဖြစ်သည်။ အလုပ်ခွင်ကမောမောပန်းပန်းပြန်လာပြီးငရုတ်သီးချက်နှင့်လွေးရလျှင်စာရှုသူတို့စဉ်းစာ ကြည့်ပါ။ အဘယ်ထမင်းမမြိန်ဘဲရှိအံနည်း။ ပအိုဝ်းကလေးတို့ရွတ်ဆိုကြသောဤကဗျာတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ငရုတ်သီးကိုခုံမင် နှစ်သက်စွာစားသုံးကြကြောင်းသိနိုင်ပါသည်။
(ပအိုဝ်း) ၀ါးပင်ပျံပျံ၊ နာပျံ့လွေမိုင်၊ ပျံနောင်၊ ၀ါးပင်ပျံ၊
နာပျံလွေမိုင်၊ တွို၊ ၀မ်စမ်းရို့၊ ၀ါးပင်ပျံ၊ နာပျံလွေမိုင်၊
ပျံထာင်၊ ၀မ်စမ်းစမ်၊ ၀ါးပင်ပျံ၊ နာပျံ့လွေမိုင်၊
ပျံကွန်၊ ၀မ်စမ်းဆွမ်ဝါးပင်ပျံ၊ နာပျံလွေမိုင်၊
ပျံကီ၊ ၀င်စမ်းရွီ၊ ၀ါးပင်ပျံ၊ နာပျံလွေမိုမ်၊ ပျံလ၊ ၀မ်င။
            (မြန်မာ)  ပျံလွှားလေးရယ်၊ မင်းဘယ်ပျံမလဲ၊ တောင်အရပ်ကိုပျံမယ်၊ ပျံမယ်ပျံလွှားလေးရယ်၊ ဘယ်ပျံမလဲ၊ အနောက်ကိုပျံမယ်၊ အနောက်ကိုပျံရင် သူများရန်ပြုမှာပေါ့၊ ပျံလွှားလေးရယ်၊ ဘယ်ပျံမလဲ၊ မြောက်ကိုပျံမယ်၊ မြောက်ကိုပျံတော့ သူများဖမ်းမှာပေါ့၊ ပျံလွှားလေးရယ်၊ ဘယ်ပျံမလဲ၊ အရှေ့ကိုပျံမယ်၊ အရှေ့ကိုပျံတော့ သူများဖမ်းမှာပေါ့၊ ပျံလွှားလေးရယ်၊ ဘယ်ပျံမလဲ၊ ဘယ်ပျံမလဲ၊ အပေါ်ကိုပျံ မယ်၊ အပေါ်ကိုပျံတော့သူများမေးမှာပေါ့၊ ပျံလွှားလေးရယ်၊ ဘယ်ပျံမလဲ၊ အောက်ကိုပျံမယ်၊ အောက်ကိုပျံရင် သူများရီမှာပေါ့။
            ပျံလွှားငှက်လေးများမှာလည်း ပအိုဝ်းကလေးများနှင့်ရင်းနှီးကြသည်။ ဝေဟင်တွင် ဟိုဟိုဒီဒီပျံနိုင်လွန်းသော ပျံလွှားငှက်လေးကို ကြည့်ပြီး သူတို့ကိုယ်တိုင်မေးကာသူတို့ကိုယ်တိုင်ပြန်ဖြေထားသော ကဗျာပင်ဖြစ်၏။
            (ပအိုဝ်း) အုံတိုးတကွန်းပိုဆော့တဲ့၊ အမ်အာကာဗဲ့၊ ပိုဆိုလေ၊ အမ်အာတစေပိုစောင်းမြောင်း၊ အမ်အာခင်တောင်းပိုပလောင်းလွန်၊ အွန်ကွန်အကွန်အအေစော့၊ မဉ်ဒေါ့ထာ ဟားဟား။
            (မြန်မာ)  ဖင်ထိုင်ခုံနဲ့ ထိုင်ရင်ကလေးတောင့်တက်တယ်၊ အဆီများများစားရင် ကလေးကိုဆီရွဲတတ်တယ်၊ ငရုတ်သီးထောင်းစားရင် ကလေးဝတတ်တယ်၊ ဘောင်းဘီဝတ်ခိုင်းတော့ နောက်ဖေးသွားတယ်၊ စကားပြောချင်ပြီ ဟားဟား။
            ဤကဗျာမှာ အစ်ကိုအစ်မဖြစ်သူက မိမိတို့ညီငယ်ညီမငယ်တို့ကိုချော့သိပ့်ရင်း ရွတ်ဆိုတတ်သောကဗျာဖြစ်၏။ ခြံလုပ်ငန်းသို့အိမ် တွင်ရှိသမျှလူကြီးအကုန်သွားကြသည်။ ကလေးများမှာ အိမ်တွင်ကျန်ရစ်၏။ အကြီးဖြစ်သူက ညီငယ်ညီမငယ်အားထိန်းရင်း၊ ချော့ရင်း ဤကဗျာကိုရွတ်ဆိုတတ်ကြသည်။ ဤကဗျာတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အယူအဆကိုတွေ့ရသည်။ မိခင်ဖြစ်သူသည် ငရုပ်သီးထောင်း များများစားလျှင် ကလေးဝတတ်သည်။ ရှားစေးများများစားလျှင် ရှားစေးကဲ့သို့ ကကွေးကိုယ်ချွန်တတ်သည်။ အဆီများများစားလျှင် ကလေး ကိုယ်ဆီရွဲတတ်သည်ဟု ၎င်းတို့၏အယူအဆများကိုတွေ့ရပါသည်။ “ တန်ဆေး၊ လွန်ဘေး ” ဆိုသကဲ့သို့ မည်သည့်အစာမဆို များများစား လျှင် ဘေးဖြစ်တတ်သဖြင့် အစားအလွန်အမင်းစားတတ်သူ မိခင်တို့အား သတိပေးဆုံးမလိုက်သောကဗျာဟုဆိုနိုင်ပါသည်။
            (ပအိုဝ်း) တလီမာ၊ တခါဗွောင်၊ ဗွီရိုင်တို့၊ မောက်ကီးကရာဗြို။
            (မြန်မာ)  လေတိုက်တဲ့အခါ တံခါးပွင့်လာတယ်၊ စပါးကျီကျိုးသွားပြီး၊ မာကလာသီးပိန်သွားတယ်။
            ပအိုဝ်းကလေးတို့သည် လေတိုက်စေလိုသောအခါတွင်လည်းကောင်း၊ လေတိုက်လာသောအခါတွင်လည်းကောင်း၊ ကစားခုန်စား ပြေးလွှားရင်း ဤကဗျာကိုသံပြိုင်ရွတ်ဆိုကြ၏။ အချို့ ပအိုဝ်းကလေးများမှာ မြန်မာကလေးများကဲ့သို့ပင်စွန်လွှတ်ခြင်း၌ ၀ါသနာထုံကြသည်။ လေမတိုက်လျှင် စွန်လွှတ်ရန်အခက်တွေ့ရ၏။ ထိုအခါမျိုးဝယ် ဤကဗျာမျိုးကိုရွတ်ဆို၍ လေကိုခေါ်ကြလေသည်။
            ဤမျှလောက်ဆိုလျှင် ပအိုဝ်းကလေးများ ကဗျာ၏အနှစ်သာရကိုရိပ်မိသိရှိအကဲခတ်နိုင်ပြီထင်ပါသည်။ တင်ပြခဲ့သော ပအိုဝ်းကလေး ကဗျာများသည် ကဗျာစပ်နည်းနိသျည်းတို့ကိုလိုက်နာကာစပ်ဆိုခဲ့သည်မဟုတ်။ သူတို့နှုတ်များမှ အလိုလိုထွက်လာခြင်းဖြစ်သည်။ ကဗျာကို သီကုံးသူမှာ သူတို့ပင်ဖြစ်ပြီး ရွတ်ဆိုသူများမှာလည်းသူတို့ပင်ဖြစ်သည်။
            ပအိုဝ်းကလေးတို့ အမှတ်မထင်ရွတ်ဆိုကြသောကဗျာများမှာ မည်သူမျှမသင်ပေးကြရပါ။ ၎င်းတို့အလိုလိုတွေးခေါ်၍ရွတ်ဆိုကြခြင်း ဖြစ်၏။ သူတို့လေးတွေအမှတ်မထင်ရွတ်ဆိုလိုက်သောကဗျာများတွင် ဤအကြောင်းများပါလေအောင် ရွတ်ဆိုရမည်ဟူသော ရည်ရွယ်ချက် မျိုးရှိဟန်မတူပေ။ သူတို့လေးတွေရွတ်ဆိုကြသောကဗျာများတွင် ကာရန်ပါသည်ကိုလည်းသိကြမည်မဟုတ်ပေ။ လူကြီးများကလည်းသတိ ထားမိသူရှိမည်မထင်ပါ။ သူတို့ရွတ်ဆိုကြသောကဗျာများတွင် ကာရန်ပါကြောင်းတင်ပြချင်ပါသည်။
            အောက်ပါကဗျာနှစ်ပုဒ်မှနေ၍ ကာရန်များကိုထုတ်နှုတ်ပြပါအံ့။ ပအိုဝ်းဘာသာစကားဖြင့်ရေးသားထားသော်လည်း ပအိုဝ်းစာနှင့်မနီး စပ်ဘဲ ပအိုဝ်းသံနှင့်နီးစပ်အောင်မြန်မာအသံ၊ မြန်မာသတ်ပုံဖြင့်ဖလှယ်၍ ကြိုးစားရေးထားပါသည်။
            (၁)        တ လီ မာ၊ တ ခါ ဗွောင်
                        တရိုင် တို့၊ မောက်ကီးကာရာဗြို။
            ဤကဗျာတွင် မာ၊ ခါ၊ ဗွောင်၊ ရောင်၊ တို့၊ ဗြို တို့မှာ အသံတူများပင်ဖြစ်ပါသည်။ ပအိုဝ်းစာဖြင့်ရေးပါက အသံတူကာရန်တူများပင် ဖြစ်ပါသည်။
            (၂)        အုံတိုးတကွမ်းပိုဆော့တဲ့၊ အမ်အာထာဗဲ့ ပိုဆိုလေ၊ အမ် အာတစေ ပိုစောင်းမြောင်း၊ အမ်အာခန် တောင်း၊ ပလောင် လွန်၊ အွမ် ကွန် အကွန်အအေ စော့၊ မန် ဒေါ့ ထာ ဟားဟား။
            ဤကဗျာတွင်လည်း တဲ့၊ ဗဲ့၊ လေ၊ စေ၊ မြောင်း၊ ထောင်း၊ လွန်၊ ကွန်၊ စော့၊ ဒေါ့ တို့မှာ အသံတူကာရန်များပင်ဖြစ်ကြပါသည်။
            ဤကဗျာနှစ်ပုဒ်ကို လေ့လာလျှင်ပင် ပအိုဝ်းကလေးတို့ရွတ်ဆိုကြသော ကဗျာများတွင် ကာရန်ပါကြောင်းသိရှိနိုင်ပေသည်။ အခြား ကဗျာများတွင်လည်းထို့နည်းတူပင် ကာရန်ပါ၏။ သို့သော် သတိမထားမိလျှင်မူ သိမည်မဟုတ်ချေ။
            ပအိုဝ်းကလေးကဗျာများကို လေ့လာကြည့်လျှင် ကဗျာထဲတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံကိုလည်းတွေ့ရ၏။ သိရ၏။ သူတို့လေးတွေ၏ ကဗျာကိုဖတ်ရင်းရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ဖြစ်ရ၏။ ပျော်ရွှင်ဖွယ်ရာကောင်း၏။ ရွတ်ဆိုရာ၌အသံသာ၏။ ပအိုဝ်း စကားတတ်လျှင်မူ ပအိုဝ်းကလေးကဗျာ၏ အရသာကိုပို၍ခံစားနိုင်ပေသည်။ နှုတ်ဖျားတွင်လည်းစွဲနေပေလိမ့်မည်။ ထို့ပြင်ပအိုဝ်းကလေး ကဗျာများသည် ပအိုဝ်းသရုပ်ကိုဆောင်၏။ ပအိုဝ်းပတ်ဝန်းကျင်ကိုလည်းလှစ်ပြ၏။
            ပအိုဝ်းကလေးတို့သည် သူတို့အချင်းချင်းကစားခုန်စားရာမှ ကဗျာများကိုရွတ်ဆိုကြသည်။ ရွတ်ဆိုရာတွင်လည်း စုပေါင်းပြီးညီညီ ညာညာရွတ်ဆိုကြသည်ကိုတွေ့ရ၏။ ထို့ကြောင့်ပအိုဝ်းကလေးကဗျာများသည်စည်းလုံးမှုသရုပ်ကိုလည်းဆောင်သည်ဟုဆိုနိုင်ပေသည်။ ပအိုဝ်းကလေးကဗျာ၏ဖွားသန့်စင်ရာကား ပအိုဝ်းကလေးတို့၏ ရင်ထဲမှနှုတ်ဖျားမှဖြစ်လေသည်။ ပအိုဝ်းကဗျာအကြောင်းကိုလူသိနည်းနေပေ သည်။ တိမ်မြုပ်လျက်ရှိနေပေသေးသည်။ ပအိုဝ်းကလေးကဗျာများသည်ကား နွံနစ်နေသောပတ္တမြားပင်တည်း။
            ပအိုဝ်းကလေးတို့၏ တေးသံများသည် ပအိုဝ်းကျေးရွာများတွင် ပျံ့လွင့်လျက်ရှိပါသေးသည်။ တောင်ယာ၊ ခြံလုပ်ငန်းများတွင်လည်း ပျံလွင့်လျက်ရှိနေသေး၏။ သို့သော်သူတို့အထဲတွင်သရုပ်ပျက်တေးသီချင်းများ ပျံ့နှံဝင်ရောက်လာပါကသူတို့ရိုးရာတေးသံများကိုမေ့ပျောက် ကုန်မည်စိုးရပါသည်။ ကာလကြာလျှင် ပအိုဝ်းကလေးကဗျာများ တိမ်ကောသွားမည်ကိုစိုးရိမ်မိသည်။
            ပအိုဝ်းကျေးလက်ကလေးကဗျာများကို လေ့လာဖော်ထုတ်ကြရန်လိုအပ်ပါသည်။ ထိန်းသိမ်းမြှင့်တင်ကြရန်လိုပါသည်။ ဤတာဝန် ကိုခေတ်ပညာတတ် ပအိုဝ်းတိုင်းရင်းသားလူငယ်များကမလွဲမသွေတာဝန်ယူထမ်းဆောင်ကြရပေလိမ့်မည်။
စုပေါင်းလုပ်ဆောင်ခြင်း
            တိုင်းရင်းသားလူမျိုးအသီးသီးတွင် ချစ်စရာကောင်းသောဓလေ့များအသီးသီးရှိကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်းချစ်စရာ ကောင်းသောဓလေ့များရှိကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ ချစ်စရာကောင်းသောဓလေ့တစ်ခုမှာစုပေါင်းလုပ်ဆောင်ခြင်းဓလေ့ပင်ဖြစ်သည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် အများနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ တစ်ဦးချင်းသို့မဟုတ် အိမ်ထောင်စုတစ်ခုချင်းနှင့်သက်ဆိုင် သော လုပ်ငန်းများတွင်ရွာသားအားလုံးမခိုမကပ်တစ်ယောက်တစ်လက်ဝိုင်းဝန်းကူညီလုပ်ဆောင်ကြသည်။ ဤသို့စုပေါင်း၍ ကူညီလုပ်ဆောင် သော ဓလေ့ကိုပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာတိုင်း၌တွေ့နိုင်ပေသည်။
            ရွာထဲ၌အချိန်မီ မပြီးစီးသောသူတစ်ဦးတစ်ယောက်၏လယ်ယာလုပ်ငန်းကို ရွာသားအားလုံးတို့က လုပ်အားခမယူဘဲထိုမိသားစုနှင့် အတူဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသည်။ ပျိုးနုတ်၊ ကောက်စိုက်၊ ကောက်ရိတ်၊ ကောက်သိမ်းစသည့်လယ်ယာလုပ်ငန်းများကိုလည်း ၀ိုင်းဝန်းလုပ်ဆောင်ပေးကြသည်။ ခြံလုပ်ငန်းများကိုလည်း ကူညီလုပ်ဆောငပေးကြသည်။ လုပ်ငန်းရှင်ကလည်းကူညီသူများကိုထမင်းကျွေး ခြင်း၊ ခေါင်ရည်တိုက်ခြင်းဖြင့်တုံ့ပြန်ကြလေသည်။ အိုးသစ်အိမ်သစ်ဆောက်လျှင်လည်း သစ်ဝါးရှိသူက မရှိသူအားတတ်နိုင်သမျှ ပေးကမ်းကူ ညီကြသည်။ လိုအပ်သောသစ်ဝါးများကိုလည်းဆောက်လုပ်သည့် နေရာအရောက်ဝိုင်းဝန်းသယ်ဆောင်ပေးကြသည်။ ဤသို့ပအိုဝ်းတိုင်းရင်း သားတို့ အပြန်အလှန်ဝိုင်းဝန်းကူညီကြသည့် ဓလေ့ကိုပအိုဝ်းတိုင်းရင်းသားတို့က “ မာပဒေါ့ ” ဟုခေါ်၏။
            “ မာပဒေါ့ ” မှာ အပြန်အလှန်ကူညီခြင်းဟု အဓိပ္ပာယ်ရသည်။ “ မာပဒေါ့ ” သည်တစ်ဦးတစ်ယောက်တည်းမနိုင်မနင်းသဖြင့် အများ ကူညီမှုကိုယူကာ အပြန်အလှန်ကူညီသည့်စနစ်ပင်ဖြစ်သည်။ ထင်းခွေခြင်း၊ ရေခပ်ခြင်း၊ ခြံပေါက်ခြင်း၊ လယ်ထွန်ခြင်း စသည့်လုပ်ငန်းများမှာ ကိုယ့်မိသားစုနှင့်လုံလောက်သဖြင့် မကူညီသော်လည်း ပြီးနိုင်လေသည်။ အချို့ကျေးရွာများ၌ ခြံပေါက်ခြင်း၊ ခြံရှင်းခြင်းလုပ်ငန်းကိုလည်း ၀ိုင်း ၀န်းကူညီလုပ်ဆောင်ကြသည်။
            ရပ်ရေးရွာရေး၊ သာရေးနာရေး ကိစ္စများတွင်လည်းစုပေါင်းလုပ်ဆောင်ကြ၏။ သာရေးနှင့်ပတ်သက်၍အများက၀ိုင်းဝန်းလုပ်ဆောင်ကြ သည့် လုပ်ငန်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ စက ” ဟုခေါ်သည်။ “ စက ” တွင်ရွာသူရွာသားတို့၏ငွေကြေးဖြင့်ရပ်ရွာကိစ္စ၊ ဒါနပြုခြင်းတို့ ပါဝင်လေသည်။ “ စက ” ခေါ် စုပေါင်းလုပ်ဆောင်ခြင်းကိုဝါတွင်းသုံးလတွင်အများဆုံးတွေ့ရ၏။
            ဤသို့ ပအိုဝ်းတိုင်းရင်းသားတို့၏ စုပေါင်းလုပ်ဆောင်ခြင်းဓလေ့မှရရှိသော အကျိုးကျေးဇူးများမှာ တန်ဖိုးမဖြတ်နိုင်ပေ။ စုပေါင်းလုပ် ဆောင်ခြင်းအားဖြင့် လူမှုအဖွဲ့အစည်းတွင် အချင်းချင်းချစ်ခင်နားလည်လာခြင်း၊ စရိတ်စကသက်သာစေခြင်း၊ စုပေါင်းလုပ်ဆောင်သည် မည်သည့်ကိစ္စမျိုးမဆို ပြီးစီးအောင်မြင်နိုင်ခြင်း စသောအကျိုးကျေးဇူးများကိုရရှိစေသည်။
            ပအိုဝ်းတိုင်းရင်းသားတို့၏ စုပေါင်းလုပ်ဆောင်မှုများတွင် ရေသာခိုခြင်းမရှိပေ။ လူမှုရေးအသိစိတ်ဓာတ်ဖြင့်လုပ်ဆောင်ပေးကြ၏။ ကူညီကြ၏။ အကယ်၍တစ်စုံတစ်ယောက်သောသူသည် စုပေါင်းလုပ်ဆောင်မှု၌ရေသာခို အချောင်နေလိုစိတ်ရှိပါက ထိုသူအားစိတ်ထားမ ကောင်းသူဟုသတ်မှတ်ပြီး အများကထိုသူကိုဆက်ဆံမှုနည်းလာသည်။ တစ်ကြိမ်မက ကြိမ်ဖန်များစွာရှောင်နေပါက ထိုသူကိုမဆက်ဆံကြ တော့ပေ။ သို့သော်စုပေါင်းလုပ်ဆောင်မှုတွင် ရေသာခိုသူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ စုပေါင်းလုပ်ဆောင် ခြင်း ဓလေ့သည်ထိုသူတို့၏ဂုဏ်ကိုမြှင့်တင်ပေးနေသည်နှင့်ပင်တူပေသည်။
Tags:
ပအိုဝ်းခမ်း
ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။